မွန်ပြည်နယ်တွင် မြေသိမ်းခဲ့ကြောင်း စွပ်စွဲခံရသူတဦးက ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မြေယာ အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို အသရေဖျက်မှုဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။ အဆိုပါ အဖွဲ့၏ ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် စာတမ်းတခုတွင် ၎င်းနှင့် ပတ်သက်၍ လွဲမှားစွာ ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်ဟုလည်းဆိုသည်။
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ထုတ်ဝေခဲ့သော “တောင်ယာ ခင်းနှင့် သွေးချင်းမျက်ရည် ” အမည်ရှိ သုံးသပ် အကြံပြုစာတမ်းတွင် ပြည်နယ် ၇ ခုမှ မြေယာ အငြင်းပွားမှုများ နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားသည်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဦးရန်လင်းအောင်ဆိုသူက ရေးမြို့နယ်တွင် တောင်သူ ၁၄ ဦးပိုင် မြေ ၁၇၄ ဧကကို ပြည်နယ်အာဏာပိုင်များနှင့် ပူးပေါင်း သိမ်းယူခဲ့ပြီး တောင်သူများကို တရားစွဲထားကြောင်းလည်း ဖော်ပြထားကြောင်း သိရသည်။
ဦးရန်လင်းအောင်က မော်လမြိုင်ခရိုင်တရားရုံးတွင် ၎င်း၏ ဂုဏ်သိက္ခာကိုထိခိုက်သည်ဟုဆိုကာ မနုနုအောင်နှင့် အခြားအဖွဲ့ဝင် ၂ ဦးဖြစ်သည့် ကိုထွန်းမြင့်အောင်နှင့် ကိုမျိုးသန့် တို့ကို တရားစွဲခြင်း ဖြစ်ပြီး နစ်နာကြေး အဖြစ် ကျပ်သိန်း ၅၀၀ တောင်းထားကြောင်း တောင်သူများ၏ အသိမ်းခံရသည့်မြေများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးနေသော ၈၈ မျိုးဆက် အဖွဲ့၏ စိုက်ပျိုးရေးနှင့် စီးပွားရေးကော်မတီမှ မနုနုအောင် က ဧရာဝတီသို့ပြောသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဝင်များကို တရားရုံးက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဆင့်ခေါ်ခဲ့ပြီး အမှုကို လက်ခံခြင်းရှိ၊ မရှိကို တရားရုံးက ဆုံးဖြတ်ခြင်းမရှိသေးကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် နောက်တကြိမ်ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် အစီရင်ခံစာသည် ၎င်းတို့အဖွဲ့၏ စိုက်ပျိုးရေးနှင့် စီးပွားရေးကော်မတီသို့ တောင်သူလယ်သမားများ က ပေးပို့လာသည့် တိုင်ကြားမှုများကို အခြေပြုခြင်း ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) အဖွဲ့ဝင်များက တိုင်ကြားမှုများကို ကွင်းဆင်း လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အစီရင်ခံစာတွင် ဖော်ပြထားသည့် အချက်အလက်များက မှန်ကန်ကြောင်း မနုနုအောင်ကပြောသည်။
“မြေသိမ်းယူမှုတွေနဲ့ မြေအငြင်းပွားမှုတွေကို အစိုးရက ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး တောင်သူလယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ အားထုတ်မှုတခုအနေနဲ့ စာအုပ်ထုတ်ခဲ့တာဖြစ်ပါတယ်” ဟု မနုနုအောင်က ပြောသည်။