“ဆွဲ၊ တင်၊ စစ်” ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ထဲက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ၃ မြို့နယ်မှာ နယ်မြေအနေအထား၊ မွေး/သေ စာရင်း၊ အိမ်ထောင်စုဇယားတွေ ပုံမှန်ရှိမရှိ စစ်ဆေးခြင်း အလုပ်တွေကို နစက ခေါ် နယ်စပ်ဒေ စစ်ဆေးရေးနဲ့ ကွက်ကဲရေး တပ်ဖွဲ့ထဲက လူဝင်မှုကြီးကြပ်ရေး (လဝက) အဖွဲ့ တွေက လုပ်ကြရတဲ့ အလုပ်ဖြစ်ပါတယ်။
ဆွဲ၊ တင်၊ စစ် ရဲ့ အဓိပ္ပါယ် ကတော့ “ဆွဲ” မြေပုံဆွဲခြင်း (ကျေးရွာ/ရပ်ကွက်၊ လမ်း၊ ရေကန်၊ ဗလီ၊ နေအိမ်များပါ မကျန် ပြောင်းလဲမှုရှိတိုင်း ရေးဆွဲခြင်း)၊ “တင်” လူဦးရေ စာရင်းတင်ခြင်း (မွေး/သေမှုတွေကို တိုး/လျော့ စာရင်း တင်ခြင်း)၊ “စစ်” စစ်ဆေးခြင်း (အိမ်ထောင်စု ဇယား၊ ပုံစံ- ၁၀ နဲ့ အိမ်မှာ ရှိတဲ့ လူဦးရေ စစ်ဆေးခြင်း၊ ဧည့် စာရင်း စစ်ခြင်း) တွေ ဖြစ်ပါတယ်။
နစက တပ်ဖွဲ့ထဲမှာ အဖွဲ့ စစ်တပ်၊ ရဲ၊ လဝကနဲ့ အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းတွေပါဝင်ဖွဲ့စည်းတာ ဖြစ်ပြီး၊ ၁၉၉၁ ခုနှစ်က နဝတအဖွဲ့ တာဝန်ယူစဉ် ဖွဲ့စည်းခဲ့တာပါ။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မောင်တောမြို့နယ် အတွင်း နစက နယ်မြေ
(၁) ဗန္ဓုလ၊
(၂) အောင်သပြေ၊
(၃) တောင်ပြို၊
(၄) လိပ်ရ၊
(၅) ငခူရ၊
(၆) ကညင်ချောင်း၊
(၇) အလယ်သံကျော်၊
(၈) မြင်လွတ်နဲ့
(၉) တောင်ပဇာ (ဘူးသီးတောင်မြို့နယ်) စတဲ့ နယ်မြေတွေမှာ နယ်စပ် ၉ ခု၌ စခန်း ၂၂ ခု ဖြန့်ကျက်နေချထားလျှက်ရှိပါတယ်။
မူစလင်ဘာသာဝင် လူဦးရေ စာရင်း အတိအကျကို နစကဌာနချုပ်မှာပဲ ရှိပြီး မူစလင်ဘာသာဝင် ရာခိုင်နှုန်းဟာ မောင်တောမြို့နယ်ထဲမှာ ၉၅%၊ ဘူးသီးတောင်မြို့နယ်မှာ ၇၆ %နဲ့ ရသေ့တောင်မြို့နယ်မှာ ၆၂% ကျန်တာတွေက ရခိုင်၊ မြို၊ သက်နဲ့ ဟိန္ဒူဘာသာဝင်တွေ ဖြစ်ပါတယ်။
