အခု လက်ရှိအချိန်မှာ နိုင်ငံတကာ မယ်ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ဖို့ အတွက် Miss Golden Land Myanmar Organization က နိုင်ငံတကာ Miss ပြိုင်ပွဲ ငါးခု အတွက် Miss ငါးယောက်ကို ရွေးချယ်ပြီး ဖြစ်ပါတယ်။ ဒီထဲမှာမှ ပရိသတ် စိတ်ဝင်စားပြီး အားပေးမှုအများကြီး ရရှိထားတဲ့ Miss Intercontinental 2015 Myanmar ဆု ရရှိတဲ့ အပြင်၊ အွန်လိုင်းမှာ Voting ပေးပြီးရွေးချယ်စေတဲ့ အခါမှာလည်း People’s Choice Award ဆုကိုပါ ရရှိထားတဲ့ ရဝမ်တိုင်းရင်းသူ W မေရှင်းစိန်ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။ W မေရှင်းစိန်ဟာ Miss Intercontinental 2015 ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာလကျရင် ဂျာမနီ နိုင်ငံမှာ သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မေး။ ။ W မေရှင်းစိန်ရဲ့ အကြောင်းကို အရင်ဆုံး ပြောပြပေးပါ။ အသက်၊ ပညာအရည်အချင်း၊ ဘာလူမျိုးလဲ ဆိုတာပေါ့။
ဖြေ။ ။ ညီမရဲ့ နာမည်အရင်း ကလည်း W မေရှင်းစိန်ပါပဲ။ အသက်က ၂၃ နှစ်ပါ။ ပညာအရည်အချင်းက B.A (Psychology) ပါ။ ညီမက ရဝမ်တိုင်းရင်းသူပါ။ အဖေရော၊ အမေရောက ရဝမ် တိုင်းရင်းသား စစ်စစ်ပါ။ မွေးချင်းက ညီအစ်မ သုံးယောက် ရှိပါတယ်။ ရန်ကုန်ကို ၂၀၁၃ ခုနှစ်က ရောက်ပါတယ်။ Model Academy ဝင်ပြိုင်ဖြစ်တော့ လည်း ပြိုင်ပွဲအတွက် ဆရာဘရိုင်ယန်တို့က အကုန် အစအဆုံး သင်ကြားပေးခဲ့တယ်။ အဲဒီမှာ Second Runner up ရခဲ့တယ်။ အဲဒီ အစီအစဉ်က အဲဒီတုန်းက နေ့တိုင်း တီဗီက လာနေတော့ ကိုယ့်ကို သိနေကြတာလေ။ မှတ်မိလွယ် နေကြတာ ပေါ့။ အဲဒီနောက်ပိုင်းလည်း ညီမ Show တွေ လျှောက်ဖြစ် သေးတယ်။ တခြား ပြိုင်ပွဲတော့ ထပ်မပြိုင် တော့ဘူး။ အခုနောက်တပွဲဖြစ်တဲ့ Miss Golden Land ကို ထပ်ပြိုင် ဖြစ်တယ်။ ဒီပွဲမှာ ညီမက Miss Intercontinental 2015 Myanmar ကို ရရှိခဲ့တယ်။
မေး။ ။ အခုပြိုင်ပွဲအတွက် ရှေ့က Model Academy ကရော ဘယ်လောက် အကျိုးသက်ရောက်မှုရှိတယ်လို့ ပြောပြချင်လဲ။
ဖြေ။ ။ အဲဒါဟုတ်တယ်။ Model Academy ကို ပြိုင်ခဲ့တော့ ညီမကို တော်တော်များများ သိနေကြတယ်။ အခု ပြိုင်ပွဲမှာ People’ s Choice Award လည်း ရှိတော့၊ အဲဒါက အွန်လိုင်းမှာ Voting လည်း ရှိတော့ အရင် အားပေးကြ တဲ့ ပရိသတ်တွေက Vote လုပ်ပေးကြတယ်။ အဲဒီ အတွက်ကြောင့်လည်း အဲဒီဆုကို ရခဲ့တယ်။ သူတို့ ဆက်ပြီး အားမှုကြောင့်လည်း အများကြီးပါတာပေါ့။
မေး။ ။ Miss ပြိုင်ပွဲမဝင်ခင်က ဘာတွေလုပ်ခဲ့ဖူးလဲ။
