ကိုးကန့်ဒေသ လောက်ကိုင်မြို့အနီးတွင် အစိုးရတပ်ဖွဲ့များနှင့် ကိုးကန့် လက်နက်ကိုင်အဖွဲ့များကြား ပြင်းထန်သောတိုက်ပွဲများ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ဖြစ်ပေါ်ခဲ့ပြီး တလနီးပါး ကြာမြင့်လာချိန်အထိ စစ်ပွဲပြန်လည်ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ တိကျ ရေရာသော အကြောင်းအရာ မရှာနိုင်သေးဘဲ အဖြေမရှိသော ပဟေဠိမေးခွန်းများစွာ ရှိနေသည်။
အစိုးရက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တခု အဆုံးသတ် ရယူ လိုသည်ဟု ထုတ်ဖော်ပြောဆိုနေချိန်တွင် ကိုးကန့်၊ လောက်ကိုင်မြို့ တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းစစ်ပွဲ ကြောင့် တိုင်းပြည်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် မည်သည့် သက်ရောက်မှု ရှိလာနိုင်မည်နည်းဆိုသော မေးခွန်းသည် အနာဂတ် မြန်မာ့နိုင်ငံရေး လားရာအပေါ် သက်ရောက်မှု ကြီးမားလှသော ပထမမေးခွန်းပင်ဖြစ်သည်။
ကိုးကန့်ဒေသတွင် ဖြစ်ပွားသော စစ်ပွဲများ သည် ငြိမ်းချမ်းရေးရရှိရေးအပေါ် ထိခိုက်မှုရှိစေပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးကို ကြီးမားသော သက်ရောက်မှုရှိသည်ဟု သုံးသပ်ပြောဆိုသူများတွင် မြန်မာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးများလည်း ပါဝင်နေသည်။
ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်က ကိုးကန့် အထူးဒေသတွင် လတ်တလော ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများက မြန်မာ နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်း ရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်သည်ဟု ဖေဖော်ဝါရီ လလယ်ပိုင်း အမေရိကန် အခြေစိုက် လွတ်လပ်သော အာရှအသံ၊ မြန်မာအသံ လွှင့်ဌာန (RFA) နှင့်တွေ့ဆုံမေးမြန်းခန်းတွင် ပြော ဆိုခဲ့ပြီး ကိုးကန့်တိုက်ပွဲကြောင့် ၂၀၁၅ ရွေးကောက်ပွဲ ကသောင်းကနင်း ဖြစ်နိုင်သည်ဟုပင် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က သတိပေး မှတ်ချက်ပြု ပြောဆိုခဲ့သည်။
ကိုးကန့်စစ်ပွဲကြောင့် မြန်မာ့တပ်မတော်အပေါ် ပြည်သူလူထုအမြင် ပြောင်းလဲသွားပြီလောဆိုသော မေးခွန်းက လည်း မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွက် အမှန်တကယ် မေးခွန်းထုတ်ရမည့် ဒုတိယမေးခွန်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်နှင့် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် လောက်ကိုင်တိုက်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် စစ်သည်၊ အရာရှိများနှင့် အရပ်သားများကို သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီး ပြည်ထောင်စု မပြိုကွဲရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့သည်။ မြန်မာ့တပ်မတော်ကလည်း ကိုးကန့်စစ်ပွဲကြောင့် ကျဆုံးသွားသောစစ်သည်နှင့် အရာရှိများကို အခမ်းအနားများနှင့် ဂုဏ်ပြုသဂြိုဟ်ခဲ့ရာ ပြည်သူလူထု၏ စာနာထောက်ထားမှုနှင့် ထောက်ခံမှုကို ရယူနိုင်ခဲ့သည်။