မောင်တော ခရိုင်ထဲမှာ မှီတင်းနေထိုင်ကြသူတွေဖြစ်တဲ့ ဘင်္ဂါလီ၊ ရခိုင်၊ မြို၊ သက်လူမျိုးတွေနဲ့ ဟိန္ဒူဘာသာဝင်တွေ အကုန်လုံး အကံျုးဝင်ပေမဲ့ ဘင်္ဂါလီတွေဟာ ဆွဲ၊ တင်၊ စစ်မှာ ပိုပြီး ဖိအားပေးခံကြရ ပါတယ်။
“ဘင်္ဂါလီကို ငွေကြေးချမ်းသာကြတာကြောင့်ရယ် နောက်ပြီး ဒေသန္တရ ဥပဒေလည်း ထုတ် ထားတယ်ဆိုတော့ ပိုပြီးကိုင်လို့ ကောင်းတာပေါ့။ ဒေသန္တရ ဥပဒေ သဘောက ဘင်္ဂါလီတွေဆို ၁၈နှစ်ပြည့်မှ အိမ်ထောင်ပြုရမယ်၊ တရား မဝင် တဘက်နိုင်ငံ ခိုးဝင်/ခိုးထွက် မပြုလုပ်ရဘူး။ တရားမဝင် ကုန်ပစ္စည်း ခိုးသွင်း/ခိုးထုတ် မလုပ်ရဘူး။ လုပ်တယ် ဆိုရင် ဒေသန္တရ ဥပဒေနဲ့ ဆော်တာပဲ” လို့ နစက အဖွဲ့ဝင်ဟောင်း တဦးက ရှင်းပြပါတယ်။
မောင်တောမြို့နယ် အလယ်သံကျော်ရွာသား ဘင်္ဂါလီတယောက်ကတော့ “ကျနော်တို့ ဒေသတွေမှာ ဒေသန္တရဥပဒေဆိုပြီးတော့ မြန်မာ တနိုင်ငံလုံးနဲ့ မသက်ဆိုင်တဲ့ ဥပဒေကို ကျနော်တို့ အပေါ်မှာ ပြဌာန်းထားတာက အခက်အခဲ ပါပဲ။ အဲဒီထဲမှာ ဥပမာ သွားလာခွင့် ကန့်သတ်ချက် ဥပဒေပါတယ်။ စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ကန့်သတ်ချက် ပါတယ်။ လူမှုဆိုင်ရာ ဆိုရင် လက်ထပ်ခွင့်လို ကိစ္စမျိုးတွေပါတယ်။ ဒီဥပဒေ တွေက အများကြီး ကြောက်စရာပါပဲ” လို့ ပြောပါ တယ်။
အခုလို ဒေသန္တရ ဥပဒေနဲ့ မညီညွတ်တဲ့ လူတွေကိုတော့ လဝကတွေက အများဆုံး ကျပ် ၃ သိန်းကနေ အနည်းဆုံး ကျပ် ၅၀၀၀ အထိ အသီးသီး တောင်းလေ့ရှိပြီး နိုင်ငံခြားမှာ ထွက်ပြီး အလုပ်လုပ် နေသူတွေရှိရင် ဒီထက် ငွေများ အောင် ဈေးကစားလေ့ ရှိတယ်လို့ သိရပါတယ်။
“ဆွဲမှာဆိုရင် မနှစ်က မြေပုံပါရှိတဲ့အတိုင်း မရှိက နေအိမ်ဆိုရင် သက်ဆိုင်ရာခရိုင် ခွင့်ပြုချက်မရှိက လာထား၊ ဗလီဆိုရင်လဲ သက်ဆိုင်ရာ သာသနာရေးကောင်စီ အဖွဲ့အစည်း က ခွင့်ပြုချက်မရှိက လာထား၊ ဆွဲ ပဲ။ တင်ကျတော့ မွေးတိုး ဆိုရင် ဘယ်သူနဲ့ ရတာလဲ တရားမဝင် ကလေးဆိုရင် အရေးယူခံရမှာစိုးလို့ ဆွေမျိုး မိသားစု အိမ်ထောင် စုမှာ ထည့်ပေးရင် လာထား။ စစ်ကျတော့ အိမ်ထောင်စုထဲမှာ ၁၈ပြည့်ခါနီးကို ၁၈နှစ် ပြည့်အောင် ခုနှစ်တိုးပေး ရင်လည်း လာထားလို့ တောင်းတော့ဘဲ” လို့ နစက ဟောင်းက ရှင်းပြပါတယ်။
