စင်ကာပူ ပြည်သူ့ဝန်ဆောင်မှု အတွေ့အကြုံ

ပန်ဒိုရာ
စင်ကာပူအစိုးရဝန်ဆောင်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကြားမှာ efficient ဖြစ်တယ် / salary.sg
Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ကျမ ကျောင်းပြီးတဲ့အချိန်နဲ့ စင်ကာပူ စီးပွားပျက် ကပ်ဆိုက်ကာလ ကြုံခဲ့ရတယ်။ ကိုယ်ရထားတဲ့ ဘွဲ့က စီးပွားရေးလုပ်ငန်းတွေ၊ ကုမ္ပဏီ စီမံခန့်ခွဲမှုလုပ်ငန်းတွေ အတော်များများနဲ့ တိုက်ရိုက် မသက်ဆိုင်သလို ဖြစ်နေတဲ့အခါ တော်တော်နဲ့ အလုပ်မရပါဘူး။

နောက်တော့ စင်ကာပူ ပြည်တွင်းကုမ္ပဏီ အသေးတခုမှာ အနီးစပ်ဆုံး အလုပ်တခုကို ဝင်လုပ်ရပါတယ်။ အဲဒီအလုပ်မှာ တဖြည်းဖြည်းနဲ့ ကိုယ်တတ်ကျွမ်းမှုကို အသုံးချလာနိုင်ပေမယ့် ဝန်ထမ်းရဲ့ အနာဂတ် ရည်မှန်းချက်နဲ့ ပိုင်ရှင်ရဲ့ ရှေ့အစီအစဉ်တို့ အရှိန်နှုန်း မတူညီစွာ စီးဆင်းလာတဲ့အခါ တနှစ်ခွဲလောက်အကြာမှာ လမ်းခွဲဖို့ ဆုံးဖြတ်ပြီး အိမ်ခဏပြန်ခဲ့တယ်။

အချိန် ၂ လလောက် မြန်မာပြည်မှာ အေးအေးဆေးဆေး နေလိုက်ပြီး စင်ကာပူကိုပြန်ရောက်တော့ အလုပ်ရှာနေရင်းက ကျမနဲ့ သက်ဆိုင်တယ်ထင်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေ၊ ညီလာခံတွေမှာ လူမှု networking ချိတ်ဆက်တာကို ပိုလုပ်ဖြစ်တယ်။

အဲဒီမှာ အမျိုးသမီးရှေ့နေတယောက်နဲ့ တွေ့ခဲ့တဲ့အခါမှာ သူက “မင်းရဲ့ နောက်ခံနဲ့ဆိုရင် ဒီလိုအစိုးရအဖွဲ့အစည်းမှာ ကိုက်ညီလောက်တယ်၊ အဲဒီအဖွဲ့အစည်းက လတ်တလော အလုပ်တွေ ခေါ်နေတယ်” လို့အကြံပေးတာနဲ့ အဲဒီ အစိုးရအဖွဲ့အစည်းရဲ့ website ကိုဝင်ကြည့်ပြီး လစ်လပ်နေတဲ့ ရာထူးတနေရာကို အလုပ်လျှောက်လိုက်တယ်။

စင်ကာပူရဲ့ အစိုးရဝန်ကြီးဌာနတွေအောက်မှာ တိုက်ရိုက်ခန့်အပ်တဲ့ ရာထူးတွေကို Civil Service လို့ခေါ်ပြီး အဲဒီဝန်ကြီးဌာနတွေရဲ့ အောက်က Statuary Board တွေမှာ ခန့်အပ်တဲ့ ရာထူးတွေကိုတော့ Public Service လို့ ခေါ်တယ်လို့ ဆိုတယ်။ ဒါကတော့ ဌာနတွင်းမှာပဲ ရှင်းပြတာဖြစ်ပြီး အပြင်လူထုအတွက်တော့ အတူတူပဲ မှတ်ယူကြပါတယ်။

တကယ်ကလည်း သိပ်တော့ မကွာပါဘူး။ နည်းနည်းကွဲတာကတော့ Statuary Board တွေဟာ အစိုးရသိပ်မဆန်ဘဲ ပိုပြီး လွတ်လပ်စွာနဲ့ အမှီအခိုကင်းကင်း စီမံခန့်ခွဲနိုင်တာပါပဲ။

တူညီတာကတော့ ဝန်ထမ်းတိုင်း လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေပါ။ Statuary Board ဆိုတာ Statue လို့ ခေါ်တဲ့ ဥပဒေတရပ်နဲ့ ပြဌာန်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို ခေါ်တာပါ။

