တရုတ်-မြန်မာနယ်စပ်အနီး ယူနန်ပြည်နယ်တွင် တရုတ်စစ်တပ်၏ မြေပြင်၊ ဝေဟင် စစ်ရေး လေ့ကျင့်မှုများ ပြု လုပ်နေမှု များသည် မြန်မာနှင့်တရုတ် ၂ နိုင်ငံ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း တရုတ်နိုင်ငံ အာရှရေးရာ အထူးသံတမန် H.E Mr. Sun Guo Xiang က မီဒီယာများသို့ ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ဇွန်လ ၂ ၇က်နေ့က စတင် ကျင်းပ နေသည့် “တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင်များ အစည်း အဝေး” သို့ လေ့လာ သူ အဖြစ် Mr. Sun Guo Xiang တက်ရောက်စဉ် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်း ဖြစ်သည်။
Mr. Sun Guo Xiang က “တရုတ် တပ်မတော်အနေနဲ့ မိမိနိုင်ငံ လုံခြုံရေးကို ကာကွယ်ဖို့ တရုတ်နိုင်ငံ ပြည်တွင်းမှာ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်တာ သဘာဝကျတယ်။ တဘက်ဘက်က ရည်ရွယ်ပြီးတော့ ဆောင်ရွက်နေတာ မဟုတ်ပါဘူး” ဟု သတင်းထောက်များကို ပြောဆိုသည်။
တရုတ်-မြန်မာ နယ်စပ်အနီး ကိုးကန့်ဒေသ၌ မြန်မာ့တပ်မတော်နှင့် ကိုးကန့်တပ်ဖွဲ့တို့ (MNDAA) အကြား တိုက်ပွဲ ဖြစ်ပွား စဉ် တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီး မကြာခဏဆိုသလို ကျမှန် ပေါက်ကွဲခဲ့သည့်အတွက် တရုတ်နိုင်ငံသား များ ထိခိုက် ၊ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ၂ နိုင်ငံ နယ်စပ်အနီးတွင် တရုတ် စစ်တပ် များက ဝေဟင်၊ မြေပြင်စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လာခြင်း ဖြစ်သည်။
တရုတ် တပ်မတော်၏ စစ်ရေး လေ့ကျင့်ခြင်းသည် မြန်မာအစိုးရနှင့်ကိုးကန့် တပ်ဖွဲ့တို့အကြား တိုက်ပွဲနှင့် ဆက်စပ်ခြင်း မရှိ ကြောင်း၊ ၂ နိုင်ငံ အစိုးရကြား ဆက်ဆံရေး ကောင်းမွန်နေသကဲ့သို့ တပ်မတော် ၂ ရပ် အကြားတွင်လည်း ဆက်ဆံရေး ကောင်းမွန် လျက်ရှိကြောင်း Mr. Sun Guo Xiang က ဆိုသည်။
“တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေး အတော် ကောင်းနေပါတယ်။ ၂ နိုင်ငံ တပ်မတော် ၂ ရပ် အကြား ဆက် ဆံ ရေး ဟာလည်း အင်မတန် ကောင်းမွန်ပါတယ်။ အဲဒါကြောင့် တရုတ်တပ်မတော်က တရုတ် နိုင်ငံ အတွင်းမှာ ဒီလို စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်မှုဟာဆိုရင် ကျနော်တို့ ၂ နိုင်ငံ တပ်မတော် ၂ ရပ်အကြား ဆက်ဆံရေးကို ထိခိုက်သွားမှာ မဟုတ် ပါဘူး” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် အားပေးထောက်ခံကြောင်းနှင့် အကူ အညီ၊ အထောက် အပံ့များ ပေးသွားရန်ရှိသည်ဟု ၎င်း၏အဆိုအရ သိရှိရသည်။
မတ်လအတွင်း ကိုးကန့်နှင့်တိုက်ပွဲဖြစ်ပွားစဉ် မြန်မာအစိုးရလေတပ်က ပစ်ခတ်လိုက်သော ဗုံးသည် တရုတ်နိုင်ငံ ကျ ရောက် ပေါက်ကွဲခဲ့၍ တရုတ်နိုင်ငံသား ၄ ဦး သေဆုံးသွားခဲ့ရာ မြန်မာအစိုးရ တရုတ်အစိုးရထံသို့ တရားဝင် တောင်းပန် ခဲ့ပြီး သေဆုံးတရုတ်နိုင်ငံသားများအတွက် လျှော်ကြေးပေးအပ်ခဲ့ကြောင်း တရုတ်သတင်းဌာနများ၏ ရေးသားဖော်ပြချက် အရ သိရှိရသည်။













