ရခိုင်ပြည်နယ်ကို ကွန်ဖက်ဒရိတ်အဆင့် ရရှိသည်အထိ ကြိုးစားသွားရန် နိုင်ငံရေး ရည်မှန်းချက် ထားထား သည်ဟု ရက္ခိုင့်တပ်မတော် (AA)၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင် က “ကျနော်တို့က အခြေခံဥပဒေနဲ့ အညီ ‘ဝ’လိုမျိုး အာဏာခွဲဝေမှု မြင့်မားတဲ့ (Confederate) အခြေအနေကို ပိုသဘောကျတယ်။ ကျနော်တို့ ရခိုင်ပြည်၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုး မျှော်လင့်ချက်နဲ့လည်း ပိုပြီး ဆီလျော်တယ်ထင်တယ်”ဟု ပြောသည်။
AA ၏ မဟာမိတ်ဖြစ်သည့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်မျိုးကို လိုချင်ကြောင်း၊ ဖက်ဒရယ်ထက် ‘ဝ’ကဲ့သို့ ကွန်ဖက်ဒရိတ်က ပိုကောင်းသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဆိုသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “Confedarate ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိတယ်။ ဒါပေမယ့် အတူတကွ ဘုံကာကွယ်ရေး စနစ်တွေတော့ ရှိမှာပေါ့။ ဒီခေတ်မှာတော့ ဈေးကွက်စနစ်တွေ နိုင်ငံခြားရေးတွေမှာ ပူးပေါင်းဆောင်ရွက်မယ်။ ကျန်တဲ့ ကိုယ့်ရဲ့ ကံတရားနဲ့ ကိုယ် စီမံပိုင်ခွင့်ဆိုတာကတော့ လူမျိုးတိုင်းရဲ့ ဆန္ဒမျှော်မှန်းချက်ပေါ့။ အဆင်ပြေအောင် ကျနော်တို့ ကြိုးစားလို့ ရပါတယ်”ဟုလည်း ပြောသည်။
ရခိုင်ပြည်နယ်တွင် မဟာဗျူဟာကျသည့် စီမံကိန်းများ၊ စီးပွားရေးများရှိသော်လည်း ရခိုင်လူမျိုးများက ဆင်းရဲမွဲတေပြီး အကျိုးစီးပွားကို ခံစားရခြင်း မရှိဟုလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။
AA သည် ၂၀၁၅ ခုနှစ်မှစ၍ မြန်မာ- အိန္ဒိယ နယ်စပ်ရှိ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တွင် အခြေစိုက်ပြီး ယခုအခါ မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဝင်ရောက်လှုပ်ရှားနေပြီ ဖြစ်သည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်းတို့ AA အနေဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) မှ နိုင်ငံရေးအရ ဆွေးနွေးလိုချက်များအဖြစ် ကိုင်စွဲထားသည့် UWSA ၏ အထွေထွေမူဝါဒနှင့် အသေးစိတ်တောင်းဆိုချက်များ (မူကြမ်း)ကို ဆုပ်ကိုင်ထားသည်ဟု ပြောသည်။
အဆိုပါ မူကြမ်းတွင် တောင်းဆိုချက် ၁၅ ချက်ကို အသေးစိတ်တောင်းဆိုထားပြီး ဖက်ဒရယ်ထက် အဆင့်မြင့်သည့် ကွန်ဖက်ဒရိတ် စနစ်များကို ရေးဆွဲထားသည်။
