မော်လမြိုင် ထောင်တွင် အကျဉ်းကျ နေသည့် အကျဉ်းသား ဦးရေ၏ ထက်ဝက်ခန့်မှာ မူးယစ်ဆေးဝါမှုဖြင့် အကျဉ်းကျ နေခြင်း ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ယနေ့ ပြုလုပ်သည့် မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ပထမ တစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြား ခဲ့သည်။
“မော်လမြိုင် ထောင်ထဲမှာ ထောင်ကျတာ ၁၂၅၉ ယောက် ရှိတယ်၊ အဲဒီထဲမှာ မူးယစ်ဆေးဝါးမှုက ၆၅၀ ကျော်ပါတယ်။ အဲဒီတော့ လူနှစ်ယောက်မှာ ၁ ယောက်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေတယ်၊ အဲဒါအပြင် အခု ထပ်ဖမ်းမိတာလည်း အများကြီး ရှိပါတယ်” ဟု ဒေါက်တာ အေးဇံက ပြောသည်။
မွန်ပြည်နယ်တွင် NLD အစိုးရ ရွေးကောက် တင်မြှောက် ခံခဲ့ရပြီးနောက် ပထမ တစ်နှစ်တာ ကာလ အတွင်း မူးယစ် ဆေးဝါးနှင့် ဆက်စပ်သည့် အမှုပေါင်း ၃၀၀ ခန့် ဖော်ထုတ် အရေးယူ နိုင်ခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ်သိန်းပေါင်း ၅ ထောင်ကျော်အား ဖမ်းဆီး ရမိခဲ့ကြောင်း လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီးကလည်း ဧရာဝတီ သတင်း ဌာန၏ မေးခွန်း အား ဖြည့်စွက်ရှင်းပြသည်။
“အရေအတွက် အားဖြင့်တော့ စိတ်ကြွှရှူးသွပ် ဆေးပြား အလုံးရေ တသိန်းကျော်၊ ဘိန်းဆီခဲ ၅ ဂရမ်၊ ဆေးခြောက် ၃ မှု ၁၃ သိန်း ကျော်ဖိုး၊ အိုက်စ် ၈ သိန်းကျော်ဖိုး၊ ဘိန်းစာရွက် ၁၀ သိန်းကျော်ဖိုး၊ စုစုပေါင်း ခန့်မှန်း တန်ဖိုး ကျပ်သိန်းပေါင်း ၅၂၉၀ နီးပါး ရှိတဲ့ မူးယစ် ဆေးဝါး တွေကို ဖမ်းဆီး ရမိ ခဲ့ပါတယ်” ဟု မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ထပ်မံ ဖြည့်စွက် ဖြေကြား သွားခဲ့သည်။
ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါး များထဲတွင် စိတ်ကြွှ ရှူးသွပ် ဆေးပြား ဖမ်းဆီး ရမိမှုမှာ အများဆုံး ဖြစ်ကာ ခန့်မှန်း သိန်း ၅ ထောင်ကျော်အထိ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
မကြာမီ ကျင်းပမည့် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မူးယစ်ဆေးဝါး များအား မီးရှိူ့ ဖျက်ဆီးရန် မွန်ပြည်နယ်မှ ပူးပေါင်း၍ ပါဝင်ရန်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါး ဖမ်းစီး ရမိစဉ်၌ သက်ဆိုင်ရာ တရားရုံး၏ စီရင်ချက် ချထားမှုနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ လမ်းညွှန်မှုများ အတိုင်း စီမံ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ရှင်းပြသည်။
မွန်ပြည်နယ် အစိုးရ အဖွဲ့၏ ပထမ တစ်နှစ်တာ အတွင်း ဆောင်ရွက် ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို မော်လမြိုင်မြို့ အစိုးရ အဖွဲ့ရုံး၌ မေလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံနှင့် အခြား အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေ ချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ တက်ရောက် ခဲ့ကြသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက အစိုးရ၏ ပထမ တစ်နှစ်တာ ကလ အတွင်း အကောင်အထည် ဖော်ခဲ့သည့် လမ်းတံတားများ အခြေအနေ၊ ပညာရေး ကျန်းမာရေး အခြေအနေနှင့် အခြား အခြေအနေများကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်အချို့သို့ သွားရောက် စစ်ဆေးစဉ်ကလည်း အကျဉ်းကျခံနေရသူ အများစု၏ အမှုများသည် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့်အမှုများဖြစ်သည်ကို တွေ့ရှိရကြောင်း ပြောဆိုထားသည်။