ရန်ကုန်မြို့အနှံ့ရှိ မှတ်တိုင်ဘေးများတွင် စည်ပင်က ဆောက်လုပ်ပြီး ငှားရမ်းမည့် ဈေးဆိုင်ခန်းများသည် YBS ဘတ်စ်ကား များတွင် အသုံးပြုမည့် ကတ်စနစ်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
“ဒီဟာသည် လက်မှတ်ရောင်းဖို့ အတွက်ကို အဲဒီ လက်မှတ်ရောင်းတာ အသားကျသွားပြီဆိုရင် Use to ဖြစ်သွားတာပေါ့။ မော်တော်ကားတွေမှာ top up ကို အလွယ်တကူ ရအောင်အတွက် ဘေးနားမှာ ကပ်ပြီးထားတဲ့ booth က ရှိကို ရှိရမယ်။ မရှိမဖြစ် ရှိကိုရှိရမယ်။ အများပြည်သူပိုင် လမ်းပေါ်မှာ ဈေးဆိုင်တွေကို ဖယ်ပြီး ဈေးဆိုင်တွေကို ပြန်ချတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ ဒီလောက်ထိလည်း မိုက်လုံး မကြီးပါဘူး။ ဒီကျူးကျော်ဈေးဆိုင် သဘောမျိုးနဲ့ မှတ်တိုင်ဘေးနားမှာ ဆိုင်ဖွင့်ခိုင်းတယ်ဆိုတဲ့ အတွေးမျိုးဟာ တော်တော်ကို သိမ်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။
မြို့တော်ဝန် ဦးမောင်မောင်စိုးက စက်တင်ဘာ ၂ ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နှင့် သတင်း မီဒီယာများနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခြင်းဖြစ်သည်။
အဆိုပါ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမှာ ပြည်သူလူထုကို ပံ့ပိုးရန်အတွက် ဖြစ်ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
မြို့တော်ဝန်ကပင် ဆက်လက်ပြီး “စနစ်တစ်ခုကို ပြောင်းတော့မယ်ဆိုရင် အဲဒီစနစ်နဲ့ လိုက်လျော ညီထွေအောင် လူထုကို သက်သာအောင် ပံ့ပိုးပေးရတဲ့ အလုပ်ကို လုပ်ရတယ်။ စနစ်တစ်ခုပြောင်းတဲ့ အတွက်ကြောင့် လူထုက မရမက ပြောင်းပြီး တော့ စိတ်ဆင်းရဲစွာနဲ့ လုပ်ရင် ဒီစနစ်က မအောင်မြင် ပါဘူး”ဟု ပြောသည်။
လာမည့် ၃၊ ၄ လအတွင်း YBS ဘတ်စ်ကားလိုင်းများ အတွက် ငွေအကြွေ သုံးစွဲသည့် စနစ်အစား ကတ်စနစ်ကို အကောင်အထည် ဖော်မည် ဖြစ်သဖြင့် အဆိုပါ ဆိုင်ခန်းများကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဒေါ်မေသွယ်ကလည်း ပြောသည်။
“စိတ်ဝင်စားတဲ့သူတွေကို ဆိုင်ခန်းကို ငှားပါမယ်။ သူတို့ဘာသာ သူတို့ Investment လုပ်ချင်လည်း ရပါတယ်။ ကျမတို့ စည်ပင်ကိုတော့ မြေငှားခ ပေးရပါမယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ဈေးဆိုင်ခန်းများကို ဘတ်စ်ကားမှတ်တိုင်များ ဘေးရှိ ပလက်ဖောင်းပေါ်တွင် ဆောက်လုပ် မည် ဖြစ်ပြီး ၅ ပေ ပတ်လည် အကျယ်ရှိ ဆိုင်ခန်း ၁ ခန်း တည်ဆောက်မှု ကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါဈေးဆိုင်ခန်းများ ပြုလုပ်မှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့က သဘောမတူ ကန့်ကွက်မှုများလည်း ရှိသည်။
ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “သူ ပထမက ပြောတုန်းက ကွမ်းယာနဲ့ ဆေးလိပ် မရောင်းဘဲ ကျန်တာတွေ ရောင်းခွင့်ပေးမယ် ပြောတာလေ။ ကတ်စနစ်ကလည်း ရမယ်ရမယ်နဲ့ ကြာနေပြီ ကတ်စနစ် ရောင်းမယ် ဆိုတာကလည်း အဲဒီလို ဆိုင်ခန်းတွေ မလိုပါဘူး။ ဖုန်းကတ်လိုပဲ ဖြန်ချိရေး လုပ်ပြီးတော့ ချပေးလိုက်ပါ” ဟု သုံးသပ်သည်။
You may also like these stories:
YBS ယာဉ်လိုင်းများ ကတ်စနစ် ငွေပေးချေမှု ၆ လ အတွင်း အသုံးပြုနိုင်မည်
၂ နှစ်သား YBS ဘယ်လောက်ခရီးပေါက်ခဲ့သလဲ
အောင်မင်္ဂလာ အဝေးပြေးမှ မြို့တွင်းသို့ YBS ယာဉ်လိုင်းသစ် ပြေးဆွဲမည်