ဖြေ။ ။ အရင်က ညီမက အစကတော့ နိုင်ငံခြားထွက်ဖို့ စဉ်းစားထားတာပေါ့ နော်။ ဒါပေမယ့်လည်း ညီမက ဒီ အနုပညာ အလုပ်ကို သိပ်ဝါသနာပါတယ်။ အဓိက သီချင်းဆိုတာကို ဝါသနာပါတာ ပေါ့။ သီချင်းဆိုတာကို ဝါသနာ ပါပေမယ့် အသံက သိပ်ကောင်းတဲ့ အထဲတော့ မပါပါဘူး။ အနုပညာနဲ့ ပတ်သက်တာကို တကယ် ဝါသနာပါတယ်၊ လုပ်ချင်တယ် ပေါ့ နော်။ သီချင်းဆိုဖို့ အတွက်ကိုလည်း အခု ညီမရဲ့ Fan တွေက ညီမပြိုင်ပွဲတုန်းက သီချင်း ဆိုပြ ထားတာကို သဘောကျကြတယ်။ အခွေထုတ်ပါ တဲ့၊ သူတို့ အရမ်း နားထောင်ချင်တယ် လို့လည်း ပြောကြတယ်။ သူတို့ အဲဒီလို ပြောတော့ ညီမက အခွေလည်း ထုတ်ချင်တာပေါ့။ ဒါပေမယ့် စဉ်းစားရဦးမှာပါ။ သီချင်းတွေက အရင် နယ်ပွဲတွေတော့ ဆိုဖူးပါတယ်။ တပုဒ်စ၊ နှစ်ပုဒ်စလောက်ပေါ့။
မေး။ ။ ဒါဆို အနုပညာနဲ့ပတ်သက်ရင် ရှေ့က ဘယ်သူတွေကို ကြိုက်လဲ၊ အားကျလဲ။
ဖြေ။ ။ ရှေ့က အစ်ကိုတွေ၊ အစ်မတွေ အကုန်လုံးကို သဘောကျပါတယ်။ မော်ဒယ်လ် ဆိုရင်လည်း မော်ဒယ်လ် အပိုင်းပေါ့၊ သရုပ်ဆောင်ဆိုရင်လည်း သရုပ်ဆောင်အပိုင်းပေါ့။ အဆိုပိုင်းမှာဆိုရင် မဖြူဖြူကျော်သိန်းတို့၊ မချစ်သုဝေ တို့ကို သဘောကျတယ်။
မေး။ ။ မိဘတွေက ကချင်ပြည်နယ် မှာပဲလား။ ကိုယ့်ရဲ့ ဒီအနုပညာ အလုပ်ကို လုပ်တာရော အားပေးကြလား။
ဖြေ။ ။ အခုတော့ အဖေနဲ့ အမေက ရန်ကုန်ကို ရောက်နေပါတယ်။ အစကတော့ သူတို့က ညီမကို အားမပေးဘူး ပေါ့။ ညီမတို့ ရဝမ်လူမျိုးတွေမှာလည်း အနုပညာအလုပ်ကို လုပ်တဲ့သူ မရှိတော့ သိပ်အား မပေးဘူး ပေါ့။ နောက်ပြီး သူတို့က ညီမကို နင်အသက်လည်း ၂၃ နှစ် ရှိနေပြီ၊ အလုပ်ကိုလည်း သေချာ မလုပ်သေးဘူးပေါ့နော်။ ဘာမှ အရည်မရ၊ အဖတ်မရ လုပ်နေတယ် ပေါ့၊ ဘာမှ နာမည်ကြီးလာမှာလည်း မဟုတ်ဘဲနဲ့ ပေါ့၊ လုပ်မနေနဲ့ အချိန်ကုန်တယ် ဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အခုကျတော့ အမေက နားလည်သွားပြီ။ အခုပြိုင်တဲ့ ပွဲမှာ ဘာမှ မလိုအောင် အစစ အရာရာ အကုန်စီစဉ်ပေးတယ်။
မေး။ ။ Miss ပွဲတွေ အများကြီး ရှိပေမယ့် ဒီတပွဲကိုပဲ ဘာလို့ ပြိုင်ဖြစ်တာလဲ။
ဖြေ။ ။ ညီမ အစကတော့ Miss World ပွဲကို ပြိုင်ဖို့ ရှိခဲ့တယ်။ အဲဒါပြိုင်မယ် ဆိုပြီး အားခဲထားတာ။ နောက် ကြားတာက Miss World က ပြည်နယ်အလိုက် ခေါ်မယ် ဆိုပြီး ကြားတယ်။ အဲလိုကြားတော့ ညီမ နည်းနည်း လန့်သွားတယ်။ ငါတော့ သွားပြီ ပေါ့။ အဲဒီအချိန်မှာ ဒီ Miss Golden Land ကလည်း ဖောင်တွေ ခေါ်နေတယ် လေ။ အဲဒီမှာ မိတ်ကပ်ဆရာ ကလည်း သွားပြိုင်ပါ၊ Miss ပွဲတိုင်း ကောင်းတယ်၊ ကိုယ့်အတွက် အတွေ့အကြုံရတယ်။ အဲဒီပွဲက ကောင်းတယ်၊ မစိုးရိမ်နဲ့ပေါ့ ဆိုပြီး အားပေးကြတယ်။ အဲဒါနဲ့ သွားပြိုင်မယ်ပေါ့ နော်။ ညီမက ဘာမှလည်း မသိဘူးလေ။ Miss Golden Land အကြောင်းလည်း မသိဘူး။ ဘာဆုတွေ ရှိမှန်းလည်း မသိဘဲ သွားပြိုင်ခဲ့တာပေါ့။