ဆွဲ၊ တင်၊ စစ် ကြောင့် အလုပ်အကိုင်ပျက်၊ အိမ်ပြောင်းခွင့် ဥပဒေ တခု၊ အိမ်ပြင်ခွင့် ဥပဒေတခု၊ အိမ်ထောင်ပြုခွင့် ဥပဒေ တခု၊ ယင်းဥပဒေတွေနဲ့ အကြောင်း အမျိုးမျိုး ပြပြီး ငွေညစ်ခံရလို့ ၎င်းတို့ တော်တော် ဒုက္ခရောက်ကြရ ကြောင်း ပြောသူကတော့ အလယ်သံကျော် ရွာသားပဲ ဖြစ်ပါတယ်။
“အိမ်ပြောင်းဖို့ ပြင်ဖို့ ဆိုရင် ရယကတွေဆီကနေ ထောက်ခံချက် ယူရတယ်။ အဲဒီ ထောက်ခံချက် ရပြီးတော့မှ နယ်မြေ ဆီကို ခွင့်ပြုချက် တင်ရတယ်။ အဲဒီလို ခွင့်ပြုချက်တင်ပြီးမှ အိမ်ပြင်လို့ ရတယ်။ အဲဒီ အထောက်အထားတွေ မရှိပဲနဲ့ ပြုပြင် လိုက်တဲ့ အိမ်ကိုတွေ့တယ် ဆိုရင် ဆွဲ၊ တင်၊ စစ်လာတဲ့ အခါ မင်းတို့ခွင့်ပြုချက် မယူဘဲနဲ့ ဘာဖြစ်လို့လုပ်သလဲ ဆိုပြီးတော့ ဒဏ်ရိုက်တယ်။ ငွေ ပေးရတယ်။ အိမ် အလိုက်ပေါ့၊ နှစ်သိန်း တသိန်းပေါ့” လို့ အလယ်သံကျော် ရွာသား က ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ အိမ်ထောင်ပြုသူတိုင်း ၁၈ နှစ်ပြည့်ရမည်၊ နှစ်ဘက်မိဘ သဘောတူဖြစ်ရမည် ဆိုတဲ့ အချက်တွေ ရှိပေမဲ့ မောင်တောခရိုင်ဘက်မှာတော့ အဲဒီ အချက်တွေထက် ပိုပြီး အိမ်ထောင်ပြုဖို့ အတွက် သက်ဆိုင်ရာ ရပ်/ကျေး၊ လဝက၊ ရဲ၊ နစကနယ်မြေမှူး စတဲ့ ထောက်ခံချက်တွေနဲ့ အတူ နစက ဌာနချုပ်ကို အိမ်ထောင်ပြုခွင့် တင်ပြတောင်းခံပြီး ခွင့်ပြုချက်ရမှ အိမ်ထောင်ပြုရလေ့ ရှိသလို ခလေး နှစ်ယောက်ထက် ပိုမယူရ ဆိုတဲ့ ဝန်ခံချက်မျိုးပါ ပါသေးတယ်။
ဒီအပြင် အိမ်ထောင်ပျက်နေတဲ့ လူတယောက်ဆိုရင် အရင်အိမ်ထောင်ပျက်ပြီး ၂ နှစ်အကြာမှ နောက်ထပ် အိမ်ထောင် ပြုခွင့်ရှိသည် ဆိုတဲ့ သတ်မှတ်ချက် ရှိသော်လည်း ငွေပေးရင် ဘာမဆို ဖြစ်နိုင် ရနိုင်တဲ့ အခြေအနေမျိုးကို အာဏာပိုင် တွေက ဥပဒေ လက်တလုံးကြားနဲ့ ရိုက်စား ကောက်ထည့်တွေလုပ်ထားတယ်လို့ ဆိုပါတယ်။
“လက်ထပ်ခွင့်မှာ ကျတော့ နှစ်ဘက် မိဘ ၂ ပါးစီရဲ့ သဘောတူညီကြောင်း ထောက်ခံချက်၊ ရပ်/ကျေးက မှန်ကန် ကြောင်း ထောက်ခံချက်၊ နောက်ပြီးတော့ နစက နယ်မြေမှူး ၊ လဝက၊ ရဲ စတဲ့ အဖွဲ့တွေရဲ့ ထောက်ခံချက် တွေလည်း လိုတယ်။ လက်ထပ်ခွင့် တင်တဲ့နေရာမှာတော့ လူကြည့်ပြီး တော့ယူတယ်။ သတ်မှတ်ချက်လည်း မရှိဘူး တယောက် ကို ၅ သောင်း ယူတာရှိတယ်။ ၇ သောင်း ယူတာရှိတယ်။ တသိန်း ယူတာရှိတယ်” လို့ အလယ်သံကျော် ရွာသားက ဆိုပါတယ်။
နစက တပ်ဖွဲ့ထဲမှာ လဝက အကြီးအကဲ လက်ထောက် ညွှန်ကြားရေးမှူးကစပြီး အစောင့်ဝန်ထမ်း အဆင့်အထိ နစက တပ်ဖွဲ့ ထဲမှာ လာရောက် တာဝန် ထမ်းဆောင်လေ့ ရှိကြပြီး တယောက်ကို အနည်းဆုံး တနှစ်ခွဲစီ တာဝန်ထမ်းဆောင် ရလေ့ ရှိပါတယ်။
ဆွဲ၊ တင်၊ စစ် လုပ်ပြီး စာရင်းတင်ထားခြင်းဟာ အိမ်ထောင်စုစာရင်း စစ်ဆေးရာမှာဖြစ်စေ၊ တခြားလိုအပ်တဲ့ အုပ်ချုပ်ကစ္စတွေ လုပ်ဆောင်ရာမှာ ဆွဲ၊ တင်၊ စစ ်မြေပုံမှ လျှင်မြန်ပြီး စစ်ဆေးချိန်မဟုတ်ဘဲ အရေးတကြီး ပြုပြင်ပြောင်းလွဲစရာတွေရှိတယ်ဆိုရင် မောင်တောမြို့ရှိ ခရိုင်လဝကရုံးနဲ့ နီးစပ်ရာ နစက နယ်မြေရုံး စခန်းစိုက်ရာ နေရာတွေမှာလည်း သွားရောက်လုပ်ဆောင်နိုင်ပါတယ်။
ဆွဲ၊ တင်၊ စစ်လုပ်တဲ့နေရာမှာ ဓာတ်ပုံဖိုးက အစ အသုဘ အတွက် အဆုံး၊ ငွေမပါဘဲ မပြီးတဲ့ ကြောင်းကို အလယ် သံကျော် ရွာသားက “ဒီအခေါက်တော့ ဇန်နဝါရီလ စလုပ်တယ်။ အခုက ဓာတ်ပုံရိုက်ခဆိုပြီး တော့ ၂၅၀၀-၃၀၀၀ ပေါ့။ လူသေတယ် ဆိုရင်တော့ ၅၀၀၊ နောက်ပြီးတော့ အခုဆို ထွက်ပြေးသွားကြတဲ့လူတွေရှိတယ်။ သူတို့ကျတော့ စာရင်း က ပယ်ဖျက်ဖို့ အတွက် ၁၀၀၀၀၀ ကနေ ၁၅၀၀၀ ထိယူတယ်။”
အခုလို အဂတိလိုက်စားမှု တွေဟာ အောက်ခြေ အဆင့်တွေ ဝန်ထမ်းတွေ အတွက် ဘာမှ အကျိုးမထူးဘဲ အထက် အရာရှိတွေ အတွက်ပဲဖြစ်တယ်လို့ နစက ဝန်ထမ်းဟောင်းက အခုလို ပြောပါတယ်။ “အောက်ခြေက ကောင်တွေက ရှာကြွေးရတာ။ အရာရှိ အဆင့်တွေ ကျတော့ အဝစားပြီး သဌေးဖြစ်ကုန်ကြတာပေါ့”
