Helsinki မြို့ဟာ ဖင်လန်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ဖင်လန်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ မြို့တမြို့ပါ။ Aurelie နဲ့ Marco ဆိုတဲ့ စုံတွဲဟာ ဖင်လန်နိုင်ငံရဲ့ မြို့တော် Helsinki ကနေ စင်ကာပူအထိ စက်ဘီး စီးခဲ့ကြတဲ့ စုံတွဲပါပဲ။ သူတို့ နှစ်ယောက်ဟာ အသက် ၃၆ အရွယ်သာ ရှိကြသေးပြီး လက်ထပ်ထားတဲ့ စုံတွဲ ဖြစ်ပါတယ်။
Aurelie ဟာ ပြင်သစ်လူမျိုးတယောက်ဖြစ်ပြီး သူမရဲ့ခင်ပွန်း Marco ကတော့ အင်္ဂလိပ် – အီတလီ နှစ်မျိုး ပေါင်းထားပါတယ်။ သူတို့ နှစ်ယောက်ဟာ စိတ်ချင်း တူညီကြသူတွေဖြစ်ပြီး စိတ်ကူးတခုကို အကောင်အထည်ဖော်ခဲ့ကြပါတယ်။ အဲဒီစိတ်ကူးကတော့ နှစ်ယာက်အတူ စက်ဘီး ၂ စီးနဲ့ ကမ္ဘာပတ်ဖို့ပါ။ အဲဒီနောက်မှာတော့ ဖင်လန်နိုင်ငံရဲ့ မြို့တော် Helsinki ကနေ စင်ကာပူအထိ စက်ဘီးစီးပြီးသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာတော့ သူတို့ နှစ်ယောက်ဟာ ထိုင်းနိုင်ငံက ချင်းမိုင်မြို့တော်ကို ရောက်ရှိခဲ့ပြီး တပတ်ကြာမျှ နေထိုင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ မလေးကျွန်းဆွယ်ကနေ စင်ကာပူနိုင်ငံကို သွားရောက်ခဲ့ကြပါတယ်။
သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ကို “၄၂၁ ခရီးစဉ်” လို့ နာမည်ပေးထားပါတယ်။ “၄၂၁ ခရီးစဉ်” ရဲ့ အဓိပ္ပါယ် ကတော့ “ဘီး ၄ ဘီး ၊ အသည်းနှလုံး ၂ ခု နဲ့ ကမ္ဘာ ၁ ခု” ပါ။
သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ကိုတော့ ၂၀၁၈ ခုနှစ်၊ ဧပြီလကနေ စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ် မတ်လမှာ ပြီးဆုံးမယ်လို့ မျှော်လင့်ထားပါတယ်။ နိုင်ငံအသီးသီးကို ဖြတ်ကျော်လာခဲ့ရတဲ့အတွက်လည်း မတူညီတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား အမျိုးမျိုးကို ကြုံတွေ့ခဲ့ကြပါတယ်။
သူတို့ နှစ်ယောက်ဟာ မြန်မာနိုင်ငံကိုလည်း စက်ဘီးစီးပြီး ဖြတ်ကျော်သွားခဲ့ပြီးပါပြီ။ သူတို့ နှစ်ယောက်ဟာ နိုင်ငံပေါင်း ၂၆ နိုင်ငံလောက်ကို စက်ဘီးစီးသွားရဖို့ ရှိနေပါတယ်။ လောလောဆယ်မှာတော့ သူတို့ နှစ်ယောက် စက်ဘီးအတူ စီးခဲ့ကြတဲ့မြို့တွေကတော့ ဖင်လန်၊ ရုရှား၊ ပိုလန်၊ ဘူလ်ဂေးရီးယား၊ တူရကီ၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ နီပေါ၊ မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့ပါပဲ။
အောက်တိုဘာ ၃၁ နေ့မှာတော့ သူတို့ နှစ်ယောက်ဟာ လာအိုနိုင်ငံမြောက်ပိုင်းက မြို့တမြို့ဖြစ်တဲ့ Muang Ngeun မြို့မှာ ရှိနေခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ ခရီးစဉ်ကို စိတ်ဝင်စားသူတွေအနေနဲ့ Facebook, Instagram နဲ့ Youtube တို့မှာ @421adventure ဆိုပြီး ရှာဖွေနိုင်ပါတယ်။
Ref:thethaiger
You may also like these stories:
ဖင်လန်နိုင်ငံကို ရောက်နေပြီဖြစ်တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက်
မွန်ဂိုလီးယားကို ရောက်ရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံက ဆိုင်ကယ်သမား နှစ်ယောက်ရဲ့ ခရီးစဉ်
ဧဝရက်တောင်ကို စံချိန်တင် အတူတက်ခဲ့ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံက အမျိုးသမီး ၃ ယောက်