မေး။ ။ ဧပြီလအတွင်းက စရွေးခဲ့တာ နော်။ အခုပြိုင်ပွဲက ဇွန်လမှာ ဆိုတော့ ဒီနှစ်လ အတွင်းမှာရော ဘယ်လို အတွေ့အကြုံတွေ၊ အမှတ်တရတွေ ရှိခဲ့လဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ညီမတို့က အချိန်နှစ်လ အတွင်းမှာ ထရိန်နင်ပေးတယ်။ ဆရာတို့က အကုန် အစစအရာရာ သင်ပေးတယ်။ ဒီပွဲလေးမှာ ပါဝင်ရတဲ့ အတွက် ညီမ ကျေနပ်မိတယ်။ ဒီပွဲမှာ ဆုမရခဲ့ရင်တောင် ပျော်တယ်။ ပျော်တယ် ဆိုတာက စိတ်ဓာတ်ပိုင်းရော၊ ခန္ဓာပိုင်းရော အရမ်းကို ခွန်အားတွေ ရခဲ့တယ်။ Miss တယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်သလဲ စတဲ့ အရည်အချင်းတွေကို လေ့ကျင့်ပေးတဲ့ အခါကျတော့ မြန်မာနိုင်ငံမှာက ဒီလိုမျိုး မရှိဘူးလေ။
သူများနိုင်ငံမှာက Miss တယောက် ဖြစ်ဖို့ အတွက်က လွယ်တာ မဟုတ်ဘူးလေ။ အချိန်တွေ ပေးပြီး ၈ နှစ်လောက် ကြိုးစားရတာလေ။ ဖိလစ်ပိုင်က Miss ဆိုရင်လည်း ငယ်ငယ်ကတည်းက လေ့ကျင့်ခဲ့ရတာလေ။ သူဆိုရင် ငယ်ငယ်က အရမ်းဆင်းရဲ ခဲ့တယ်။ ဒါပေမယ့် သူကြိုးစားတယ်။ ၈ နှစ်လောက်ကြာအောင် လေ့ကျင့်ခဲ့ပြီးမှ Miss တယောက် ဖြစ်လာခဲ့တာ ပေါ့။
အဲလိုနဲ့ ယှဉ်ရမှာ ဆိုတော့ ဆရာက အရမ်း လေ့ကျင့်ပေးတာ။ မနက် ၉ နာရီက စပြီး ထရိန်နင် စတာနဲ့ ဒေါက်ဖိနပ်နဲ့ပဲ။ ညနေ ငါးနာရီ၊ ခြောက်နာရီအထိပဲ။ လုံးဝ မချွတ်ရဘူး။ ထမင်းစားတဲ့ အချိန်ပဲ ချွတ်ရတယ်။ ထိုင်ထ ဒဏ်ပေးရင်လည်း အဲဒီဒေါက်ဖိနပ်နဲ့ပဲ ထိုင်ထလုပ်ရတယ်။ ညီမဆိုရင် လမ်းလျှောက်ရင် ကုန်းတယ်လေ။ အဲဒီလို ကုန်းမသွားဖို့ ပေါ့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုလာတယ်။ နောက်ပြီး Miss နဲ့ မော်ဒယ်လ်နဲ့က မတူဘူးပေါ့။ Miss က ခန္ဓာကိုယ်က ပျော့ပျော့ပျောင်းပျောင်း နဲ့လေ။ ကိုယ်က အဲဒီလို မဖြစ်ဘူးလေ။ နောက်ပိုင်း လေ့ကျင့်ပါ များလာတော့ အဲဒီလို ဖြစ်လာတယ်။ စိတ်ပိုင်းကလည်း အရမ်းကွာတယ်။
အန်တီ ဆွေဇင်ထိုက်တို့က စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ အတွက် အားပေးတယ်။ အဲဒီအတွက် ကျေနပ်တယ်။ သူတို့နဲ့ ထပ်ပြီးတော့ တောင်မှ တွေ့ချင်သေးတယ်။ အန်တီဆွေဇင်ထိုက် ပြောတာထဲက မှတ်မိနေတာ ဆိုရင် ညီမ ဖိုင်နယ်တုန်းက ဖြေခဲ့သလိုပဲ အန်တီပြောခဲ့တာက လူဆိုတာ လေးမျိုးရှိတယ်ပေါ့။ လူညံ့၊ သာမန်လူ၊ လူတော်နဲ့ ထူးချွန်တဲ့လူပေါ့။ လူညံ့နဲ့ သာမန်လူက ထားတော့ လူတော်ကလည်း သူပဲတော်တာ၊ ပတ်ဝန်းကျင် တိုးတက်အောင် မလုပ်နိုင်ဘူးပေါ့။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ သူမျိုးပေါ့။ ထူးချွန်တဲ့သူကျတော့ သူကိုယ်တိုင်လည်း ထူးချွန်တယ်၊ သူများကိုလည်း ထူးချွန်လာအောင် လုပ်ပေးနိုင်တယ်။ ဒါကြောင့် ထူးချွန်တဲ့သူမျိုးပဲ ဖြစ်စေချင်တယ်ပေါ့။
