သတင်း

မြောက်ပိုင်း ၅ ဖွဲ့ စစ်ရေး လေ့ကျင့်မည်ဆိုခြင်း မဟုတ်ဟု TNLA ပြော

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) အပါအဝင် မြောက်ပိုင်း ၅ ဖွဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မည်ဆိုသော သတင်းမှာ မမှန်ဟု တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)မှ ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာခူးလန်းက ဧရာဝတီသို့ ပြောသည်။

Tai Freedom သတင်းဌာနက ၂၀၁၈ ခုနှစ်၊ဇူလိုင် ၁၂ ရက်တွင် မြောက်ပိုင်း စစ်ရေး မဟာမိတ်များ ဖြစ်သည့် ကိုးကန့်အဖွဲ့(MNDAA)၊ တအန်း(ပလောင်)အဖွဲ့(TNLA)၊ ကချင်အဖွဲ့(KIA)၊ “ဝ”အဖွဲ့ (UWSA)၊ ရှမ်းအဖွဲ့ (SSPP/ SSA)တို့ ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဖာဆွမ်ကျေးရွာအုပ်စု၊ ပန်လောက်ကျေးရွာ အရှေ့တောင်ဘက်ရှိ နောင်ကောက်လုဒေသ၌ ပူးတွဲစစ်ရေး လေ့ကျင့်ရန် ပြင်ဆင်နေကြောင်း ရေးသား ဖော်ပြထားသည်။

ထိုအပေါ် TNLA နှင့် SSPP တို့က မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး၊ TNLA မှ ဒုဥက္ကဌ ဗိုလ်မှူးချုပ် တာခူးလန်းက “ အဲဒါလုပ်ကြံသတင်းပါ။ ကျနော်တို့ အဲဒီလိုမျိုး မရှိပါဘူး။ UWSA အနေနဲ့လည်း ကျနော်တို့ဘက်ကို ဝင်လာဖို့ မရှိပါဘူး။ UWSA လည်း သူတို့က နယ်ကျော်ပြီးတော့မှ သွားလုပ်ဖို့ မရှိဘူး။ အဲဒါ ဘယ်သူက ချွန်တာလည်း မသိဘူးပေါ့။ အဲဒါမျိုးတွေက ကျနော်တို့ကို ပြောမယ်ဆိုရင်တော့ ပျက်ပြားစေချင်တဲ့ အဖြစ်မျိုးပေါ့”ဟု ပြော သည်။

သို့သော် မည်သည့်အချိန်မှ မည်သည့် အချိန်အထိ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်ဆိုခြင်းမှာ ဖော်ပြ ထားခြင်းမရှိသည်ကို တွေ့ရသည်။

ထိုအပေါ် SSPP/SSA ကလည်း ၂၀၁၈ ခုနှစ် ဇူလိုင် ၁၂ ရက် လွန်ခဲ့သည့် ၆ နာရီခန့်တွင် RCSS ဗဟိုဌာနချုပ်မှ ထိန်းချုပ် ဝါဒဖြန့်နေသည့် www.taifreedom.com နှင့် Facebook စာမျက်နှာ၌ မိမိတို့ ရှမ်းပြည်တိုးတက်ရေး ပါတီနှင့် မြောက်ပိုင်းမဟာမိတ် စုပေါင်း(၅) ဖွဲ့သည် နမ္မတူမြို့နယ်နှင့် ကျောက်မဲမြို့နယ်များ ပူးတွဲစစ်ရေး လေ့ ကျင့်ရန် ပြင်ဆင်နေသည်ဟု မဟုတ်မမှန် သတင်းရေးသား ဝါဒဖြန့်ခဲ့ကြောင်း ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့ သည်။

ဤမဟုတ်မမှန်သော သတင်း အပြစ်ဖို့ ဝါဒဖြန့်နေခြင်းမျိုးသည် အပြုသဘောမဆောင်ပဲ အဖျက်လုပ်ငန်းများ သာ ဖြစ်သောကြောင့် လုံးဝကန့်ကွက်ကြောင်း၊ ယခုလို နိုင်ငံတော်အစိုးရမှ ကြီးမှူး ကျင်းပ နေသော တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကြီးကို တက်ရောက်နေသော မြောက်ပိုင်း မဟာမိတ်အဖွဲ့ များ အတွက် အကြပ် ရိုက်စေရန်နှင့် ညီလာခံကြီးကို တမင် သက်သက် ဖန်တီး တိုက်ခိုက်ဖျက်စီးရာ ရောက်ပါ သည်”ဟု SSPP/SSA ကထုတ်ပြန် ပြောသည်။

ဤမဟုတ် မမှန် လုပ်ကြံသည့် ဝါဒဖြန့်သတင်းမျိုးသည် မိမိတို့ SSPP/SSA နှင့် RCSS/SSA အကြား သာမက တခြား မြောက်ပိုင်းမဟာမိတ်များ အားလုံးနှင့်ရော မြန်မာ့တပ်မတော်နှင့် အစိုးရပါ ရိုက်ခတ်မှုဖြစ်စေပြီး မိမိတို့ အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြားစေရန် လုပ်ကြံရေးသား ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း လေ့လာ တွေ့ရှိ ရပါကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

“ ၎င်းသတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မိခင် အဖွဲ့အစည်းမှ တာဝန်ယူ ရမည်”ဟုလည်း ဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာမှ ရပ်ရွာ တာဝန်ရှိသူ တဦးက ပူးပေါင်း၍ လှုပ်ရှားမှုများ ရှိကြောင်း သတင်းများ ထွက်နေကြောင်း၊ အင်အား ၆၀၀ ဝန်းကျင်လောက် ယူနီဖောင်းလဲပြီးမှ သင်တန်းများ ပေးသည်ဟုလည်း ကြားရကြောင်း သို့သော် မြောက်ပိုင်း ၅ ဖွဲ့မဟုတ်ပဲ ရှမ်းနှင့် ပလောင်ပဲ ပူးပေါင်း လှုပ်ရှားနေ သည်ကို တွေ့ရကြောင်း ဆိုသည်။

“ ဟုတ်တယ်။ ပေါင်းတာတော့ ဟုတ်တယ်။ ဒါပေမယ့် စစ်ရေး လေ့ကျင့်မှုတော့ မရှိလောက်ဘူးဗျ။ ကြည့်ရတဲ့ ပုံကလည်း သူတို့ လှုပ်ရှားမှုက အခုလောလောဆယ်တော့ ကျနော်တို့ တွေ့တာ ရှမ်းနဲ့ပလောင်ဘဲ။ တချို့ပြော ကြတာတော့ ဝလည်း ပါတယ်။ ကိုးကန့်လည်း ပါတယ်။ ရှမ်းလည်း ပါတယ်။ ပလောင်လည်း ပါတယ်။ တကယ် ပါလား မပါလား မသိဘူး။ ကျနော်တို့ တွေ့တာတော့ ရှမ်းနဲ့ပလောင်ပဲ ပါတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ရှမ်း(SSPP/SSA)၊ ပလောင်(TNLA) ပူးပေါင်း အဖွဲ့သည် နမ္မတူ- လားရှိုး ကားလမ်းဘေးကနေ မန်စံ- လားရှိုးကြားမှာ ယခု ရက်ပိုင်းအတွင်း လှုပ်ရှားနေကြကြောင်း မိုင်းရင်ဒေသခံများက ပြောသည်။

“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာဒီမိုက ရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ တအန်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တို့သည် ဒီမိုကရေစီ မဟာမိတ် တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) နှင့် ရက္ခိုင့်တပ်မတော်(AA)တို့လည်း ပါဝင်သော FPNCC အဖွဲ့ဝင်များ ဖြစ်သည်။

FPNCC သည် စစ်ရေး မဟာမိတ် မဟုတ်ပဲ နိုင်ငံရေး မဟာမိတ်အနေဖြင့် ဖွဲ့စည်းထားသော မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတရပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဖွဲ့ဝင်များသည် ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပနေသော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်နေကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading