ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးတွင် ပါဝင်ရန်နှင့် ပြည်တွင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်မှု အရှိန်မြှင့်တင်ရန်အတွက် ဇီဝမျိုးကွဲစုံလင်မှုနှင့် ဂေဟစနစ် ဝန်ဆောင်မှုဆိုင်ရာ အစိုးရများ သိပ္ပံမူဝါဒ အဖွဲ့ (Intergovernmental Science-Policy Platform on Biodiversity and Ecosystem Services – IPBES) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံပါဝင်ရေးကို လွှတ်တော်က ွဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်သည်။
သမ္မတ ဦးဝင်းမြင့်တင်သွင်းသော ထိုအဖွဲ့သို့ ဝင်ရောက်ရေး အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ် ၁ ဒါဇင်ကျော်က ထောက်ခံခဲ့သည်။
ဂျာမနီနိုင်ငံ ဘွန်းအခြေစိုက် အစိုးရများဆိုင်ရာ လွတ်လပ်သော အဖွဲ့အစည်း ဖြစ်သည့် ထိုအဖွဲ့ကို ဇီဝမျိုးကွဲစုံလင်မှု၊ ရေရှည်တည်တံ့သော အသုံးပြုမှုအတွက်နှင့် ဇီဝမျိးကွဲစုံလင်မှု၊ ဂေဟဗေဒ ဆိုင်ရာ ဝန်ဆောင်မှု သိပ္ပံမူဝါဒ ဆက်စပ်ခြင်း တောင့်တင်း ခိုင်မာရေးအတွက် ၂၀၁၂ ခုနှစ်က ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ထိုအဖွဲ့သို့ မြန်မာနိုင်ငံ ဝင်ရောက်ချိန်သည် နိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်ပြီး ထူးခြားသော အတွေ့အကြုံများ ရင်ဆိုင်နေရချိန်နှင့် တိုက်ဆိုင်နေသည်။
လတ်တလောတွင် နိုင်ငံ၏ လူဦးရေ ၅၄.၁၀ သန်းသည် စံချိန်တင် နွေရာသီ အပူချိန်ကို ခံစားနေရပြီး အချို့ဒေသများတွင် အပူချိန်မှာ ၄၆ ဒီဂရီ စင်တီဂရိတ် (၁၁၅ ဒီဂရီ ဖာရင်ဟိုက်) အထိ ရှိနေသည်။ ထိုသို့ ရာသီဥတု ပြင်းထန်ခြင်းသည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အလွန်အကျွံ သစ်ခုတ်ခြင်းကြောင့် သစ်တော ပြုန်းတီးခြင်း များပြားလာသောကြောင့် ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက အပြစ်တင်ကြသည်။
တချိန်တည်းတွင် နိုင်ငံ၏ ကွဲပြားသော ဂေဟစနစ်သည် ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော ကျင်လည်ကျက်စားရာ နေရာများ ကျဉ်းမြောင်းလာခြင်းနှင့် ပုံမှန်မဟုတ်သော ရာသီဥတုပုံစံများ၏ ခြိမ်းခြောက်မှုကို ခံနေရသည်။
လွှတ်တော်တွင် အင်္ဂါနေ့က ဆွေးနွေးစဉ်အတွင်း ၂၀၁၇ ခုနှစ် ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှု အညွှန်းကိန်းကို ကိုးကားပြီး မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကြောင့် တတိယ အဆိုးရွားဆုံး ခံစား နေရသော နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန်ကို နိုင်ငံတကာ ပတ်ဝန်းကျင် အဖွဲ့အစည်းများနှင့် ပူပေါင်းပြီး စိမ်းလန်းစိုပြေအောင် လုပ်ရန် ပျက်ကွက်ခြင်းကြောင့် ထိုဒေသတွင် အပူချိန်မြင့်တက်ပြီး အနာဂတ်တွင် နေထိုင်ရန် မဖြစ်နိုင်လောက်အောင် ဖြစ်လာမည်ဟု တချို့က ဆိုသည်။
သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးသင့်ကြောင်းနှင့် ယခင်က ထိုသို့ ဦးစားပေးမှု မရှိခြင်းကြောင့် သစ်တောဧက သန်းချီ ဆုံးရှုံးခြင်းနှင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ မဖြစ်သော အခြေချ နေထိုင်မှုများ ပေါများလာကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
“ကျမတို့ကမ္ဘာဟာ အခု ရာသီဥတု အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရပြီဆိုရင် မြန်မာနိုင်ငံဟာလည်း သဘာဝပတ်ဝန်းကျင် အရေးပေါ်အခြေအနေကို ရင်ဆိုင်ဖြေရှင်းနေရပြီ” ဟု သူက ဆိုသည်။
IPBES သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းသည် နိုင်ငံ၏ ဂေဟစနစ် ထိန်းသိမ်းရေး အားထုတ်မှုများကို အကျိုးရှိစေပြီး ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သိပ္ပံနှင့် မူဝါဒဆိုင်ရာ အသိပညာများကို မြန်မာနိုင်ငံ ရရှိစေမည်ဖြစ်ကြောင်း သဘာ၀ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲမြင့်ဆွေက ပြောသည်။
လတ်တလော IPBES တွင် အဖွဲ့ဝင် နိုင်ငံ ၁၃၀ ကျော်ရှိသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ တခြားအဖွဲ့အစည်းများ၊ နိုင်ငံတကာ ညီလာခံများနှင့် လူမှုအခြေပြု အဖွဲ့အစည်း အများအပြားတို့သည် IPBES တွင် လေ့လာသူအဖြစ် ပါဝင်ကြပြီး သိပ္ပံပညာ ကျွမ်းကျင်သူများမှသည် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်များ အထိ တသီးပုဂ္ဂလ ပါဝင်ဆောင်ရွက်သူ ထောင်နှင့်ချီရှိနေသည်။
You may also like these stories:
၂၀၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အပူဆုံး နိုင်ငံများ
ရာသီဥတု ဆိုးရွားလာမှုကြောင့် နောင်အနာဂတ်မှာ စားရဖို့ မသေချာတော့တဲ့ အစားအစာများ