ကိုးကန့်စစ်ပွဲသည် တရုတ်-မြန်မာ နယ်စပ်အနီးတွင် ဖြစ်ပွားနေခြင်းဖြစ်ရာ တိုက်ပွဲ၏ အခြေအနေမှာ ကာလ ကြာရှည်ဖွယ်ရှိသည်ဟု မြန်မာ့တပ်မတော် မှ တပ်မှူးတချို့က ဆိုသည်။ ၂၀ဝ၉ ခုနှစ်ကလည်း ကိုးကန့်တပ်ဖွဲ့ နှင့် မြန်မာ့တပ်မတော်အကြား စစ်ပွဲများ ဖြစ်ပွားခဲ့ပြီး ယခု ထပ်မံဖြစ်ပွားသော တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့ အသုံးပြုသော လက်နက်ခဲယမ်းများသည် ယခင်ထက် ပိုမိုကောင်းမွန်အဆင့် မြင့်လာသည်ဟု မြန်မာ့တပ်မှူး တချို့က ဝန်ခံပြော ဆိုကြသည်။
ကိုးကန့်တပ်ဖွဲ့၏ စစ်ပွဲဝင်ရောက်တိုက်ခိုက်ပုံသည် စစ်ကြေညာခြင်းမရှိဘဲ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခြင်းဖြစ်ရာ လောက်ကိုင်တွင် အခြေတကျရှိနေသော အစိုးရတပ်ကို မည်ကဲ့သို့ အလစ်အငိုက်ဖမ်း နိုင်ခဲ့သနည်းဆိုသော မေးခွန်းမှာ လည်း နိုင်ငံရေးအသိုင်းအဝိုင်းနှင့် သတင်းမီဒီယာများက ဝေဖန်ထောက်ပြ ကြသော တတိယမေးခွန်း ဖြစ်သည်။ ကိုးကန့်တပ်ဖွဲ့ (ခေါ်) အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဖေဖော်ဝါ ရီလ ၉ ရက်နေ့တွင် စတင်ခဲ့သည့် တိုက်ပွဲအတွက် ကောင်းစွာပြင်ဆင်ခဲ့သည်။ စစ်ပွဲ မစတင်မီ လအနည်းငယ်ကတည်းက လောက်ကိုင် မြို့ထဲတွင် တပ်ဖွဲ့ဝင်များ မသိမသာဝင်ရောက်နေရာ ယူခဲ့ကြသည်။ ထို့ပြင် စစ်မြေပြင်သတင်းများအရ ဒေသတွင်းရှိ အခြားလက်နက်ကိုင် အဖွဲ့များထံမှ လက်နက် ခဲယမ်းများနှင့် အထောက်အပံ့များရရှိသည်ဟုလည်း သိရသည်။
လောက်ကိုင် ရှေ့တန်းစစ်မျက်နှာတွင် မြန်မာစစ်တပ် အရာရှိများသည် ပြောက်ကျားတိုက်ပွဲအသွင် အမျိုးမျိုးနှင့် ရင်ဆိုင်နေ ကြရပြီး နယ်မြေကျွမ်းကျင်မှု ရှိသည့် ကိုးကန့်တပ်များအတွက် အားသာချက်များ ရှိနေသည်။ အစောပိုင်းတွင် ကိုးကန့် တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်တချို့က လားရှိုးမြို့ကို သိမ်းယူရန် စီစဉ်နေသည်ဆိုသည့် ထောက်လှမ်းရေး သတင်းများရရှိခဲ့သော်လည်း လားရှိုးမြို့ ကဲ့သို့သော မြို့ကြီးတမြို့ကို သိမ်းယူနိုင်သည့် စွမ်းအားမျိုး ကိုးကန့်တပ်ဖွဲ့တွင်မရှိဟု ယူဆမှုများ ထွက်ပေါ်လာသည်။
စစ်ပွဲကာလအတွင်း တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကြီးတချို့က ကိုးကန့်တပ်ကို အကူအညီ ပေးနေသည့် သတင်းများထွက်ပေါ်ခဲ့ပြီး လတ်တလော စစ်ပွဲ ဖြစ်ပွားရသည့် အကြောင်းအရင်းများအနက် မှန်းဆပြောဆိုကြ သည့် ဖြစ်နိုင်ခြေ အကြောင်းအရာ တခုမှာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဗိုလ် သင်တန်းကျောင်းသို့ မြန်မာ့တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။