လူလေးမျိုး ရှိတယ်ဆိုတာ အရင်က ညီမ တကယ် မသိခဲ့ဘူးလေ။ ဗဟုသုတလည်း နည်းတယ် ပေါ့။ မိန်းကလေး တယောက်က ထူးချွန်ဖို့ လိုအပ်တယ်။ Miss တယောက်ဆို ပိုဆိုးတယ်။ ကိုယ်တိုင်ကလည်း Miss တယောက်က အလှအပ ဆိုတာထက် ထူးချွန်တဲ့ အမျိုးသမီးတယောက်ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီ အမျိုးသမီးက ဦးဆောင်မှပဲ တခြား အမျိုးသမီးတွေကလည်း လိုက်ဖို့ ရှိမှာ။ သူကိုယ်တိုင် ထူးချွန်မှာလည်း တခြားသူကို ထူးချွန်အောင် လုပ်ပေး နိုင်မှာ လေ။ အဲဒါလေး သိရတော့ ကိုယ့်အတွက် အရမ်း ခွန်အားရတယ်။
မေး။ ။ Miss တယောက်ဖြစ်ဖို့ လှတာတခုတည်းနဲ့ မရနိုင်ဘူးလို့ ဆိုလိုတာပေါ့နော်။ ကိုယ်တိုင်ရော Miss တယောက် ဖြစ်လာတဲ့ အခါ Miss တယောက်မှာ ဘယ်လို အရည်အချင်းတွေ ရှိမှ ဖြစ်မယ်ဆိုတာ ပြောပြပါဦး။
ဖြေ။ ။ ဟုတ်တယ်။ အစက ညီမတို့ ကိုယ်တိုင်လည်း Miss ဆိုတာ ချောရင် ရတယ်လို့ မြင်တယ်။ တခြားပွဲတွေမှာ သူချောရဲ့ သားနဲ့ ဘာလို့ မရတာလဲ လို့ တွေးမိတယ်။ နောက်မှ သိတယ် ထရိန်နင် ကာလတွေ ရှိတယ်။ အဲဒီ အချိန်တွေမှာ လူတွေ အများကြီးနဲ့ ဆက်ဆံရတာတွေ ရှိတယ်။ အဲဒီအချိန်မှာ သူတို့က စိတ်ဓာတ်ပိုင်းကိုလည်း ကြည့်တယ်။ Miss တယောက်ဟာ ဆိုရှယ်လည်း ကောင်းရမယ်။ အရမ်းကြီး ကောင်းရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး၊ နောက် စိတ်ဓာတ်ပိုင်းကလည်း အရေးကြီးတယ်။
လှတာထက် အဓိက စိတ်ဓာတ်ပိုင်းပေါ့။ မလှဘူးဆိုရင် အခုခေတ် မှာက ပြင်လိုက်လို့ ရတယ်။ စိတ် မလှရင်တော့ ပြင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ ကိုယ်တိုင် ကလည်း ကြိုးစားချင်စိတ် ရှိရမယ်။ ဗဟုသုတလည်း ရှိရမယ်။ အလှအပ တခုတည်း၊ Miss လိုင်း တခုကိုပဲ သိထားရမှာ မဟုတ်ဘူး။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိုလည်း သိထားရ မယ်။ အများကြီး မဟုတ်ပေမယ့် နိုင်ငံရေး ဆိုရင်လည်း ကိုယ် ပါဝင်ရမယ့် နေရာ ဆိုရင် ပါဝင်ရမယ်။ လူမှုရေး ဆိုရင်လည်း အဲဒီအတိုင်းပဲ၊ လိုအပ်နေတဲ့ နေရာတွေကိုလည်း သွားရမယ်ပေါ့။ မလိုအပ်ဘူးဆိုတဲ့ နေရာကတော့ မရှိဘူး။ ကိုယ်တိုင်က ဦးဆောင်ရမယ်။