ဥပမာအားဖြင့် ဥပဒေဝန်ကြီးဌာနဟာ ပင်ရင်း အစိုးရ အဖွဲ့အစည်းဖြစ်သလို ယင်းအောက်မှာရှိနေပြီး ဥပဒေပြဌာန်းဖွဲ့စည်းထားတဲ့ စင်ကာပူမြေယာရုံး နဲ့ စင်ကာပူ ဉာဏပစ္စည်းရုံး တို့ဟာ Statuary Board တွေဖြစ်ကြပါတယ်။

အလုပ်အင်တာဗျူးမှာတော့ ကျမရဲ့ အလုပ်ရှင် ဖြစ်လာမယ့် အထက်ရာထူးက အမျိုးသမီးတယောက်ရယ်၊ သူ့အထက်က အမျိုးသားတယောက်ရယ်၊ လူ့စွမ်းအားအရင်းအမြစ်ဌာနက အကြီးအကဲရယ်နဲ့ တွေ့ဆုံရပါတယ်။

အဲဒီအချိန်က ကျမဟာ စင်ကာပူ အစိုးရဝန်ထမ်းလောက အကြောင်းကို ဘာမှ သိပ်မသိခဲ့ပါဘူး။ သူတို့က “မင်းလည်း မေးချင်တာ မေးနိုင်ပါတယ် “လို့ ဆိုတဲ့အချိန်မှာ ကျမ က သင်ယူမှုကို ရှေ့ဆက်ချင်ကြောင်း၊ ဒါကြောင့် အလုပ်ဝင်တဲ့အခါ ဆက်လက်သင်ကြားရေးနဲ့ ပတ်သက်လို့ အားပေးတဲ့ အစီအစဉ်ရှိ၊ မရှိ ဆိုတာကို မေးလိုက်ပါတယ်။

သူတို့က အရာရှိတွေဟာ တနှစ်ကို သင်တန်းချိန် ဘယ်နှစ်နာရီ ရှိရမယ် ဆိုတာ ရာထူးအလိုက် သတ်မှတ်ထားတာရှိကြောင်း၊ သင်ကြားစရိတ်ကိုလည်း ဘတ်ဂျက် ချပေးထားကြောင်း၊ အဲဒီအပြင် ရုံးတွင်းမှာလည်း အချင်းချင်း သင်ကြားမှု အစီအစဉ်တွေ အများကြီး ရှိနေကြောင်း ရှင်းပြပါတယ်။

အဲဒီအလုပ်က ခေါ်စာ လာတဲ့အခါ ကျမ ရေရာစွာမသိဘဲ တောင်းထားတဲ့ လစာထက် ပိုများတဲ့ လစာနဲ့ ခန့်အပ်မှာကို မြင်ရတော့လည်း အံ့သြရပါတယ်။ နောက်တော့မှ သူတို့မှာ ဘယ်ရာထူးဆိုရင် ဘယ်လောက်ကနေ ဘယ်လောက်အထိ ပေးနိုင်တယ် ဆိုတဲ့ range သတ်မှတ်ထားတာရှိတယ်။ အဲဒီထက် ပိုလို့မရသလို လျော့လို့လည်းမရဘူးဆိုတာ သိရပါတယ်။

ကျမတောင်းထားတဲ့ လစာဟာ သူတို့သတ်မှတ်ထားတဲ့ range အောက်ရောက်နေလို့ သူ့သတ်မှတ်ချက်ထဲက အနည်းဆုံးနဲ့ စပေးတယ်ဆိုတာ နောက်မှ ခန့်မှန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ မူဝါဒတွေ ပါဝင်နေတဲ့ သူတို့ရုံးမှာ မြန်မာတယောက်ကို ဒီလို နေရာမှာ ခန့်အပ်တာ ပထမဆုံးဖြစ်ပြီး တနှစ်စာချုပ်နဲ့သာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။
သူတို့ရဲ့ ဝန်ထမ်းတယောက် နိုင်ငံခြားမှာ တနှစ် ပညာသင်သွားမယ့်အတွက် သူပြန်မလာခင် ယာယီနေရာအနေနဲ့ အစားထိုးခန့်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရုံးမှာ ကျွန်မဟာ ၆ နှစ်ကျော် ၇နှစ်နီးပါး ဆက်လုပ်ဖြစ်ခဲ့ပါတယ်။