မြန်မာစစ်တပ်၏ တိုက်ခိုက်မှုတွင် စုစုပေါင်း ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ ရခိုင်တပ်မတော်၊ ချင်းအမျိုးသားတပ်ဦး နှင့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) စသည့် အဖွဲ့အစည်းများမှ ဗိုလ်လောင်းသင်တန်းသားများ ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းအများစုသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားနေကြသည့် အဖွဲ့များဖြစ်ကြပြီး လတ်တလော ကိုးကန့်တိုက်ပွဲများတွင် ၎င်းတို့ ပူးပေါင်းပါဝင်မှု ရှိသည်ဟု မြန်မာ့ တပ်မတော်က ယုံကြည်နေသည်။
ကိုးကန့်စစ်ပွဲတွင် မြန်မာ့တပ်မတော်က အထိအခိုက် အကျအဆုံးများခဲ့ရာ မြန်မာစစ်တပ်သည် ပြိုင်ဘက် လက်နက်ကိုင် အဖွဲ့များကို လျှော့တွက်ခဲ့သလော၊ လောက်ကိုင်မြို့ပေါ် တိုက်ပွဲများတွင် အောင်မြင်စွာ တိုက်ခိုက်နိုင်သည့် စွမ်းရည် ရှိ၊ မရှိ ဆိုသော မေးခွန်းထုတ်မှုများ ဆက်လက်ထွက်ပေါ်လာသည်။
၂၀ဝ၉ ခုနှစ်တွင် ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်က မြန်မာတပ်မတော်အတွက် ခုခံမှု အနည်းငယ်သာ ကြုံတွေ့ခဲ့ရပြီး MNDAA ခေါင်းဆောင် ဖုန်ကြားရှင်ကို လောက်ကိုင်မှ မောင်းထုတ်နိုင်ခဲ့ ကာ သူ၏ လက်နက်စက်ရုံ နှင့် မူးယစ်ဆေးဝါး လုပ်ငန်းများကိုလည်း ပိတ်ပစ်နိုင်ခဲ့သည်။ ထိုစဉ်က တိုက်ခိုက်မှု သည် ဖုန်ကြားရှင်က သူ၏တပ်ဖွဲ့များကို အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ကူးပြောင်းရန် ငြင်းဆန်ခဲ့ခြင်း နှင့် ကိုးကန့်တပ်ဖွဲ့အတွင်း မညီညွတ်မှုများကြောင့် ဖြစ်သည်ဟု သုံးသပ်မှုများရှိသည်။
ကိုးကန့်တပ်ဖွဲ့၏ ခေါင်းဆောင် ဖုန်ကြားရှင်သည် ယခင်စစ်အစိုးရနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ဆယ်စုနှစ် ၂ခုမျှ ထိန်းသိမ်းထားနိုင်ခဲ့သူ ဖြစ်သည်။ ယခုအခါ အသက် ၈၅ နှစ်ကျော်ခဲ့ပြီ ဖြစ်သော ဖုန်ကြားရှင် သည် ၂၀ဝ၉ ခုနှစ် တိုက်ပွဲများ အပြီးတွင် “ဝ” နယ်မြေအတွင်းသို့ ထွက်ပြေးသွားကာ သူ၏တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ထို့ ကြောင့် အစိုးရက MNDAA သည် လတ်တလော တိုက်ခိုက်မှုများတွင် ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထံမှ လက်နက်နှင့် အကူအညီများ ရယူခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး UWSA ကမူ တိုက်ပွဲများတွင် ပါဝင်ကူညီခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ကိုးကန့်တပ်ဖွဲ့ကို ကူညီနေသည်ဆိုသော ပြောဆိုမှုများအကြားတွင် သေချာသော အချက်တခုရှိနေပြီး ယင်းမှာ တိုက်ပွဲများအတွက် ကိုးကန့်အဖွဲ့က ကောင်းစွာ ပြင်ဆင်ခဲ့သည် ဆိုသော အချက်ဖြစ်သည်။