အဲဒီလိုမျိုး ကိုယ်က သိထားမှ သူများနိုင်ငံမှာ သွားပြိုင်တဲ့အခါမှာ ကိုယ့်နိုင်ငံ အကြောင်း ပြောပြနိုင်မယ် လေ။ ညီမလည်း အစက မသိဘူး။ အခုဆို ပြန်လေ့လာနေ ရတယ်။ ကိုယ်က သူများနိုင်ငံမှာ သွားပြိုင်ရတဲ့အခါ ကိုယ့်ကို မေးလို့ မဖြေနိုင်ဘူး ဆိုရင် အဆင်မပြေဘူးလေ။ အကုန်လုံးဘက်မှာ ထူးချွန်နေဖို့ မလိုပေမယ့် အကုန်လုံးကို Generally တော့ သိထားရမယ်။
ထရိန်နင် ကာလမှာ ဆရာတွေက Presentation တခုခု လုပ်ခိုင်းတယ်။ နေ့တိုင်း အိမ်စာ ပေးတယ်။ ကိုယ့်ဘာသာ စဉ်းစားခိုင်းတယ်။ ဘာကြောင့် Miss Myanmar တယောက် ဖြစ်ချင်တာလဲ။ အဲဒီအခါ ကိုယ်က ညတိုင်း ပြန်စဉ်းစား ရတာ၊ တင်ပြရတယ်။ နောက်နေ့ကျရင် ဆရာက အကောင်းဆုံး လူသုံးယောက်ကို ခေါ်ပြီး ဖတ်ခိုင်းတယ်။
မေး။ ။ Miss မဖြစ်ခင်က ပရဟိတ မလုပ်ဘဲ ဘာကြောင့် Miss ဖြစ်မှ ပရဟိတကို လုပ်ကြတယ် လို့ မြင်ကြတဲ့ သူတွေကိုရော ဘယ်လိုများ ပြောပြချင်တာ ရှိမလဲ။
ဖြေ။ ။ ညီမလည်း အစက အဲလို ထင်တယ်။ ညီမသူငယ်ချင်းတွေက ပြောကြတယ်၊ ဘာမှ မဟုတ်ပါဘူး၊ သူတို့က Miss ဖြစ်မှ ပရဟိတ လုပ်ကြတာ ဆိုပြီး ပြောကြတယ်။ တကယ်တော့ မဆိုင်ဘူး လို့ ညီမ ထင်တယ်။ Miss တယောက် မဖြစ်လည်း ပရဟိတ လုပ်နိုင်သလို Miss ဖြစ်မှ ပရိဟိတဆိုတာ လုပ်ရတာ မဟုတ်ပါဘူး။ ကိုယ်က အပြင်မှာ သာမန်လူလို နေပေမယ့်လည်း လမ်းသွားနေရင်း ရှေ့မှာ ချောက်ရှိတယ် နော်၊ သတိထားပါ၊ သတိထား သွားပါ၊ အဲဒီလို ပြောပေးတာကလည်း ပရဟိတ ပါပဲ။ သူ လမ်းမသိလို့ သူ့ကို လမ်းညွှန်ပြလိုက်တာ ကလည်း ပရဟိတ ပါပဲ။
ပိုက်ဆံတွေ အများကြီး သွားလှူမှ ပရဟိတဆိုတာ မဟုတ်ဘူး ပေါ့။ တချို့က လုပ်နေပေမယ့် ကိုယ်တိုင် ပရဟိတ လုပ်မိ နေမှန်း မသိကြဘူး။ Miss တယောက်ဖြစ်မှ ပရဟိတ လုပ်ရင်တော့ လူတွေက ပိုပြီး သတိထားမိကြ တာလေ။ သူက Miss တယောက်၊ လှလည်း လှတယ်၊ ထူးလည်း ထူးချွန်တယ်။ ငါတို့လည်း ဒါမျိုး လုပ်ဆောင်သင့်တယ် လို့ မြင်ပြီး လုပ်ဆောင်ကြမယ် လို့ ထင်တယ်။
မေး။ ။ ကိုယ်တိုင်ရော ဘယ်လို ပရဟိတ လုပ်ချင်လဲ။
ဖြေ။ ။ တယောက်နဲ့ တယောက်ကတော့ မတူဘူးပေါ့ နော်။ ညီမကျတော့ လူတွေကို စိတ်ဓာတ်ပိုင်း ဆိုင်ရာ အားပေးတဲ့ ဟာကို ပိုလုပ်ချင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အခုနောက်ပိုင်း ဆိုရင် လူငယ်တွေမှာ စိတ်ဓာတ်ကျတဲ့ သူတွေ ပိုများလာတယ်။ တိုးတက်လာပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာက ကျဆင်းနေတာကို တွေ့လာရတယ်။ တခါတလေ ကျရင် အကုန်လုံး ပြည့်စုံနေပေမယ့်လည်း စိတ်ဓာတ် ကျနေတာကို တွေ့ရတယ်။ နောက်ပိုင်းကျတော့ အဲဒီလို စိတ်ဓာတ်ကျနေရင်း စိတ်ရောဂါ ရသွားတဲ့သူတွေကိုလည်း အများကြီး တွေ့လာရတယ်။ အဲဒီလို လူတွေကို စိတ်ဓာတ်ပိုင်း ဆိုင်ရာအတွက် အားပေးချင်တယ်။ နောက် လူငယ်တွေမှာလည်း ကျောင်းသား ကျောင်းသူတွေကို ပေါ့။