ပထမဆုံး အလုပ်ဝင်တဲ့နေ့မှာ ကျမ အလုပ်လုပ်ရမယ့် ရုံးခန်းမှာ နေရာချထားပေးပြီး ရုံးတွင်းမူဝါဒတွေနဲ့ အလုပ်ဆိုင်ရာ လေ့လာဖို့ စာအုပ်စာတမ်းတွေ အဆင်သင့်လုပ်ပေးထားပါတယ်။ ကွန်ပျူတာအပါအဝင် ကျမကိုပေးမယ့် facility တွေ၊ ဖိုင်တွေကို စာရင်းနဲ့တကွ လက်မှတ်ထိုး အပ်နှံပါတယ်။

လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု ဌာနက အရာရှိတယောက်က ကျမရယ်၊ အဲဒီနေ့မှာ ကျမလိုပဲ အသစ်စဝင်တဲ့ ဂျူနီယာ ဝန်ထမ်းတယောက်ရယ်ကို မနက်ပိုင်းကတည်းက တရုံးလုံးက ဝန်ထမ်းအားလုံးဆီ တစားပွဲဝင် တစားပွဲထွက်နဲ့ လိုက်ပြီး မိတ်ဆက်ပေးပါတယ်။

အဲဒီအထဲမှာ သန့်ရှင်းရေးဝန်ထမ်းက စလို့ ညွန်မှူးတွေ၊ ညွှန်ချုပ်ရော အားလုံးပါဝင်ပါတယ်။ တရုံးလုံးမှာ ဝန်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ် နောက်နေ့မှာတော့ ဝန်ထမ်းအသစ်တွေ မဖြစ်မနေတက်ရမယ့် ဌာနတွင်း နာရီပိုင်းသင်တန်းတိုလေးတွေကို တက်ရပါတယ်။

ကျမတို့ဌာနရဲ့ ညွှန်မှူးက အသက်လေးဆယ်နီးပါးအရွယ် အမျိုးသမီး၁ ဦးဖြစ်ပြီး ကိုယ်လက်အင်္ဂါ ထူးခြားသူလေးပါ။ မြန်မာလိုဆို သက်ကြီးပုလေး၊ လူပုလေး လို့ ဆိုရမှာပေါ့။ သူဟာ ဥပဒေဘွဲ့ရ ထူးချွန်တယောက်ဖြစ်ပြီး ပုံမှန်လူတွေစွမ်းဆောင်နိုင်သလောက် အားမလျှော့တမ်းလုပ်ကာ အလွန် စိတ်ဓာတ်ထက်မြက်ပါတယ် (အခုတော့ ဆုံးပါးသွားရှာပါပြီ။)။

အစိုးရဌာနတွေမှာ ကိုယ်လက်အင်္ဂါ ထူးခြားနေသူတွေကို နေရာပေးဖို့ မူဝါဒ ရှိပါတယ်။ အဲဒီရုံးမှာ လူပုလေး ၁ ဦး၊ အလွန်အမင်း အဝလွန်နေသူ ၃ ဦး၊ မျက်စိကောင်းကောင်းမမြင်သူ ၁ဦး၊ စကားမပြောနိုင်သူ ၁ ဦး အလုပ်ခန့်ထားတာ တွေ့ခဲ့ရပါတယ်။ သူတို့ စွမ်းရည်နဲ့ လုပ်နိုင်တဲ့ အလုပ်တာဝန်တွေကို ချထားပေးပြီး သူတို့တွေကလည်း အေးအေးဆေးဆေး တာဝန် ထမ်းဆောင်နေကြပါတယ်။

ညွှန်မှူးဟာ ကျမက တရုံးလုံးမှာ တဦးတည်းရှိတဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့အတွက် ဧည့်သည်လို သဘောထားတယ်ထင်ပါရဲ့။ အထူးဂရုစိုက်ပါတယ်။ စင်ကာပူဥပဒေနဲ့ ပတ်သက်တဲ့ စာတွေကို သူကိုယ်တိုင်သင်ပေးမယ်လို့ ဖိတ်ခေါ်တဲ့အတွက် နေ့လည် ထမင်းစားချိန် ၁နာရီ အချိန်တိုလေးမှာ ထမင်းဗူးနဲ့ သူ့အခန်းကို သွားပြီး သူကိုယ်တိုင် သင်ပေးတဲ့ စာတွေကို မှတ်သားနာယူရပါတယ်။ ဒီလိုနဲ့ သတ်မှတ်ထားတဲ့ နာရီနဲ့ ပေးထားတဲ့ ဘတ်ဂျက်အောက်မှာ ပြင်ပသင်တန်းတွေတက်ဖို့ ကြုံကြိုက်လာပါတယ်။

