Trend

လင်းနို့၊ သင်းခွေချပ်နဲ့ ကိုဗစ်-၁၉

ကိုဗစ် – ၁၉ (COVID-19) ရောဂါပိုး စတင်ပျံ့နှံ့ချိန်ကစပြီး ဒီရောဂါပိုးဟာ လင်းနို့က ကူးစက်တယ်ဆိုပြီး သုတေသနပြုသူတွေက ပြောဆိုခဲ့သလို ကမ္ဘာ့ထိပ်တန်း ကျန်းမာရေး ပညာရှင်တွေကလည်း ထောက်ခံ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က နာမည်ကြီး သားရိုင်းတိရိစ္ဆာန်ရောင်းတဲ့ ဈေးကြီးမှာ ဖမ်းပြီး သိုလှောင်ပြီး ရောင်းချတဲ့ လင်းနို့တွေဆီကတဆင့် ကူးတာလို့ သတင်းတွေက ရေးသားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ လင်းနို့ငှက်တွေအပြင် သင်းခွေချပ်တွေဆီမှာလည်း Coronavirus ကိုရိုနာဗိုင်းရပ်စ် ရှိကြောင်း သုတေသနလုပ်သူတွေက ပြောဆိုကြောင်း National Geographic မဂ္ဂဇင်းကြီးမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လင်းနို့ကတဆင့် သင်းခွေချပ်ကိုကူးပြီး လူတွေဆီကို ကူးသလားလို့ သုတေသနလုပ်သူတွေက မှတ်တမ်းပြုစုနေကြပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့က အသားဈေးမှာ အသားငါးတွေကို ရောင်းသလို အသက်ရှင်လျက်ရှိတဲ့ ခွေး၊ ကြောင်၊ မြွေ၊ ကြောင်ကတိုး၊ တောကြောင် စတဲ့ အိမ်မွေး တိရစ္ဆာန်တွေ၊ တောရိုင်း တိရစ္ဆာန်တွေကိုလည်း ရောင်းချတာ ဖြစ်ပါတယ်။ ဒီဈေးကြီးကနေ ကိုဗစ်-၁၉ စတင်ကူးစက်တာလို့ ယုံကြည်တဲ့အတွက် အရင်က ဝူဟန်ဗိုင်းရပ်စ်လို့ ခေါ်ဝေါ်ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်လူမျိုးတွေဟာ ဒီလို သားရိုင်းတိရစ္ဆာန်တွေရဲ့ အသားတွေ၊ သူတို့ရဲ့ အင်္ဂါအစိတ်အပိုင်းတွေကို စားသောက်ရင်၊ ဆေးစိမ်ရင်၊ ကျန်းမာရေးအတွက် ကောင်းတယ်၊ အသက်ရှည်တယ်၊ ယောက်ကျားတွေအတွက် ဆိုရင်လည်း နိုပျိုဆေး၊ ဒါမှမဟုတ် သန်စွမ်းတဲ့ ဆေးတွေလို့ ရှေးရိုးအစဉ်အလာက ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

ပုရွက်ဆိတ်နဲ့ ခြကိုစားတဲ့ သင်းခွေချပ်ဟာလည်း တရုတ်နိုင်ငံမှာ တရားဝင် ရောင်းချခွင့် မရှိပေမယ့် မှောင်ခိုဈေးကွက်မှာတော့ အကြီးအကျယ် တင်ပို့ရောင်းချနေခဲ့တာ ဖြစ်ပါတယ်။ သင်းခွေချပ်ကို တရုတ်နိုင်ငံ အပါအဝင် အာရှနိုင်ငံတွေမှာရော တောင်အာဖရိက နိုင်ငံတွေမှာပါ တိုင်းရင်းရိုးရာဆေး အဖြစ် သုံးစွဲကြတာ ဖြစ်ပါတယ်။ သင်းခွေချပ်ရဲ့ အကြေးခွံတွေနဲ့ သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ဆေးဖက်ဝင်တယ်လို့ ရှေးကတည်းက ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံမှာလည်း သင်းခွေချပ်ဈေးကွက်ဟာ အတော်ကို ကျယ်ပြန့်ပါတယ်။ ဒါကြောင့် အစိုးရက သင်းခွေချပ် ရောင်းဝယ် ကူးသန်းသူတွေကို ဖမ်းဆီးထောင်ချသလို ငွေဒဏ်လည်း ရိုက်ပါတယ်။ ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် ၁၅ နှစ်ကနေ ငွေဒဏ် ဒေါ်လာ ၆ သိန်းကျော်အထိ ချမှတ်ထားပါတယ်။

မလေးရှားမှာတော့ သင်းခွေချပ် အကြေးခွံ ၆ တန်ကို ဒီတပါတ်အတွင်း ရဲတွေက ဖမ်းဆီးမိခဲ့ပါတယ်။ ဒီလုပ်ငန်းတွေကို လုပ်ကိုင်သူတွေဟာ မာဖီးယားဂိုဏ်း အစုအဖွဲ့ပုံစံနဲ့ လှုပ်ရှားကုန်ကူးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကြောင့် ဒီလို သားရိုင်း တိရစ္ဆာန်တွေကို တရားမဝင် ကူးသန်းရောင်းဝယ် တင်ပို့နေတာတွေကို လုံးဝ ရပ်တန့်ဖို့ ဖိအားပေးမှုတွေ၊ ရေးသားဖော်ပြမှုတွေ ရှိနေပြီဖြစ်ပါတယ်။

You may also like these stories:

အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ

UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ

COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း

Loading