ပြီးတော့ တောင်ပေါ်ဒေသတွေ၊ အရမ်းဝေးတဲ့ ဒေသက သူတွေဆိုရင် ဘာမှ မသိကြဘူးလေ။ ညီမတို့လည်း နယ်က လာတာ ဆိုတော့ ဘာမှမသိဘူးလေ။ အဲဒီလို ဆိုတော့ ညီမတို့ထက် ပိုဝေးတဲ့ သူဆိုရင် ပိုလ့ိုတောင် ဘာမှ သိမှာ မဟုတ်ဘူး လေ။ ညီမတို့ ပူတာအို သွားတုန်းကဆို ပိုဆိုးတယ်။ ဘောင်းဘီတို လုံးဝဝတ်လို့ မရဘူး။ လူကြီးတွေက ဘောင်းဘီတို မယူသွားနဲ့လို့ ပြောတာ။ ဘောင်းဘီတို ဝတ်ရင် မကောင်းတဲ့သူ လို့ပဲ မြင်တာ။ Miss တွေ ဘာတွေလည်း သူတို့ မသိဘူး။ အရမ်း အမြင်ကျဉ်းသေးတယ် ပေါ့နော်။ သူတို့ ကျောင်းတက်တယ်။ ပြီးရင် အိမ်ပြန်တယ်၊ တောင်ယာ လုပ်တယ်၊ ဒီလောက်ပဲ။ အဲဒီ နေရာတွေကို သွားပြီးတော့ အားပေးစကားတွေ ပြောချင်တယ်။
မေး။ ။ ကိုယ်နေခဲ့တဲ့ ဒေသကိုရော ဘယ်လိုမျိုး ပြန်လုပ်ပေးချင်တဲ့ စိတ် ဖြစ်မိလဲ။ သူတို့ကရော ညီမကို အားပေးကြလား။
ဖြေ။ ။ သူတို့ သိကြတယ်။ အခုနောက်ပိုင်း Sky Net တို့ ဘာတို့ ပေါ်လာလို့လား မသိဘူး။ ပူတာအိုဘက်မှာလည်း ရတော့ တအိမ်မှာ ရှိရင် ကျန်တဲ့လူ သုံးလေးဆယ်က ဝိုင်းပြီး ကြည့်ကြတာပေါ့။ အခုလည်း ဆုရတော့ လူကြီးတွေ ဆိုရင် ငိုကြတယ် တဲ့။ ရဝမ်လူမျိုးထဲမှာ ဆိုရင် ဒီလိုမျိုး နိုင်ငံကိုယ်စားပြုတာ မရှိသေးဘူးလေ။ သူတို့ အရမ်း ပျော်တယ် တဲ့။ အဲဒီတော့ သူတို့ ငိုကြတယ် တဲ့။ ပြီးတဲ့အထိ ကြည့်ပြီးတော့ တညလုံး အဲဒီ အကြောင်းကိုပဲ ပြောကြတာ တဲ့လေ။ ဒီတော့ ညီမကလည်း စဉ်းစားတာ ကိုယ့်လူမျိုး တမျိုးတည်း အတွက်ချည်းပဲ မဟုတ်ဘူးပေါ့၊ ကိုယ်က ကိုယ့် လူမျိုးထဲက ဒီလိုမျိုး ဦးဆောင်ပြီး လုပ်မယ် ဆိုရင် ကြည့်စမ်း ဒီရဝမ်လူမျိုးထဲက ဒီကောင်မလေးက ကြိုးစားတယ်၊ နိုင်ငံအတွက်ပါ ကြိုးစားတယ် ဆိုတဲ့ နာမည်ကောင်းလေးလည်း သူတို့အတွက် ရစေချင်တယ်။
မေး။ ။ ကိုယ့်ဒေသတွင်းမှာ ဘယ်လို အပိုင်းလေးတွေကို ပိုကောင်းအောင် လုပ်ချင်စိတ် ဖြစ်မိလဲ။
ဖြေ။ ။ အားမရတဲ့ အပိုင်းကို ပြောရမယ် ဆိုရင် ညီမ ကြီးတာက မြစ်ကြီးနားလေ၊ အဲဒီမှာ ဆိုရင် လူငယ်တွေက မူးယစ်ဆေးဝါးကို သုံးကြတယ်။ ရန်ကုန်မှာက မသုံးကြဘူး။ နောက်ပြီး ကိုယ့်အိမ်နဲ့ ကိုယ်ဆိုတော့ မသိကြဘူး။ နယ်မှာက ကျဉ်းတော့လည်း အကုန်သိကြတယ်။ ညီမ ကျောင်းတက်တုန်းက ဆိုရင် မူးယစ်ဆေးသုံးတဲ့ သူငယ်ချင်းတွေ ဆိုရင် အဖမ်းခံရတယ်လေ။ အဲဒီလိုဆိုရင် ညီမက စိတ်မကောင်းဘူး။ အခုအချိန်ထိလည်း ရှိသေးတယ်။ ယောက်ျားလေးတွေ ပိုများတယ်။ အခုဆိုရင် စိတ်ကြွဆေးတွေ ကလည်း ပေါ်လာတယ်လေ။ အဲဒီ အပေါ်မှာ ညီမက ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို စဉ်းစားတာ။ သူတို့ကို မသောက်နဲ့ လို့လည်း ပြောလို့ မရဘူး လေ။ သူတို့ အကြိုက် ဖြစ်နေတာကိုး။ ဒါပေမယ့် သူတို့ိကို ဘယ်လိုနည်းနဲ့ တားရမလဲ၊ ဘယ်လိုနည်းနဲ့ ဆွဲခေါ်ရမလဲ အဲဒါကိုပဲ ညီမ စဉ်းစားနေတယ်။ ကိုယ့်နယ်ကို ပြန်တဲ့အခါ သူတို့ကို ဘယ်လို သွားပြောရမလဲ၊ ကျောင်းတက်နေတဲ့ ကလေးတွေကိုပဲ ပြောရမှာ မဟုတ်ဘူးလေ။
မေး။ ။ နိုဝင်ဘာမှာ ဂျာမနီနိုင်ငံမှာ သွားပြိုင်ရမယ့် ပြိုင်ပွဲအတွက် ဘယ်လိုမျိုးပြင်ဆင်မှုတွေ လုပ်နေပြီလဲ။
ဖြေ။ ။ ပြိုင်ပွဲက လိုတော့လိုသေးပေမယ့် ညီမဘက်က အခုဆို ဘော်ဒီပိုင်းကို အဓိက ကစားမယ်။ လေ့ကျင့်ခန်း လုပ်မယ်။ ပြီးရင် ဘာသာစကား အတွက် ညီမက တရုတ်စကား တတ်ပေမယ့် အင်္ဂလိပ် အပိုင်းမှာ နည်းနည်း အားနည်းတယ်။ စာဖတ်တာက ရပေမယ့် အပြောဘက်မှာ ကျတော့ ပြောလေ့ မရှိတော့ နည်းနည်း အားနည်းတယ်။ အဲဒီအတွက် အင်္ဂလိပ်စာပိုင်းကို ပြန်လေ့လာမယ်။ ဂျပန်စာကလည်း နည်းနည်း ရတယ်။ အခု သေချာ ပြန်လုပ်ရဦးမယ်။ သူများ နိုင်ငံ သွားပြီ ဆိုကတည်းက နိုင်ငံပေါင်းစုံက လူတွေနဲ့ တွေ့ရမှာလေ။ တချို့ အင်္ဂလိပ်စကား လုံးဝ မပြောတတ်တဲ့ သူလည်း ရှိမှာပဲလေ။ ဘာသာစကားကို အဓိကထားပြီး လေ့လာသွားမယ်။ နောက်ပြီး အခြေခံ ဗဟုသုတ တွေကိုလည်း သိအောင် လေ့လာသွားမယ်။
မေး။ ။ ပြိုင်ပွဲပြီးသွားရင်ရော ဘာတွေ ဆက်လုပ်ဖြစ်မလဲ၊ ကိုယ့်ရဲ့ အနာဂတ် Plan ကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ ညီမကတော့ အဓိက အနုပညာကို ဝါသနာပါတာလေ။ ညီမ ထင်တယ် ညီမအနုပညာ အလုပ်ကို ဆက်လုပ်ဖြစ်မယ်။ Miss Golden land က ပေးတဲ့တာဝန်တွေကို ထမ်းဆောင်မယ်။ နောက်ပြီး စဉ်းစားထားတာ တခုရှိတယ်။ ဖောင်ဒေးရှင်းတခု ထောင်ဖို့ ပေါ့။ စဉ်းစားထားတာတွေတော့ အများကြီးပဲ တဖြည်းဖြည်းချင်း လုပ်သွားမှာပါ။
မေး။ ။ ဘယ်လို ဖောင်ဒေးရှင်းမျိုးလဲ။
ဖြေ။ ။ ညီမ စဉ်းစားထားတာက ခါကာဘို ဆိုပြီး နာမည်ပေးမယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ သူ့ရဲ့ ရည်ရွယ်ချက်က တချို့ ပြောတာ ရှိတယ်။ ဖောင်ဒေးရှင်း ဆိုရင် မိဘမဲ့ ကလေးတွေ အတွက်ပဲလား ပေါ့။ ဒါမှမဟုတ်လည်း အဘိုးအဘွားတွေ အတွက်ပဲ လား။ ညီမ လုပ်မယ့် ဖောင်ဒေးရှင်းက အဲဒီလိုလည်း မဟုတ်ဘူး။ တယောက်တည်း၊ တဦးတည်း အတွက် သီးသန့် မဟုတ်ဘဲ ဘယ်နေရာတွေမှာ လိုအပ်နေလဲ။ လိုအပ်တဲ့ နေရာအကုန်လုံးကို ကူညီဖို့ပါ။