CSC လို့ခေါ်တဲ့ Civil Service College ဆိုတာ သူတို့ဆီက ဝန်ထမ်းလေ့ကျင့်သင်ကြားရေးကောလိပ်ပါ။ အဲဒီမှာ ရက်တို သင်တန်းတွေ အများအပြား ရှိပါတယ်။ ဝန်ထမ်းတွေကို သင်ကြားတဲ့ သင်တန်းတွေကို သင်ကြားပေးသူတွေဟာ အစိုးရသတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ သင်တန်းတချို့မှာ သင်တဲ့ အစိုးရအရာရှိ အနည်းငယ်ကလွဲလို့ ပြည်တွင်းပြည်ပ တက္ကသိုလ်က ဆရာတွေ နဲ့ အပြင်က အလွတ်တန်း ဆရာတွေ ဖြစ်ကြပါတယ်။ တချို့လည်း ဝန်ထမ်းဖြစ်ခဲ့ဖူးပြီးမှ ဆရာပြန်လုပ်နေသူတွေ ဖြစ်ကြပါတယ်။

အစိုးရဝန်ထမ်းတွေ စွမ်းရည်တိုးတက်အောင် လုပ်တဲ့နေရာမှာ ပထမဆုံးသော အရေးကြီးတဲ့ ခံယူချက်တရပ်ကတော့ အစိုးရဝန်ထမ်းဆိုတာ ပြည်သူတွေကို အဆင်ပြေအောင် ဝန်ဆောင်မှု ပေးဖို့ ဆိုတဲ့အချက်ပါပဲ။

၂၀၀၁ ခုနှစ်မှာ Statutary Board တခုအဖြစ် Public Service Division အောက်မှာ စတင်ဖွဲ့စည်းထားတဲ့ CSC ရဲ့ ရည်ရွယ်ချက်ကိုက “ပထမတန်းစား ပြည်သူ့ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် လူတွေကို လေ့ကျင့်သင်ကြားပေးရန်” လို့ဆိုပါတယ်။ ဝန်ဆောင်မှုကောင်းမွန်ဖို့ကို အဓိကထားတဲ့အတွက် ပေးတဲ့ သင်တန်းအမျိုးအစားပေါင်း ၄၀၀ ကျော်ထဲမှာ မူဝါဒရေးရာပိုင်းထက် စွမ်းဆောင်ရည်ပိုင်းက အရေအတွက် သိသိသာသာ ပိုများပါတယ်။

CSC မှာ တက်ဖြစ်တဲ့ သင်တန်းတွေထဲမှာ အစိုးရဝန်ထမ်းတွေအတွက် ပရိုတိုကောတွေနဲ့ သံခင်းတမန်ခင်း ဧည့်သည်တွေလာတဲ့အခါမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ ထုံးတမ်းစဉ်လာတွေ၊ အရာရှိတွေ ရုံးစာရေးသားရာမှာ မှန်မှန်ကန်ကန် သင့်လျော်အောင် ရေးသားနည်း၊ လက်ထောက်ညွှန်မှူးနဲ့အထက် အရာရှိတွေအတွက် နိုင်ငံအကြောင်း၊ မူဝါဒတွေအကြောင်း နဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေကို အထူးသင်ကြားပေးခြင်း စတဲ့ အစိုးရပိုင်းဆိုင်ရာအတွက် သီးသန့်သင်တန်းတွေ ပါသလို မဟာဗျူဟာရေးဆွဲခြင်း၊ အန္တရာယ်စိန်ခေါ်မှုများကို စီမံခန့်ခွဲခြင်း၊ လူအများရှေ့ စကားပြောခြင်း၊ လူအများကို ဦးဆောင်ဆွေးနွေးခြင်း စတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေးနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သင်တန်းတွေလည်း ပါပါတယ်။

အထူးသီးသန့်ဖြစ်တဲ့ သင်တန်းတွေမှာ နိုင်ငံနဲ့ အစိုးရနဲ့ ပတ်သက်တဲ့ ထားရမယ့် သဘောထားတွေ မူဝါဒတွေ ရှင်းပြပေမယ့် အဲဒါတွေကို သဘောမပေါက်မချင်း မေးမြန်းနိုင်ခွင့်ရှိပြီး၊ သင်တန်းဆရာတွေက သေသေချာချာ ရှင်းပြလေ့ရှိပါတယ်။

သင်တန်းတခုပြီးတိုင်းမှာ feedback form မှာဖြည့်စွက်ပြီး သင်တန်းသားတွေက သင်တန်းဆရာတွေကို အမှတ်ပေးရပါတယ်။ အဲဒီ ပြန်ကြားမှုတွေအပေါ်မှာ မူတည်ပြီး CSC ကလည်း ဆရာတွေကို ဆက်လက် တာဝန်ပေးဖို့၊ ရွေးချယ်ဖို့ကို စဉ်းစားမှာ ဖြစ်ပါတယ်။

