လူငယ်လူရွယ်တွေအကြား ခေတ်စားနေတဲ့ အီး-စီးကရက် (E-cigarette) တွေကို အိန္ဒိယနိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး ရောင်းချခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်ပြည်နယ်မှာ အီး-စီးကရက် သောက်သုံးမှုနဲ့ ဆက်နွယ်နေတဲ့ လူသေဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် အနံ့အရသာ ထည့်သွင်းထားတဲ့ အီး-စီးကရက်တွေကို ရောင်းချခွင့် ပိတ်ပင်ခဲ့ပြီး နောက်တရက်မှာပဲ အိန္ဒိယအစိုးရက အလားတူ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အီး-စီးကရက် သောက်သုံးမှုဟာ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်သုံးမှုလောက် ဘေးမဖြစ်နိုင်ကြောင်း အသိပေးကြော်ငြာလေ့ရှိပေမယ့် အီး-စီးကရက်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေအပေါ် တကမ္ဘာလုံး စိုးရိမ်စိတ်မြင့်တက်လျက် ရှိပါတယ်။ အခုဆို ဘရာဇီးနဲ့ ထိုင်းနိုင်ငံတို့မှာလည်း အီး-စီးကရက် ထုတ်ကုန်တွေကို ပိတ်ပင်တားမြစ်ထားပြီး ဖြစ်ပါတယ်။
“ဒီနည်းပညာသစ်ထုတ်ကုန်တွေက အပြင်ပန်းဆွဲဆောင်မှုရှိသလို အနံ့အရသာမျိုးစုံနဲ့ လာတာကြောင့် အသုံးပြုမှု တရှိန်ထိုး မြင့်တက်လာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုသူပမာဏ တော်တော်လေးမြင့်တက်လာပါတယ်။ အထူးသဖြင့် လူငယ်တွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကြားမှာ အီး-စီးကရက် သောက်သုံးမှုက တွင်ကျယ်နေပါတယ်”လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီအမိန့်ကြောင့် ဒီတပတ်ကစပြီး အိန္ဒိယနိုင်ငံမှာ အီး-စီးကရက် တင်သွင်းရောင်းချမှု၊ ကြော်ငြာမှု၊ ထုတ်လုပ်မှုတွေ လုံးဝ ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။ ပထမတကြိမ် ချိုးဖောက်သူတွေအနေနဲ့ ထောင်ဒဏ်တနှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၁,၄၀၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ထပ်မံချိုးဖောက်ပါက ထောင်ဒဏ် သုံးနှစ်နဲ့ ဒဏ်ကြေး ဒေါ်လာ ၇,၀၀၀ အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဥပဒေအရ အီး-စီးကရက် သောက်သုံးမှုကို တားမြစ်ထားခြင်းမရှိပေမယ့် တင်သွင်းရောင်းချခွင့်မရှိတော့တာကြောင့် သောက်သုံးဖို့ ခဲယဉ်းသွားမှာပါ။
အီး-စီးကရက်တွေကို တားမြစ်လိုက်ပေမယ့် ဆေးရွက်ကြီးနဲ့ ရိုးရိုးဆေးလိပ် သောက်သုံးမှုကိုတော့ အိန္ဒိယမှာ တရားဝင်ခွင့်ပြုထားဆဲ ဖြစ်ပါတယ်။ ဆေးလိပ်တွေကို အခွန်နှုန်းမြင့်မားစွာ ကောက်ခံပေမယ့် အိန္ဒိယမှ အရွယ်ရောက်ပြီးသား ဆေးလိပ် သောက်သုံးသူအရေအတွက်က ၁၀၆ သန်းအထိ ရှိနေပါတယ်။
တရုတ်နိုင်ငံပြီးရင် အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဆေးလိပ်သောက်သုံးမှု ဒုတိယအများဆုံး နိုင်ငံပါ။ ဒီအချက်ကြောင့် အမေရိကန်အခြေစိုက် Juul အပါအဝင် အီး-စီးကရက် ထုတ်တဲ့ ကုမ္ပဏီတွေဟာ အိန္ဒိယကို ဝင်ဖို့ ကြိုးစားလျက် ရှိပါတယ်။ Juul ဆို လွန်ခဲ့တဲ့လပိုင်းကတင် အိန္ဒိယမှာ အီး-စီးကရက် စတင်ရောင်းချဖို့အတွက် အမှုဆောင်အရာရှိတွေပါ ခေါ်ယူခန့်ထားပြီးဖြစ်ပါတယ်။
အီး-စီးကရက် ထောက်ခံသူတွေအနေနဲ့ ဒီအမိန့်ကို ပြင်ဆင်ပေးဖို့ တရားရုံးကနေ စောဒတက်လာနိုင်ကြောင်းလည်း အိန္ဒိယအစိုးရက ခန့်မှန်းထားပြီး ဖြစ်ပါတယ်။ ဒီအတွက် ပြန်လည်ရင်ဆိုင်ဖို့လည်း အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောကြားခဲ့ပါတယ်။
အီး-စီးကရက် သောက်သုံးမှုဟာ သာမန် စီးကရက်၊ ဆေးလိပ် သောက်သုံးမှုထက် အန္တရာယ်ပိုနည်းကြောင်း သုတေသန ပညာရှင်အချို့က ပြောကြားထားကြပါတယ်။ ဒါပေမယ့် အီး-စီးကရက်ကနေ ရလာနိုင်တဲ့ အန္တရာယ် အလုံးစုံကိုလည်း အခုအချိန်ထိ မသိရသေးဘူး ဖြစ်ပါတယ်။
Ref: Reuters, The Verge, Guardian
You may also like these stories:
အီး-စီးကရက် ရောင်းချမှုကို တရားဝင် ပိတ်ပင်တော့မယ့် ဆန်ဖရန်စစ္စကို
အိမ်အတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်တော့မယ့် ထိုင်းနိုင်ငံ