မေး။ ။ မိန်းကလေး တယောက်အနေနဲ့ အလှအပပိုင်းကို ထိန်းသိမ်းထားတဲ့ အပိုင်းကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အမှန်အတိုင်း ပြောရရင် ညီမက အလှအပပိုင်း အရမ်းကြီးလုပ်တဲ့ အထဲမှာ မပါပါဘူး။ ညီမ စိတ်ထဲမှာ တွေးထားတာ က စိတ်ထဲမှာ လှနေရင် ရုပ်ကလည်း လှနေမှာပဲ လို့လေ။ ဘယ်လောက်ပဲ လှအောင် ပြင်ထားရင်တောင် ငါစိတ်ဆိုး နေရင် ငါ့ရုပ်က လှနေပါ့မလား။ ဒါကြောင့် ညီမက အလှအပကို သိပ်ပြီး ဂရုမစိုက်တဲ့ အထဲမှာ ပါပါတယ်။ ထရိန်နင် တုန်းကလည်း ဆရာတို့က အလှပြင်ခိုင်း တယ်။ ဒီအတိုင်းပဲ ပြင်သွားပြီး သွားလိုက်တာပဲ။ အထွေအထူးကြီး လုပ်တာတော့ မရှိပါဘူး။
မေး။ ။ ကိုယ့်ရဲ့ ကာရိုက်တာကရော ဘယ်လိုရှိလဲ။ Lifestyle ကရော ဘယ်လိုမျိုးရှိလဲ။
ဖြေ။ ။ ညီမစိတ်က နည်းနည်း Rock ဆန်တယ် ပေါ့။ အပြင်ပိုင်းက ကြည့်ရင် ညီမကို စိတ်က ပျော့တယ်သာ ထင်ရပေမယ့် သီချင်းတွေ နားထောင်ရင်လည်း Rock သီချင်းတွေကို ပိုကြိုက်တယ်။ မသိတဲ့လူတွေ ဆိုရင် စကားမပြောဘူး ထင်ရပေမယ့် သိတဲ့သူတွေ ဆိုရင် ညီမကို ပေါတယ် လို့ ပြောကြတယ်။ စကားများတယ် ပေါ့။ ညီမ Lifestyle က ညီမက အပြင်ထွက်တာ အရမ်းနည်းတယ်။ မော်ဒယ်လ် သူငယ်ချင်း အသိတွေတော့ ရှိပေမယ့် အဆက်သွယ် မလုပ်ဖြစ်ဘူး။ ကိုယ့်ဘာသာ အိမ်မှာပဲ နေဖြစ်တာ များတယ်။ အိမ်မှာ စာအုပ်ဖတ်ရင်ဖတ်၊ မဖတ်ရင် တီဗီကြည့်တယ်။ ရုပ်ရှင်ကြည့်ရတာလည်း ကြိုက်တော့ ညီမတွေနဲ့ သွားကြည့်ဖြစ်တယ်။ ဒီလောက်ပါပဲ။
မေး။ ။ အွန်လိုင်းမှာ Voting လုပ်ပေးကြတဲ့ ကိုယ့်ရဲ့ ပရိသတ်ကိုရော တခုခုပြောပြချင်တာ ရှိမလား။
ဖြေ။ ။ ညီမကို ဆုရအောင် လုပ်ပေးတဲ့ အွန်လိုင်းက Fan တွေကို ကျေးဇူးတင်ပါတယ်။ တချို့ဆို အကောင့် ဆယ်ခုလောက် ဖွင့်ပြီး လုပ်ပေးတယ်တောင် ကြားပါတယ်။ တယောက်ချင်းစီကို ပြန် မပြောနိုင်ပေမယ့် Status တွေ ရေးပြီး ကျေးဇူးတင်ကြောင်း ပြောဖြစ်ပါတယ်။ တကယ် ကျေးဇူးတင်ပါတယ်။ နောက်ပြီး Voting မပေးနိုင် ရင်တောင်မှာ Sky Net က လွှင့်တုန်းက ကြည့်ပြီးအားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်။ ညီမက နိုဝင်ဘာမှ သွားပြိုင်ရမှာ ပါ။ ညီမကို ဆုတောင်းပေးကြပါ၊ ညီမက ခရစ်ယာန်ဆိုတော့ ဆုတောင်းပေးတာကို အရမ်းကြိုက်ပါ တယ်။ တခြားဘာသာဝင်တွေ ကလည်း သူဆုရပါစေ ဆိုပြီး ပြောပေးတာ ကလည်း ဆုတောင်းပေး တာပဲ ပေါ့နော်။ အဲဒီလို အတွက်လည်း ညီမ အရမ်းအားရပါတယ်။ အဲဒီအတွက် သူများနိုင်ငံမှာ သွားပြိုင်တဲ့ အခါမှာလည်း အစစအရာရာ အဆင်ပြေစေဖို့ ဆုတောင်းပေးကြပါ လို့လည်း ပြောချင်ပါတယ်။ ။