ကျမလုပ်ခဲ့တဲ့ ရုံးရဲ့ အတွေ့အကြုံအရတော့ စင်ကာပူအစိုးရဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် နဲ့ ဝန်ဆောင်မှုကို ကောင်းမွန်အောင် လုပ်တဲ့နေရာမှာ လေ့ကျင့်သင်ကြားရေးဆိုတာက အစိတ်အပိုင်းတခုသာ ရှိပါသေးတယ်။

ဝန်ထမ်းကို စတင်ရွေးချယ်စဉ်ကစလို့ အလုပ်ရပ်နားချိန်အထိ အဆင့်တိုင်းမှာ သေချာအောင် လုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အလုပ်ခေါ်တဲ့အချိန်ကစလို့ ကြော်ငြာထဲမှာ အလုပ်လိုအပ်ချက်တွေ တိတိကျကျ ရေးသားတာ၊ အလုပ် အင်တာဗျုးမှာ ကျွမ်းကျင်မှုရော စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကိုပါ အသေအချာ စိစစ်တာ၊ ပညာရေးစာရွက်စာတမ်းတွေ၊ reference တွေကို သေချာအောင် စုံစမ်းတာ၊ ခန့်အပ်ပြီးရင် သိသင့်သိထိုက်သမျှနဲ့ တာဝန်ယူရမယ့် အလုပ်တွေကို ရှင်းပြ၊ ပြည့်မီရမယ့် လျာထားချက်တွေကို ချထားပေးပြီးမှ တာဝန်ပေးအပ်တာ၊ လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေကို အချိန် ဘတ်ဂျက် သတ်မှတ်ထားပြီးတော့ လုပ်စေတာ၊ အချိန်တခုရောက်တဲ့အခါ အရည်အသွေးကို စစ်ဆေးအကဲဖြတ်တာ၊ အလုပ်ထွက်မယ့် ဝန်ထမ်းများကို အင်တာဗျူးပြီး အချက်အလက်တွေကို သုံးသပ်တာ စတဲ့ အလုပ်ခန့်အပ်ခြင်းဆိုင်ရာ လည်ပတ်နေတဲ့ ယန္တရားစက်ဝန်းတခုလုံးမှာ အဆင့်ဆင့် လုပ်ဆောင်ပြီးမှ လိုချင်တဲ့ အရည်အသွေးကို ထိန်းသိမ်းထားတာဖြစ်ပါတယ်။

အစိုးရရုံးတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အရေးပါတဲ့ အစီအစဉ်တခု ရှိပါသေးတယ်။ စင်ကာပူမှာ BE စနစ်လို့ခေါ်တဲ့ Business Excellence စံနှုန်းသတ်မှတ်ချက် လမ်းညွှန်တခုရှိ
ပါတယ်။

၂၀၀၄ ခုနှစ်က စခဲ့ပြီး ၁၀ နှစ်အတွင်းမှာ အများပိုင်နဲ့ ပုဂ္ဂလိကပိုင် အဖွဲ့အစည်းပေါင်း ၁၅၀၀ ကျော်ဟာ ဒီစနစ်ကို အသုံးချခဲ့တယ်။ အဲဒီစံနှုန်းအောက်မှာ စံချိန်မီဆုတွေလည်း ချီးမြှင့်ခဲ့တယ်။

ဆုရရှိသူဟာ ရရှိတဲ့ စံနှုန်းရဲ့လိုဂိုတံဆိပ်ကို သူ့အဖွဲ့အစည်းမှာ ထည့်သွင်းရိုက်နှိပ်ပြီး ဂုဏ်ယူစွာ အသုံးပြုနိုင်ပါတယ်။ အဲဒီအထဲမှာ ဝန်ထမ်းစီမံခြင်း ၊ ဝန်ဆောင်မှု၊ တီထွင်မှုနဲ့ပတ်သက်တဲ့ ဆုငယ်တွေလည်း အသီးသီး ပါဝင်ပါတယ်။ အကြီးဆုံးဆုကတော့ SQA လို့ခေါ်တဲ့ Singapore Quality Award ဖြစ်တယ်။ (အခုတော့ Singapore ISO ဆိုတာလည်း ပေါ်လာပါပြီ။)

သတ်မှတ်ချက်တွေအရ အဖွဲ့အစည်းတွေဟာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး အရည်အသွေးပြည့်မီအောင် ကြိုးစားရပါတော့တယ်။ စင်ကာပူအစိုးရဟာ အစိုးရရုံးတွေကို အဲဒီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး ဆုငယ် ဆုကြီးတွေ တဆင့်ပြီးတဆင့် မဖြစ်မနေ ရယူရမယ်လို့ နှစ်ကာလတွေ သတ်မှတ်၊ လျာထားချက်ထားပြီး ညွှန်ကြားထားတာ ရှိပါတယ်။