ဥပမာဆိုရလျှင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့က မော်တော် အများအပြားဖြင့် လောက်ကိုင်မြို့တွင်းသို့ ဝင်ရောက်လာပြီး စနိုက်ပါသေနတ်များ၊ ညကြည့်မျက် မှန်များကို အသုံးပြု၍ အငိုက်ဖမ်းတိုက်ခိုက်ခဲ့သဖြင့် အစိုးရတပ်မှ အရာရှိနှင့် စစ်သည်အများအပြား ကျဆုံးသွားခဲ့ရသည်။
အလစ်အငိုက်တိုက်ခိုက်ပြီးသည့်အခါ ကိုးကန့် တပ်များသည် လျင်လျင်မြန်မြန် ပြန်လည်ဆုတ်ခွာ သွားသော်လည်း နောက်ချန် အစောင့်တပ်ဖွဲ့တခုက မြို့တွင်းတွင် ဆက်လက်တပ်စွဲ၍ အစိုးရတပ်မှ စစ်သည်များကို တိုက်ခိုက်ခဲ့သည့်အတွက် အစိုးရ ဘက်မှ နောက်ထပ်ကျဆုံးမှု ပိုမိုများပြားစေခဲ့သည်။ ကိုးကန့်တပ်ဖွဲ့ဝင်များသည် တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်၍ အဝင်အထွက် ပြုလုပ်နေသည်ဟု တိုက်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်များ၏ ပြောဆိုချက်အရ သိရှိရသည်။
ကိုးကန့်စစ်ပွဲ ဖြစ်ပွားရခြင်း၏ နောက်ကွယ်မှ အဓိကအကျဆုံးနှင့် နောက်ဆုံးမေးရမည့် မေးခွန်းမှာ လက်ရှိပဋိပက္ခတွင် တရုတ်နိုင်ငံက မည်မျှပါဝင် ပတ်သက်နေသနည်းဆိုသော မေးခွန်းဖြစ်သည်။
မြန်မာ အစိုးရ၏ ငြိမ်းချမ်းရေးညှိနှိုင်းမှု အဖွဲ့ ခေါင်းဆောင်ဖြစ်သော သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကိုးကန့်စစ်ပွဲတွင် တရုတ်နိုင်ငံပါဝင်ပတ်သက်မှုမရှိဟု ပြောကြားခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီး ဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက MNDAA တွင် တရုတ်ကြေးစားစစ်သားများ ပါဝင်နေသည်ဟု သတင်းထုတ် ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် ဇူလိုင်လက မြန်မာကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဗိုလ်ချုပ်ကြီး Fan Changlong တို့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်များကြားတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ် ဒေသတည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများကို ကျယ်ကျယ်ပြန့် ပြန့် ဆွေးနွေးခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့ရာ ထိုစဉ်က ကိုးကန့်လက်နက်ကိုင်များနှင့် ပတ်သက်သော ကိစ္စများလည်း ဆွေးနွေးခဲ့မည်မှာ အသေအချာပင်ဖြစ်သည်။ မြန်မာအစိုးရနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများ စတင်ပြုလုပ်သည့် အချိန်မှ စ၍ တရုတ်နိုင်ငံက ပြည်နယ်နှင့် ဗဟိုအစိုးရအရာရှိများကို အဆိုပါ အစည်းအဝေးများသို့ လေ့လာသူ အဖြစ် တက်ရောက်ရန် စေလွှတ်ခဲ့သည်။
အသေချာဆုံးသော အချက်မှာ တရုတ်နိုင်ငံသည် မြန်မာ့ တပ်မတော်အနေဖြင့် မည်သည့်အခါမျှ အလွယ်တကူ မထိန်းချုပ်နိုင်ခဲ့သည့် တရုတ်-မြန်မာ နယ်စပ်တလျှောက်တွင် တရုတ်နိုင်ငံ၏ ဩဇာလွှမ်းမိုးမှုကို ဆက်လက် ထိန်းသိမ်းသွားရန် ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသည်မှာ အသေအချာပင်ဖြစ်သည်။