ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ရွေးကောက်ပွဲတွင် ပါတီနှင့်သက်ဆိုင်သည့် အမှတ်တံဆိပ်များ သုံးခွင့်ပြုသင့် မပြုသင့်ကို ရွေးကောက်ပွဲ ကော်မရှင်က အစည်းအဝေးပြုလုပ် ဆုံးဖြတ်မည်ကြောင်း သိရသည်။
စည်ပင်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ခိုင်က “အဲဒါက လာမယ့် တနလာၤနေ့မှာ အစည်းအဝေး ဆုံးဖြတ်ချက် ပေးမယ်။ လောလောဆယ် ဆုံးဖြတ်ချက် မပေးရသေးဘူး။ ကော်မရှင်အဖွဲ့ဝင်တွေက ပေးသင့် မပေးသင့် စဉ်းစားပြီးတော့ ဆုံးဖြတ်မယ်။ ပေးဖို့ အလားအလာကတော့ နည်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရွေးကောက်ပွဲကို လာမည့် မတ် ၃၁ ရက်တွင် ကျင်းပမည် ဖြစ်ပြီး မဲဆန္ဒ နယ်မြေ ၆ ခု သတ်မှတ်ကာ စည်ပင် ကော်မတီဝင် ၆ ဦးနှင့် မြို့နယ် အဆင့် ၉၉ ဦး စုစုပေါင်း ၁၀၅ ဦး ရွေးချယ်မည် ဖြစ်သည်။ ထိုရွေးချယ်ခံရသူများမှ ဒုမြို့တော်ဝန် ၁ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။ စည်ပင် ကိုယ်စားလှယ်လောင်း အဖြစ် အမည်စာရင်း တင်သွင်းရမည့်ရက်ကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၈ ရက် အထိ သတ်မှတ်ထားသည်။
စည်ပင်ရွေးကောက်ပွဲတွင် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ပါတီဝင်များ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပါတီမှ ရွေးချယ်သည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် ပါတီအလံ၊ အမှတ်တံဆိပ်များကို သုံးစွဲခွင့်ရှိကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
ဒေါက်တာမျိုးညွန့်က “ကျနော်တို့ တင်လာတဲ့ စာရင်းပေါ်မှာ ကြည့်ပြီးတော့မှ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေ ရှိပါတယ်။ ရွေးကောက်ခံမယ့် နေရာတိုင်း တက်လာရင်တော့လည်း နေရာတိုင်းမှာ ကျနော်တို့ ပြိုင်ဖြစ်မှာပေါ့။ တံဆိပ်တွေကတော့ ကျနော်တို့ အဖွဲ့အနေနဲ့ သုံးမယ်ဆို သုံးခွင့်ရှိတယ်။ ဒါပေမယ့် စည်ပင်ရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ဘယ်လိုပါလဲတော့ ပြန်ကြည့်ရဦးမယ်” ဟု ဆိုသည်။
စည်ပင်ရွေးကောက်ပွဲတွင် ပါတီအလံ၊ အမှတ်တံဆိပ်များ သုံးစွဲမှုနှင့် ပါတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်လျက်ရှိသည်။
“တက်ကြွတဲ့ အရပ်ဖက် အဖွဲ့အစည်းဘက်က လူတွေက စည်ပင်သာယာရေး ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီရဲ့ အမှတ်တံဆိပ်သုံးတဲ့အပေါ်မှာ အဆင်မပြေဘူးလို့ ယူဆကြတယ်။ ပြည်သူလူထုရဲ့ အရေးကို တက်တက်ကြွကြွ အစဉ်တစိုက် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံရေးပါတီအဖွဲ့ဝင်တွေ မဟုတ်တဲ့သူတွေအပေါ်မှာ ပါတီရဲ့တံဆိပ်တွေ၊ အလံတွေ လွှမ်းမိုးသွားမှာကို အရပ်ဖက်အဖွဲ့အစည်းတွေက စိုးရိမ်တယ်၊ ပါတီရဲ့ တံဆိပ်တွေ လိုဂိုတွေကို သုံးစွဲခြင်းကြောင့် ပြည်သူလူထုတွေ အမြင် ဝေဝါးသွားမယ်” ဟု ရန်ကုန်စောင့်ကြည့်အဖွဲ့ ထူထောင်သူ ဒေါ်ညိုညိုသင်းက ပြောသည်။
New Myanmar Foundation မှ ဒေါ်မြတ်နန္ဒာသင်းကလည်း ပါတီ၊ အမှတ်တံဆိပ်၊ အလံများ အသုံးပြုချင်းနှင့် ပတ်သက် ပြီး “ Challenges စိန်ခေါ်မှုတော့ရှိတယ်။ ဒါပေမယ့် မျှတမှု မရှိဘူးလို့ ကိုယ်စားလှယ်လောင်း တယောက်က မပြော မချင်းတော့ ဒါကြီးက မျှတမှု မရှိဘူးလို့တော့ ပြောဖို့ခက်တယ် ” ဟု ပြောသည်။