ဒီတော့ ဆုကို ဦးတည်လို့ပဲ ဖြစ်စေကာမူ ဆုပေးမယ့် အကဲဖြတ်စာမေးပွဲ အောင်နိုင်ဖို့အတွက် ဝန်ထမ်းအရည်အသွေးတွေ ကောင်းမွန်ဖို့၊ ဝန်ဆောင်မှုတွေ တိုးတက်ဖို့၊ စီမံခန့်ခွဲမှု စနစ်ကျဖို့ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းတွေက မဖြစ်မနေ ကြံဆောင်ရပါတယ်။

ထူးချွန်တဲ့ ခေါင်းဆောင်တွေ မျိုးဆက်မပြတ်ဖို့ ရည်ရွယ်ချက်ထားပြီး မွေးထားတဲ့ စီမံကိန်းတွေလည်း ရှိပါတယ်။ တနေ့တော့ ရုံးမှာ ဒုညွှန်ချုပ်အသစ်တယောက် ရောက်လာပါတယ်။ သူဟာ အသက် ၃၈ နှစ် လောက်သာရှိပါသေးတယ်။ ရုံးတရုံးလုံးရဲ့ ဒုတိယအကြီးအကဲဟာ အဲဒီလောက် ငယ်ရွယ်သူမို့ လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်တဲ့အခါ သူက စကော်လာ လို့ပြောပါတယ်။ စင်္ကာပူအစိုးရရဲ့ ခေါင်းစဉ်အများအပြားအောက်မှာ ကျောင်းသားအရွယ် ငယ်ငယ်ကစပြီး ထူးချွန်မှုကို အခြေခံတဲ့ စကော်လာရှစ် ပညာသင်ဆုတွေ ပေးတဲ့ အစီအစဉ်တွေ အများအပြား ရှိပါတယ်။

စကော်လာတွေထဲက တက္ကသိုလ်အဆင့် ပညာသင်ခွင့်ရသူတွေဟာ ပြည်တွင်း တက္ကသိုလ်တွေသာမက၊ Harvard, Oxford, Yale တို့လို နာမည်ကျော်တက္ကသိုလ်တွေမှာ သင်ကြားသူတွေလည်း ရှိပါတယ်။ အဲဒီထဲက ပညာသင်ဆုအများစုမှာတော့ စာချုပ်ရှိပါတယ်။ အဲဒါကတော့ ပညာသင်ပြီးတဲ့အခါ ဆုပေးတဲ့ အစိုးရဌာနမှာ သတ်မှတ်ထားတဲ့နှစ်ကာလ တခုအတွင်း အလုပ်တာဝန် ထမ်းဆောင်ရမယ် ဆိုတာပါပဲ။ သူတို့ဟာ အလုပ်ဝင်တဲ့အခါမှာ ရာထူးမြင့်တဲ့နေရာကို တိုက်ရိုက် တန်းရပါတယ်။

ဥပမာအားဖြင့် ရုံးအများစုမှာတော့ ပိုလီဒစ်ပလိုမာ ရသူတဦးဟာ အလုပ်ဝင်ရင် Executive ရာထူးက စပြီး၊ ပုံမှန်ဘွဲ့ရတယောက် အလုပ်ဝင်ရင် Senior Executive (ဦးစီးအရာရှိ နှင့်တူ) ရာထူးကစတယ်ဆိုရင် ဘွဲ့ရစကော်လာကတော့ Assistant Director (လက်ထောက်ညွှန်မှူး) ရာထူးက စဝင်ပါတယ်။

အဲဒီစကော်လာတွေဟာ ရာထူး လစာ မြန်မြန်တိုးတက်တဲ့ အခွင့်အရေးရှိပေမယ့် စိန်ခေါ်မှုတွေလည်း ပိုများပါတယ်။ သူတို့ ပြောတာကတော့ အသက် ၄၀ မတိုင်မီ အနည်းဆုံး Director (ညွှန်မှူး) ရာထူး ရနိုင်ရမယ်၊ မရနိုင်ရင်တော့ စကော်လာတွေရဲ့ အပြိုင်အဆိုင်ကြားမှာ သူဟာ ရာထူးအမြင့်ရောက်ဖို့ ခက်သွားပြီလို့ဆိုတယ်။ ကျမတို
့ရုံးက Deputy Directory General (ဒုညွှန်ချုပ်) ဆိုရင် အသက် ၃၈ နှစ်လောက်မှာ ဒီလောက်အမြင့်ရာထူး ရထားသူမို့ အလားအလာ ကောင်းသူဖြစ်နေပါပြီ။

အဲဒီလို ဝန်ထမ်းတွေဟာ နိုင်ငံရေးနယ်ပယ်ကို မဝင်ဘဲ ဝန်ထမ်းအနေနဲ့ပဲ ဆက်လုပ်ကြမယ်ဆိုရင်တော့ ခန့်ထားရာထူးတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Permanent Secretary (အမြဲတမ်းအတွင်းဝန်) ရာထူးအထိ မှန်းနိုင်ပါတယ်။ သူ့အထက်မှာတော့ ဒုဝန်ကြီးနဲ့ ဝန်ကြီး ရှိပါမယ်။ ဒါကတော့ ရွေးကောက်ခံတွေသာ ရမယ့် ရာထူးတွေ ဖြစ်ပါတယ်။

နောက်တယောက်ကတော့ ဌာနတွင်းမှာ ဒုညွန်မှူး ရာထူးနဲ့ ဝင်လာတဲ့ စကော်လာ တယောက်ပါ။ သူက တခြားသောဝန်ကြီးဌာနတခုရဲ့ စကော်လာဖြစ်ပြီး စာချုပ်ပြည့်သွားတဲ့အခါ ဌာန ပြောင်းလာတာဖြစ်ပါတယ်။ သူကတော့ အတိုက်အခံပါတီတခုကို ဝင်ပြီး နိုင်ငံရေးလုပ်၊ ရွေးကောက်ပွဲဝင်ဖို့ အနာဂတ်ရည်မှန်းချက် ချထားတယ် ဆိုလို့ အံ့သြရပါသေးတယ်။

အစိုးရစကော်လာဖြစ်ပြီး အတိုက်အခံကို ကူးပြောင်းဖို့ စိတ်ဓာတ်နဲ့ သတ္တိရှိသူမို့ပါ။ စင်ကာပူ အစိုးရဝန်ထမ်းတွေဟာ တခြားသော ဝန်ကြီးဌာနအောက်ကဖြစ်ဖြစ် မိမိအဖွဲ့အစည်းတွင်းကဖြစ်ဖြစ် ရုံးတွေ ဌာနတွေကို အလုပ်လျှောက်ပြီး ကူးပြောင်းနေလို့ ရပါတယ်။ တနေရာမှာ ဝန်ထမ်းဖြစ်ပြီးရင် တသက်လုံး အဲဒီနေရာက ဝန်ထမ်း ဆက်ဖြစ်စရာ မလိုပါဘူး။

သူတို့ဆီမှာ အပြင်စီးပွားရေးလောကကနေ အစိုးရဝန်ထမ်းဘက် ကူးလာသူတွေ၊ အစိုးရဝန်ထမ်းက ထွက်ပြီး ပုဂ္ဂလိက ကုမ္ပဏီတွေ ကူးပြောင်းသွားသူတွေ၊ ပြီးတော့မှ တပတ်ပြန်ဝင်လာသူတွေ စသဖြင့် အကူးအပြောင်းတွေဟာ လွတ်လွတ်လပ်လပ် ထမင်းစားရေသောက် မထူးဆန်းလှပါဘူး။ စာချုပ်စာတမ်း ချည်နှောင်မှုတွေက စကော်လာတွေနဲ့ ယူနီဖောင်းဝတ် အစိုးရအဖွဲ့အစည်းတွေမှာသာ ပိုတင်းကျပ်ပါတယ်။

အစိုးရရုံးတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ အခြားအစီအစဉ်တွေလည်း ရှိပါတယ်။ တချို့ကတော့ သာမန်လောက်ပဲ လုပ်ဆောင်ကြပြီး တချို့ကအလေးအနက် တကယ်လုပ်ကြတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ ဘာသာမျိုးစုံရဲ့ ဘာသာရေးဆိုင်ရာ အမှတ်တရနေ့တွေမှာ ရုံးတွင်းမှာ ပွဲတွေကျင်းပပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေနိုင်ရေးအတွက် လှုပ်ရှားမှု လုပ်ပေးတာ၊ ဝန်ဆောင်မှုပိုကောင်းဖို့၊ လုပ်ငန်းတိုးတက်ဖို့ တီထွင်တဲ့အကြံဉာဏ်တွေရှိရင် ဝန်ထမ်းတွေက အကြံပေးနိုင်အောင် အစီအစဉ်တွေ လုပ်ထားပြီး အကောင်းဆုံး အကြံပေးနိုင်သူကို ဆုချီးမြှင့်တာ၊ အားကစား၊ အက၊ ဘာသာစကား စတဲ့ အလုပ်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အခြားသော သင်တန်းတွေကို ရုံးတွင်းမှာ ဖွင့်လှစ်ပေးတာ၊ work-life balance လို့ခေါ်တဲ့ မိသားစုဘဝနဲ့ အလုပ်ကြား အဆင်ပြေစေမယ့် အစီအစဉ်တွေကို ရုံးက လုပ်ဆောင်ပေးတာ စသဖြင့်ဖြစ်ပါတယ်။

အဓိက အရေးကြီးတဲ့ ပြည်သူ့ဝန်ဆောင်မှုနဲ့ ပတ်သက်လို့လည်း ပြည်သူတွေက အကြံပြုချက်ပေးတာ၊ တိုင်ကြားတာတွေကို လုပ်နိုင်ဖို့ အစီအစဉ်တွေ ချထားပေးရပါတယ်။

ရုံးပိုင်းဆိုင်ရာ လုပ်ဆောင်ပုံတွေ၊ ဝန်ဆောင်မှုတွေသာမက လျာထားချက်တွေ စာရင်းအချက်အလက် ဒေတာတွေကို လူတိုင်းဖတ်နိုင်အောင် (အနည်းဆုံး ကြည့်ကောင်းအောင်တော့) ထုတ်ပြန်ထားကြလေ့ ရှိပါတယ်။ ဥပဒေပိုင်းနဲ့ မူဝါဒဆိုင်ရာ ပြင်ဆင်မှုတွေ ရှိရင်လည်း ပြည်သူအများနဲ့ သက်ဆိုင်ရာ ပတ်သက်သူတွေ အားလုံး ပါဝင်နိုင်တဲ့ တိုင်ပင်ဆွေးနွေးမှုတွေကို လက်ခံနိုင်လောက်တဲ့ အတိုင်းအတာအထိတော့ အနည်းဆုံး လုပ်ကြရပါတယ်။

ခြုံကြည့်ရရင်တော့ စင်ကာပူအစိုးရဝန်ဆောင်မှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကြားမှာ efficient ဖြစ်တယ်၊ ထိရောက်တယ် မြန်ဆန်ကောင်းမွန်တယ်လို့ နာမည်ရပါတယ်။ ဒါပေမယ့် ဘယ်နေရာမဆို ခြွင်းချက်တွေနဲ့ အတွေ့အကြုံဆိုးတွေလည်း ရှိကြမှာ မလွဲပါပဲ။

လာဘ်စားမှု၊ အလွဲသုံးစားမှုတွေနဲ့ အရေးယူခံရတာတွေလည်း စင်ကာပူအစိုးရဝန်ထမ်းလောကမှာ ရှိနေပါသေးတယ်။ ကျမလုပ်ခဲ့တဲ့ ရုံးမှာလည်း ပြီးပြည့်စုံအောင် အဆင်ပြေလှတာ ဟုတ်ချင်မှဟုတ်ပေမယ့် ဝန်ထမ်းတယောက်အနေနဲ့ အတုယူစရာကောင်းတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကို အများကြီး သင်ယူလာနိုင်ခဲ့ပါတယ်။

အချိန်ကို တန်ဖိုးရှိစွာ ဖြတ်သန်းပြီး မိမိအလုပ်ကို ဂုဏ်ယူကျေနပ်ခဲ့ပါတယ်။ သူတို့ကလည်း မြန်မာတယောက်ကို သူတို့ရုံးမှာ ခန့်မိတာ နောင်တ မရခဲ့ပါဘူး။

မိမိနိုင်ငံကို ပြန်လာတဲ့အခါ ကိုယ်တိုင် ပြည်သူ့ဝန်ထမ်း တယောက်မဖြစ်နိုင်တော့ပေမယ့် အစိုးရဌာနတွေဟာ ပြည်သူ့ဝန်ထမ်းတွေ စံချိန်မီ စွမ်းရည်ပြည့်ဝအောင်၊ ဝန်ဆောင်မှုတွေကို ကောင်းသထက်ကောင်းချင်စိတ်နဲ့ အလုပ်လုပ်ကြအောင် ယခုထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်သင်ကြားပေးနိုင်၊ စီမံနိုင်ကြမယ်ဆိုရင် ကောင်းမှာပဲလို့ အမြဲပဲ စိတ်ကူးမျှော်လင့်မိပါတယ်။

စာရေးသူသည် ကဗျာဆရာမ တဦးဖြစ်ပြီး ရန်ကုန်မြို့တွင်နေထိုင်လျက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading