Trend

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကမ္ဘာ့အဆင့်ပြင်ဆင်မှုတွေ ပြုလုပ်ထားတဲ့ ကနေဒါစစ်တပ်

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကို ကာကွယ်ဖို့ တပ်မတော်သားတွေကို “ကပ်ရောဂါ မတိုင်မီ စီမံကိန်းရေးခြင်းတာဝန်”အထိ တိုးမြှင့်ချထားဖို့ ပြင်ဆင်ထားတယ်လို့ ကနေဒါနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

ကနေဒါနိုင်ငံက တပ်မတော်အားလုံးကို ကပ်ရောဂါ ပြင်ဆင်ရေးအတွက် အသင့်ရှိနေဖို့ အမိန့်ချထားပြီး တပ်အတွင်းနဲ့ ကနေဒါတနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါ ပျံ့နှံ့မှုတွေကို ကာကွယ်ရန် ပြင်ဆင်ထားပြီး မတ်လ ၄ ရက်နေ့က တရားဝင် အမိန့်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ကနေဒါနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့  Jonathan Vance က “တပ်များအတွင်း ကာကွယ်မှုတွေရော ပြည်သူများအတွက် ကာကွယ်မှုတွေကိုပါ အပြည့်အဝ လုပ်ဆောင်သွားမှာပါ။ တပ်အတွင်းမှာ တာဝန်တွေ ခွဲထားတယ်။ တဖွဲ့က ပုံမှန်လုပ်ဆောင်နေကျ နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို လုပ်ဆောင်နေမယ်။ နောက်တဖွဲ့ကတော့ ကပ်ရောဂါ ကာကွယ်ရေးအတွက် ပြင်ဆင်ပြီး နိုင်ငံသားတွေကို ကာကွယ်ဖို့ပြုလုပ်ရမှာ ဖြစ်တယ်”လို့ သတင်းထောက်များကို ပြောခဲ့ပါတယ်။

တပ်သားတွေဟာ ရောဂါဖြစ်ပွားတဲ့ နေရာကို သွားရောက်ပြီး လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ပေးရမှာ ဖြစ်ပြီး အရာရှိတွေအနေနဲ့လည်း လိုအပ်ရင် လိုအပ်သလို ခရီးတွေ ထွက်ပြီး စောင့်ရှောက်ရေးတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကနေဒါနိုင်ငံရဲ့ ဆေးတပ်ဖွဲ့ဝင်တွေဟာ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံသားများအား ကြိုဖို့ စေလွှတ်ထားတယ်လို့ သိရပါတယ်။

တပ်မတော်အတွင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မှူးများရဲ့ ခွင့်ရက်ရှည်တွေကို ပေးသင့်၊ မပေးသင့် အကဲဖြတ်မှုတွေ ပြုလုပ်နေပြီး တပ်သားများ ယူခွင့်ရမယ့် ခွင့်ရက်ရှည်များကိုလည်း နောက်ဆုတ်ဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တပ်မှူးများအနေနဲ့လည်း ကာကွယ်ရေးကိစ္စများ အဆင်သင့်ဖြစ်နေဖို့ အစည်းအဝေးတွေ ပြုလုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းမှာ စပြီး ပျံ့နှံ့လာတဲ့ Covid-19 ဟာ တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့ပြီး အခုအချိန်မှာတော့ တကမ္ဘာလုံးနီးပါးကို ပျံ့နှံ့နေတာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံမှာ မတ်လ ၄ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၃၀ ကျော်ရှိတယ်လို့ အတည်ပြုထားပါတယ်။

ကနေဒါနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သူ Justin Trudeau ကလည်း ကနေဒါနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကော်မတီများဖွဲ့ထားပြီး ဆောင်ရွက်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Ref. globalnews.ca

You may also like these stories:

Loading