မူကြမ်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာစနစ်၊ သမ္မတအရည်အချင်း သတ်မှတ်ခြင်း၊ လွှတ်တော် အမတ်နေရာ ခွဲဝေမှု၊ တိုင်းရင်းသား ပြည်နယ်များတွင် တိုင်းရင်းသားတပ်မတော် ဆက်လက်ထားရှိရေး၊ ပြည်နယ်များတွင် လွတ်လပ်စွာ တရားစီရင်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ဥပဒေပြုခွင့်၊ ပြည်နယ်များ ကိုယ်ပိုင်မူဝါဒဖြင့် သယံဇာတ တူးဖော်ခွင့်၊ အခွန်နှင့် ငွေကြေးဆိုင်ရာ စနစ်များကို ပြည်ထောင်စုအစိုးရ ချုပ်ကိုင်ခွင့် မပါပဲ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်များ ကို အသေးစိတ် ရေးဆွဲထားသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နယ်မြေဆက်စပ်သည့် တိုင်းရင်းသားပြည်နယ်များ ကို ပြည်ထောင်စုအစိုးရမှ စွက်ဖက်မှု မပါပဲ ပြည်ပဆက်ဆံခွင့် အာဏာပေးအပ်ရန်၊ ကမ္ဘာ့နိုင်ငံများနှင့် ဒေသအသီးသီးမှ လူပုဂ္ဂိုလ်များ၏ ဝင်ရောက်ခွင့်၊ နေထိုင်ခွင့်၊ ထွက်ခွာခွင့်ကို တိုင်းရင်းသားပြည်နယ်မှ စီရင်ပိုင်ခွင့်ရှိရန်၊ ပြည်ထောင်စုအစိုးရမှ အာဏာလွှဲ၍ တိုင်းရင်းသားပြည်နယ်ကို အိမ်နီးချင်းနိုင်ငံနှင့် အပြန်အလှန်ဗီဇာမဲ့ စာချုပ်ကို ချုပ်ဆိုနိုင်ရေးတို့ အသေးစိတ် ပါရှိသည်။
ထို့ပြင် နယ်စပ်ရေးရာလုံခြုံရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားတပ်မတော်ကိစ္စ၊ လူမှုရေးရာ ကိစ္စရပ်များတို့ိကို လည်း တောင်းဆိုချက်များ အသေးစိတ် ရေးသားထားသည်။
FPNCC ပါ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် ထိုမူကြမ်းပေါ် ရပ်တည်ပြီး အစိုးရနှင့်ဆွေးနွေးလိုသည် ဟု ၂၀၁၇ ခုနှစ်က တည်းက တောင်းဆိုထားသည်။ အစိုးရက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ပေါ်တွင်သာ ပါဝင်ဆွေးနွေးရန် ပြောဆိုထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA တပ်ဖွဲ့ မြန်မာ-အိန္ဒိယ နယ်စပ်တွင် လှုပ်ရှားနေခြင်းနှင့် ပတ်သတ်၍ အိန္ဒိယဘက်မှ နားလည်မှု ရရန် ကြိုးစားနေမှုများလည်း ရှိသည်ဟု ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က “တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက လွတ်လွတ်လပ်လပ် ကိုယ့်နယ်မြေကိုယ် အုပ်ချုပ်ခွင့်ရတဲ့ ဝနဲ့ မိုင်းလားဧရိယာတွေကို သဘောကျတာ တော့ အမှန်ပဲ။ အဲ့အခြေခံပေါ်မှာမှ သူတို့ ဧရိယာ သူတို့ အုပ်ချုပ်ပိုင်ခွင့်ရတယ် ဆိုရင်သူတို့ ဧရိယာကို တိုးတတ်အောင် လုပ်နိုင်ကြမယ်လို့ မြင်နေကြတယ်”ဟု ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ကွန်ဖက်ဒရိတ် ရည်မှန်းချက်ကို တပ်မတော်က လက်မခံနိုင်ပါက ဆွေးနွေးဖြေရှင်း၍ ရမည် မဟုတ်ပဲ တိုက်ပွဲကြီးများ ဖြစ်နိုင်သည်ဟု ဦးမောင်မောင်စိုး က ဆိုသည်။
