သတင်း

သံတွဲ၌ တည်ငြိမ်နေသော်လည်း အဖမ်းအဆီးများရှိ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် သံတွဲမြို့၌ ယနေ့တွင် အခြေအနေ တည်ငြိမ်နေပြီ ဖြစ်ကြောင်းနှင့် အဖမ်းအဆီးများ ရှိကြောင်း သိရသည်။

“တရားဥပဒေ စိုးမိုးရေးအတွက် အထူးအလေးထား လုပ်ဆောင်နေပါတယ်၊ မြို့ပေါ်ရော ကျေးရွာတွေပါ စစ်တပ်ရော၊ သံတွဲဒေသမှာ ရှိတဲ့ ရဲတပ်ဖွဲ့တွေက လုံခြုံရေးယူထားပြီး တည်ငြိမ်အေးချမ်းဖို့ ဆောင်ရွက်နေကြပါတယ်”ဟု သံတွဲမြို့နယ် ရဲ တပ်ဖွဲ့မှ ရဲအရာရှိ တဦးက ဧရာဝတီ ကို ပြောသည်။

တည်ငြိမ်အေးချမ်းမှုအတွက် လုံခြုံရေးများ ဆောင်ရွက်နေသကဲ့သို့ အဖမ်းအဆီးများလည်း လုပ်ဆောင် နေကြောင်း၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ သံတွဲမြို့နယ် ဥက္ကဋ္ဌ ဦးမောင်ပု အပါအဝင် တခြားလူ ၅ ဦးကို ယမန်နေ့ ည ၁၀ နာရီကျော်က လာရောက် ဖမ်းဆီးသွားကြောင်းပါတီ၏ ဗဟိုသို့ အကြောင်းကြားလာကြောင်း RNDP ပါတီ၏ ပြောခွင့် ရ သူ ဦးခိုင်ပြည်စိုး က ဧရာဝတီ ကို ပြောသည်။

“ဦးမောင်ပု ကို ပြောစရာရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်က လာခေါ်သွားတယ်၊ သူတို့တို ဘာကြောင့်ဖမ်းတယ်၊ ဘယ် မှာ ဖမ်းထားတယ်ဆိုတာကို ခရိုင်ရဲမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေ ဆီကို ဖုန်းဆက်မေးပေမယ့် သူတို့ မသိဘူးလို့ ပြောပါတယ်၊ ၂၄ နာရီ အတွင်းမှာ တစုံတခု သတင်းမရ ရင်တော့ ကျနော်တို့က ဥပဒေအရ ဆောင်ရွက်စရာ ရှိတာ လုပ်ဆောင် သွားဖို့ရှိပါ တယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများတွင် ဦးမောင်ပု၊ မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးမှ တာဝန်ရှိသူ ၂ ဦး၊ မြို့ခံ ၃ ဦး စသည် ဖြင့် စုစုပေါင်း ၆ ဦး ဖမ်းဆီး ခံထားရကြောင်း၊ ဖမ်းဆီးသူများသည် သံတွဲဒေသတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ သံသယ ဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဦးခိုင်ပြည်စိုးက ပြောသည်။

ထိုဖမ်းဆီးမှုနှင့်ပတ်သက်၍ မေးမြန်းရန် သက်ဆိုင်ရာ ရဲစခန်းများသို့ ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

သံတွဲမြို့ နှင့် ကျေးရွာတချို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ပြီး၊ သေဆုံးသူ စုစုပေါင်း ၅ ဦး သေဆုံးခဲ့သည်။ သေဆုံးသူများသည် တောင်ပေါ် သပြုချိုင် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ အတွင်း သေဆုံးသူ များဟု သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ခဲ့သော ပဋိပက္ခများသည် သံတွဲမြို့ပေါ်ရှိ ရပ်ကွက်တချို့နှင့် ပေါက်တော၊ ရွှေလှေ၊ သပြုချိုင် စသည့်ကျေးရွာများ၌ မီးရှှို့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်အစိုးရ အဖွဲ့မှ သက်ဆိုင်ရာ ဝန်ကြီးများလည်း သံတွဲသို့ သွားရောက် ကြီးကြပ်နေကြောင်း၊ ယမန်နေ့ကလည်း ကာ ကွယ်ရေး ဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး လှမင်းနှင့် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက နေအိမ် မီးလောင်ကျွမ်း ခံရ သည့် ဒုက္ခသည်များအတွက် စားရေရိက္ခာများကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ နေထိုင်ရေး ကိစ္စများကိုလည်း ပြည်နယ် အစိုးရ က ဆောင်ရွက်ပေးသွားမည်ဟု ရခိုင်ပြည်နယ် အစိုးရ၏ ပြောခွင့်ရသူ ဦးဝင်းမြိုင်က ဧရာဝတီ ကို ပြောသည်။

သံတွဲမြို့၌ ပုဒ်မ ၁၄၄ (ညမထွက်ရ အမိန့်) ကိုလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်သည်။
ယခုအခါ မြို့ပေါ်နှင့်ကျေးရွာများတွင် သံတွဲအခြေစိုက် တပ်ရင်းများနှင့် နယ်မြေခံ ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေကြောင်း ဒေသခံများက ပြောသည်။

သံတွဲမြို့ပဋိပက္ခ ဖြစ်နေချိန်တွင် သမ္မတ ဦးသိန်းစိန်သည်လည်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ပြီး၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော စသည့်မြို့နယ်များသို့ သွားရောက်၍ ဒေသတွင်း အခြေအနေများကို လေ့လာကာ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ဦးသိန်းစိန်သည် ယမန်နေ့ကလည်း ကျောက်ဖြူမြို့နှင့်သံတွဲမြို့သို့ သွားရောက်ခဲ့ကာ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် မှာသွားကြောင်းလည်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading