လက်ရှိကာလ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပေါ် ဝေဖန်မှုများစွာလည်း ရှိနေရာ အဆိုပါဝေဖန်မှုများကို တတ်နိုင်သလောက် ဖြေရှင်းနေသလို လုပ်ရပ်များဖြင့်လည်း ဖြေရှင်းနေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြောဆိုသည်။
ယင်းသည် လွန်ခဲ့သော ရက်များအတွင်း နေပြည်တော်တွင် ကျင်းပသော ပါတီ၏ သတင်းစာရှင်းလင်းပွဲ ဖေ့ဘွတ်မှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအများအပြားက “ သူခိုးတွေ” “သူခိုးပါတီ” စသည့် မညှာတာသော ဝေဖန်မှုများဖြင့် comment ရေးသားခဲ့ကြအပြီး ပါတီက နောက်ဆက်တွဲ တုန့်ပြန်ခြင်း ဖြစ်သည်။
“ဝေဖန်နေတာတွေအားလုံးကို ပြန်ပြီးတော့ ဆန်စင်ရာကျည်ပွေ့လိုက်သလို လိုက်ပြီးပြောနေရင်လည်း ပြီးမှာ မဟုတ်တော့ဘူး၊ သို့သော်လည်းပဲ မပြောတဲ့အတွက်ကြောင့် ပါတီရဲ့လက်ရှိအခြေအနေကို အားလုံးသိကြ သလားဆိုတော့လည်း မသိနိုင်သေးဘူး၊ တတ်နိုင်သလောက်တော့ ဖြေရှင်းနေရတာပါပဲ၊ ဖြစ်သမျှတိုင်းကို လိုက်ရှင်းနေရမယ်ဆိုရင်လည်း ပြီးမှာကို မဟုတ်တော့ဘူး၊ ကျနော်တို့အနေနဲ့က ကိုယ်လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားမယ်၊ အတတ် နိုင်ဆုံး ပြည်သူလူထုကို ဘယ်လို အကျိုးပြုနိုင်မလဲ၊ စေတနာထားပေးနိုင်မလဲဆိုတာကိုပဲ ပြိုင်ချင်တာဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။
လတ်တလော ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစားများ အများဆုံးနေထိုင်သည့် ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများ၏ စားဝတ်နေရေး သက်သာချောင်ချိစေရန်ရည်ရွယ်၍ ဆန်များကို လျှော့ဈေးဖြင့် ရောင်းချပေး လျက်ရှိသလို နယ်လှည့်ဆေးကုသပေးမှုများကိုလည်း အပတ်စဉ်လုပ်ဆောင်ပေးလျက်ရှိသည်။
“လက်ရှိအစိုးရက ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လောက် ဆောင်ရွက်နိုင်သ လဲ၊ ပြည်သူလူထုအပေါ် ဘယ်လောက်စေတနာထားသလဲ၊ ဘယ်လောက်အကျိုးပြုနေသလဲ၊ တိုင်းပြည်က ဘယ်လိုအနေအထားတွေ ရောက်လာပြီလဲဆိုတာကို အားလုံးလည်း အသိဖြစ်တယ်” ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောသည်။
လက်ရှိကာလတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ ကြီးမြင့်နေမှုကြောင့် အခြေခံပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးစေလိုသော ရည်ရွယ်ချက်ဖြင့် ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအကြို ပြည်ခိုင်ဖြိုးပါတီ၏ လှုပ်ရှားမှုဟုလည်း ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီသည် ၁၉၉၀ ခုနှစ်များတွင် စစ်အစိုးရက တည်ထောင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အသွင်ပြောင်းလာခြင်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် စစ်ဗိုလ်ချုပ်အများအပြားသည် ရာထူးမှနုတ်ထွက်ကြပြီး ပါတီသို့ ဝင်ကာ ထိုနှစ်က ရွေးကောက်ပွဲတွင် ပါဝင်အရွေးခံခဲ့ကြရာ အနိုင်ရခဲ့ကြသည်။ ၂၀၁၆ ခုနှစ် မတ်လအထိ အာဏာရပါတီ ဖြစ်ခဲ့သည်။
ဦးအောင်ကျော်မိုးက “အရင်အစိုးရဆိုတာမှာ ဦးသိန်းစိန်အစိုးရက ကျနော်တို့ပါတီရဲ့ အရင် အစိုးရဖြစ်တယ်၊ ဟိုးရှေးက အစိုးရတွေက ကျနော်တို့ပါတီရဲ့ အစိုးရမဟုတ်ဘူး”ဟု ဦးအောင်ကျော်မိုးက ဆက်လက်ပြောသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြင်ဆင်နေပြီး ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရပ်/ကျေးပါတီဥက္ကဌများကို နိုင်ငံရေးသင်တန်းများ ပို့ချသွားမည်ဟု သိရသည်။
“တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရပ်/ကျေးဥက္ကဌတွေ အားလုံးကို နိုင်ငံရေးသင်တန်းပေးမယ်၊ ၂၀၂၀ ရွေးကောက်ပွဲမှာ သူတို့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကို သိရှိစေဖို့နဲ့ အောင်နိုင်ရေးအတွက်ကို အဓိကရည်ရွယ်တယ်၊ နောက်ပြီးနိုင်ငံရေးကို ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို သူတို့တွေ သိဖို့လိုတာကြောင့် သင်တန်းတွေကို ပို့ချခြင်းပါ”ဟု မန္တလေးတိုင်း ပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင် ဦးကျော်ဆန်းက ပြောသည်။
အဆိုပါသင်တန်းကို ယခုလအတွင်း ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအခြေအနေများ၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီ အောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည်များကို သင်ကြားပေးသွားမည်ဟု သိရသည်။
၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပခဲ့ပြီး လွှတ်တော်အားလုံးအတွက် ကိုယ်စားလှယ် စုစုပေါင်း ၁၁၅၀ နေရာရွေးချယ်ခဲ့ရာတွင် NLD ပါတီက ၈၈၆ နေရာဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၇၇ ရာခိုင်နှုန်းအနိုင်ရခဲ့ကာ ပြည်ခိုင်ဖြိုးပါတီက ၁၀ ဒသမ ၃ ရာခိုင်နှုန်း၊ ရခိုင်အမျိုးသားပါတီ (ANP) က ၃ ဒသမ ၉ ရာခိုင်နှုန်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)ပါတီက ၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် အခြားပါတီများက ၅ ဒသမ ၃ ရာခိုင်နှုန်းအသီးသီး ရရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
စောရဂုဏ် ဖြုတ်ရခက်နေသော ပြည်ခိုင်ဖြိုး
အခြေခံလူတန်းစား သက်သာရေး မန်းတိုင်း ပြည်ခိုင်ဖြိုးပါတီ ဆန်ရောင်းပေး