“ဝ တို့ မိုင်းလားတို့က ရှိပြီးသား ပြဿနာတွေ ဖြစ်တယ်။ အခု အသစ်နေရာတွေမှာ အဲ့လိုဖြစ်လာတယ်ဆိုရင် တော့ စစ်ပွဲတွေ ကြီးကြီးမားမား ပြန်ကြုံရနိုင်တယ်လို့ ထင်ပါတယ်။ ဒီအပေါ်မှာ မှားတယ် မှန်တယ်လို့ မှတ်ချက် မပေးချင်ပါဘူး။ ဖက်ဒရယ်ပုံစံနဲ့ ပတ်သတ်လို့ ကွန်ဖက်ဒရိတ် ပုံစံနဲ့ပတ်သတ်လို့ လူမျိုးတိုင်းက မတူတဲ့ စဉ်းစားမှုတွေရှိပါတယ်” ဟုလည်း ဦးမောင်မောင်စိုးက ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) ဒုဥက္ကဌ ဒေါ်အေးနုစိန်က AA ၏ နိုင်ငံရေးရည်မှန်းချက်ကို ဝေဖန်ရန် မရှိကြောင်း၊ ၎င်းတို့ ANP ပါတီမှ ရခိုင်တိုင်းရင်းသားများ၏ လိုလားချက်၊ တောင်းဆိုချက်များကို ပြုစုထားသည့် စာတမ်း တစောင်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ရာစုပင်လုံ အစည်းအဝေးများတွင် တင်ရာ ဖက်ဒရယ်ထက် ကျော်သည့် ကွန်ဖက်ဒရိတ်အဆင့် တောင်းဆိုချက်များ ဖြစ်နေသည်ဟု ဝေဖန်ခံရဖူးကြောင်း ပြောသည်။
ဒေါ်အေးနုစိန်က “ကိုယ်တို့ နယ်မြေရဲ့ဖွံ့ဖြိုးတိုးတတ်မှုကို အားကောင်းမောင်းသန် လုပ်နိုင်မယ့် အရင်းအမြစ် တွေ အများကြီး ရှိရဲ့သားနဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ စနစ်ကြောင့် ရခိုင်ဟာ ပြည်နယ်နဲ့ တိုင်း ၁၄ ခုမှာ အောက်ဆုံးအဆင့်ဖြစ်နေပြီ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပင်လယ်ထွက်ပေါက်၊ သဘာဝသယံဇာတ များနှင့် လူ့အရင်းအမြစ်များ ရှိသော်လည်း ရခိုင်လူမျိုးများက ဆင်းရဲမွဲတေပြီး နေရပ်စွန့်ခွာကာ အလုပ်ရှာနေရပြီး ပညာရေးနှင့် ကျန်းမာရေးပါ နိမ့်ကျ နေသည်ဟု ပြောသည်။
ရခိုင်လူမျိုးများက တန်းတူညီမျှရေးနှင့် မိမိကံကြမ္မာကို မိမိဖန်တီးပိုင်ခွင့်များကို ရရန် လိုအပ်သည်ဟုလည်း ဒေါ်အေးနုစိန်က ပြောသည်။
AA သည် ဧပြီလ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ရခိုင်လူငယ် ၂၆ ဦးဖြင့်စတင် ဖွဲ့စည်းခဲ့ပြီး ယခုအခါခန့်မှန်းအင်အား ၇၀၀၀ ခန့်ရှိပြီဖြစ်သည်။
၂၀၁၅ ခုနှစ်မှစ၍ မြန်မာ-အိန္ဒိယ နယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် ဝင်ရောက် လှုပ်ရှားလာသဖြင့် တပ်မတော်နှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပွားလျက်ရှိသည်။
ဇန်နဝါရီလ ၄ ရက်က ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်တပ် ရဲစခန်း ၄ ခုကို ဝင်ရောက် တိုက်ခိုက်ပြီး လက်နက် ၄၀ ကျော်၊ ကျည်ဆံ ၁၆၀၀၀ ကျော်တို့ကို ယူသွားသည်။
တိုက်ခိုက်မှုတွင် ရဲ ၁၃ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရသည်။
နိုင်ငံတော် သမ္မတရုံးက AA ကို အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ကာ ရဟတ်ယာဉ်နှင့် တပ်အင်အား များ အသုံးပြု၍ ချေမှုန်းရန် တပ်မတော်နှင့် သဘောတူထားသည်။
ဆက်စပ် ဖတ်ရှုရန် – AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၁)
တပ်မတော်နှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်ပြော