မြန်မာ ကျားနှင့် ရှားပါး တိရစ္ဆာန် တောရိုင်း ကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တရုတ်နိုင်ငံသို့ မှောင်ခို လမ်းကြောင်းမှ တင်ပို့ရောင်းချမှုမှာ များပြားလာကြောင်း သတင်း ရရှိသည်။
ဗြိတိန်နိုင်ငံ အခြေစိုက် နိုင်ငံတကာ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက် အရင်းအမြစ်များ ကူးသန်း ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့(TRAFFIC) ၏ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ အစီရင်ခံစာ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
တရုတ်နယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသ တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်းများ မှောင်ခိုဈေးကွက်တွင် မြန်မာနိုင်ငံမှ ကျားနှင့် ရှားပါးတောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများသည် အများဆုံးဖြစ်ကြောင်း၊ ထို တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ခြေသည်း၊ လက်သည်းများ၊ ဦးခေါင်းခွံ၊ အစွယ်နှင့် သားရေ တို့ ဖြစ်ကြောင်း TRAFFIC အစီရင်ခံစာက ဆိုသည်။
TRAFFIC အစီရင်ခံစာ၌ မိုင်းလားမြို့တွင် ရှားပါး တိရစ္ဆာန် ရောင်းချသည့် ဆိုင်အရေအတွက်မှာ ၂၀၀၆ ခုနှစ်တွင် ၆ ဆိုင်သာ ရှိသော်လည်း ၂၀၁၄ ခုနှစ်တွင် ၂၁ ဆိုင်အထိ ရှိလာကြောင်း၊ မိုင်းလားဆိုင်များ အားလုံး၏ ဖောက်သည်များသည် တရုတ်နိုင်ငံမှ ဖြစ်ကြောင်း ပါရှိသည်။
ယင်း တောရိုင်း တိရစ္ဆာန်များကို တရုတ်ကုန်သည် အများစုက လာရောက်ဝယ်ယူကြပြီး တရုတ်နိုင်ငံ အတွင်း သို့ တဆင့်ပြန်လည် ရောင်းချခြင်း၊ စားသောက်ဆိုင်များတွင် ဟင်းလျာအဖြစ် ချက်ပြုတ် စားသောက်ခြင်း၊ တရုတ် တိုင်းရင်းဆေးများ ဖော်စပ်ရာတွင် အသုံးပြုခြင်း၊ အိမ်အလှဆင်ခြင်းနှင့် အဆောင်များအဖြစ် အသုံး ပြုခြင်းများ ပြုလုပ်ကြကြောင်း ဒေသခံများနှင့် ဆိုင်ရှင်တချို့က ပြော သည်။
မိုင်းလားမြို့ ဈေးထဲတွင် ရောင်းချနေသော တောရိုင်း တိရစ္ဆာန်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို မြို့ အနီးရှိ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများမှ တင်သွင်းခြင်း ဖြစ်သည်ဟု ဒေသခံများနှင့် ဆိုင်ရှင်များက ဧရာဝတီ ကို ပြောပြသည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက တရားဝင် သားငှက် ထိန်းသိမ်းရေးအဖွဲ့များ တာဝန်ချထားခြင်း မရှိကြောင်းနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရကသာ နိုင်ငံတော်၏ တည်ဆဲ ဥပဒေများအတိုင်း ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးတဦးက ပြောသည်။
ထို ညွှန်ကြားရေးမှူးက“နိုင်ငံတွင်းမှာ ဖြစ်နေရင် နိုင်ငံမှာ တည်နေတဲ့ ဥပဒေအရတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့တွေက ဒီဥပဒေတွေကို လိုက်နာပြီးတော့ အရေးယူ ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်”ဟု ပြော သည်။
မိုင်းလားဒေသတွင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုများနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ အရေးယူမှုများ ရှိလာစေရန် “ဝ” ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ဆီသို့ တိုက်တွန်းမှုများ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာ ဝန်ကြီးဌာနက ပြောသည်။
ကျားနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များသည် မျိုးသုဉ်းမည့် အန္တရာယ် ကျရောက်နေသော တောရိုင်း တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန် မျိုးစိတ်များ နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုဆိုင်ရာ သဘောတူညီချက်(CITES) နှင့် ပြည်တွင်းတွင် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေး ဥပဒေ”အရ ဥပဒေ ချိုးဖောက်သူများကို ထောင်ဒဏ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
TRAFFIC ၏ အရှေ့တောင် အာရှဒေသ ညွှန်ကြားရေးမှူး ဒေါက်တာ Chris R. Shepherd က“မိုင်းလားနှင့် တာချီလိတ် ဒေသများတွင် ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူမှုမှာ မရှိသလောက် (သို့မဟုတ်) အနည်းငယ်သာ ရှိနေခြင်းသည် တောရိုင်း တိရစ္ဆာန်နှင့် သဘာဝ သစ်တောထွက်ပစ္စည်း မှောင်ခိုကူး သူတို့အတွက် လွယ်ကူနေပြီး တရားမဝင် ဝယ်ယူသူများသည်လည်း ဥပဒေ ချိုးဖောက်မှုများ အတွက် တားဆီး စစ်ဆေးခံရမည်ကို ကြောက်လန့်စရာမလို ဖြစ်နေသည်”ဟု ပြောကြောင်း TRAFFIC အစီရင်ခံစာတွင် ဖော်ပြထားသည်။
မှောင်ခို ရောင်းဝယ်ဖောက်ကားမှုများတွင် အများဆုံးတွေ့ရှိရသည့် တောရိုင်းမျိုးစိတ်များမှာ အင်းကျား၊ ကျားကျုတ်၊ ကျားသစ်၊ ကျား နှင့် အာရှရွှေရောင် ကြောင်မျိုးနွယ် စသည်တို့ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
TRAFFIC က ကိုးကားခဲ့သည့် နှစ် ၂၀ ကြာ စစ်တမ်း အချက်အလက်များပါ သုတေသန စာတမ်းတခုအရ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံ၏ ကျားများနှင့် တောရိုင်းကြောင်ကြီး မျိုးနွယ်များ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအား ကောင်းလာမှုကြောင့် မှောင်ခိုရောင်းဝယ်မှုများ တိုးလာသည့် အချိန်တွင် ထိုင်းနိုင်ငံဘက်သို့ တာချီလိတ်မြို့မှတဆင့် အလားတူ မှောင်ခိုရောင်းချခြင်းများ လျော့နည်းသွားခဲ့ကြောင်း သိရှိရသည်။