နစက စတင်ဖွဲ့စည်းပြီး နောက်တနှစ် ၁၉၉၂ ခုနှစ်ကစလို့ နယ်စပ်ဒေသမှာ နှစ်စဉ် ဆွဲ၊ တင်၊ စစ် လုပ်ခဲ့ပြီး တရားမဝင် လူဝင် လူထွက် ရှိ မရှိ စစ်ဆေးဖို့၊ လူနေအိမ်တိုးပွား၊ ပြောင်းရွှေ့၊ ပျက်ဆီးမှု၊ တရားဝင် အိမ်ထောင်ပြုခြင်း ရှိမရှိ၊ တရား မဝင် နယ်စပ်ဖြတ်သန်း သွားလာခြင်း ရှိ မရှိ၊ တရားမဝင် ကူသန်းရောက်ဝယ်ခြင်း ရှိ မရှိကို စစ်ဆေးဖို့ အတွက် လုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ တာဝန် အပေးခံရတဲ့ လဝက တွေအနေနဲ့ အစိုးရရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်ကို လာဘ်ငွေ နဲ့ ပြောင်းပြန် လုပ်နေတာ ဖြစ်တယ် လို့ မောင်တောမြို့က အမည် မဖေါ်လိုတဲ့ အစိုးရ ဝန်ထမ်းတဦးက ပြောပါတယ်။
အမှန် တကယ်မှာတော့ ဘင်္ဂါလီတွေဘက်က ကြည့်ရင်လည်း ကြောက်မယ်ဆို ကြောက်စရာ ပေါ့၊ ဒါပေမယ့် အစိုးရ ဘက်က ပြန်စဉ်းစား ကြည့်ပြန်တော့ တကယ့်ကိုကြောက်စရာ ကောင်းလောက်အောင် လူဦးရေ တိုးပွားမှုနှုန်း မြန်ပြီး ဌာနေ တိုင်းရင်းသား အဖြစ် လူမျိုးတမျိုး မဖြစ်နိုင်တဲ့ အတွက် အစိုးရရဲ့ ချမှတ်ချက်ဟာ “ခုရှုပ်မှ နောင်ရှင်း” ဖြစ်အောင် ပြဌာန်း ထားပေမဲ့ ဥပဒေ လက်တလုံးကြား နည်းပညာတွေပြပြီး အဂတိလိုက်စားမှု ဗရပွကြောင့် နောင်မှာ မရှင်းတဲ့ အပြင် ပိုလို့တောင် ရှုပ်လာနေပါတယ်။
ပြောင်းလဲလာ နေတာတွေနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ လိုနေတဲ့ အချက်တွေထဲမှာ ဒီလို ပြဿနာတွေ လည်း ပါမယ် ထင်ပါတယ်လို့ မောင်တောမြို့မှ အစိုးရဝန်ထမ်းက မှတ်ချက် ပေးပါတယ်။ အလယ်သံကျော် ရွာသား မူစလင် ဘာသာဝင် ဘင်္ဂလီတဦး ပြောတာကတော့ “အမှန်ကတော့ ဆွဲ၊ တင်၊ စစ် လို့ ဗန်းပြပြီးတော့ ပိုက်ဆံတောင်းတာပဲ ရှိတယ်”လို့ ပြောဆိုပါတယ်။