ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားရှယ်ယာဝယ်ယူခွင့်ကို ပြည်တွင်းတွင် လက်ရှိနေထိုင်သော နိုင်ငံခြားသား များဖြင့် ပထမအဆင့်အဖြစ် စတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SECM ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လက ထုတ်ပြန်သော စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ “ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ် အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြား သားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်း” အမိန့် ကြော်ငြာစာတွင် ပြည်တွင်းပြည်ပနေ နိုင်ငံခြား သားများ၊ အဖွဲ့အစည်း များ အားလုံးကို ခွင့်ပြုထားသည်။
သို့သော် ဗဟိုဘဏ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာန နှင့် အခြား သက်ဆိုင်သော ဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်များကြောင့် ပြည်တွင်းနေ နိုင်ငံခြားသားများနှင့်သာ စတင်သွားမည်ဖြစ်ကြောင်း SECM ၏ အဖွဲ့ဝင် ဦးဌေးချွန်က ဧရာဝတီသို့ ပြောသည်။
၎င်းက “ နိုင်ငံခြားသားတွေ ဖြစ်တဲ့အတွက် သူတို့ယူလာမယ့် ငွေတွေရှိတယ်၊ ဒီကနေ ရတဲ့ အကျိုး အမြတ်တွေကို ပြန်ယူသွားမှာတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး သဘောထားမှတ်ချက်တွေ တောင်းရင်းနဲ့ အကုန်လုံး ခွင့်ပြုတာထက် ပြည်တွင်းနေတဲ့ နိုင်ငံခြားသားတွေနဲ့ပဲ အရင်စဖြစ်မယ်။” ဟု ရှင်းပြသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသားများ ရှယ်ယာဝယ်ယူခွင့်ပြုမှု နှင့် ပတ်သက်ပြီး အတည်ပြု အမိန့်ထွက်ရန်အတွက် လက်ရှိအချိန်တွင် ရှေ့နေချုပ်ရုံးသို့ တင်ပြထားလျက်ရှိပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ နှင့် ၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်ရန်အတွက် လုပ်ဆောင် လျက်ရှိကြောင်းလည်း ဦးဌေးချွန်က ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ရန်ကုန်စတော့အိတ်ချိန်းတွင် နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်နှင့် ပတ်သက်၍ ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ၌ နိုင်ငံခြားသားဟု ဆိုရာတွင် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (င)၌ အဓိပ္ပယ်ဖွင့်ဆိုထားသည့် နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် ဧည့်နိုင်ငံသားမဟုတ်သောသူ သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမဟုတ်သောသူ များ ဖြစ်ကြောင်း ဖော်ပြထားသည်။
ရန်ကုန်စတော့ အိတ်ချိန်း၏ အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက နိုင်ငံခြားသား ရှယ်ယာဝယ်ယူခွင့်အတွက် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း (securities company) နှင့် ရန်ကုန်စတော့ အိတ်ချိန်း (YSX) တို့သည် လိုအပ်သော ပြင်ဆင်ဆောင်ရွက်မှုများ အဆင်သင့် ဖြစ်နေပြီဟု ပြောသည်။
၎င်းက “ စတော့ဈေးကွက်ကို အများပြည်သူတွေရဲ့ စိတ်ဝင်စားမှု တော်တော်လေး တက်လာတယ်။ ဒီလပိုင်းတွေမှာဆိုရင် ရှယ်ယာအရောင်းအဝယ် ပမာဏတွေလည်း ပြန်မြင့်တက်လာတယ်” ဟု ရှင်းပြသည်။
မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအသစ်အရ ပြည်တွင်းကုမ္ပဏီတွင် နိုင်ငံခြားသား ရှယ်ယာပိုင်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုပေးထားခြင်းကြောင့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားပြီးသော ကုမ္ပဏီများ အနေဖြင့် ၎င်းတို့၏ ထုတ်ဝေပြီး ရှယ်ယာများထဲမှ ၃၅ ရာခိုင်နှုန်းအထိ နိုင်ငံခြားသားများကို ဝယ်ယူခွင့်ပြုနိုင်ကြောင်း ရန်ကုန်စတော့အိတ်ချိန်းထံမှ သိရသည်။
သုံးနှစ်ကျော် သက်တမ်းရှိလာပြီဖြစ်သော ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာအရောင်းအဝယ်နှင့် ဈေးနှုန်းများသည် စာရင်းဝင်ကုမ္ပဏီ ဖြစ်စ အချိန်များတွင်သာ
အရောင်းအဝယ် သွက်ကာ ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း ထုတ်ဝေပြီး ရှယ်ယာအဟောင်း များကိုသာ အရောင်းအဝယ် လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့် နောက်ပိုင်းတွင် အရောင်း အဝယ် အေးစက်ပြီး ရှယ်ယာဈေးနှုန်းများ သည်လည်း အကျဈေးဖြင့်သာ ရပ်တည်လျက် ရှိကြသည်။
ယင်းကြောင့် နိုင်ငံခြားသားရှယ်ယာ ဝယ်ယူခွင့်ကို လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများ နှင့် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေကြသည့် ကုမ္ပဏီများက မျှော်လင့်နေကြခြင်း ဖြစ်သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်ရန် ပြင်ဆင်နေသော Myanmar Agro Exchange ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက “ လက်ရှိ ကျနော်တို့ဆီက ဒီစတော့အရောင်း အဝယ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံ သိပ်မရှိကြဘူးလေ။ အဲဒီတော့ နိုင်ငံခြား သားတွေ ဝင်လာရင်တော့ ဈေးကွက်နည်းနည်း ပိုကောင်းလာနိုင်တယ် ” ဟု ဧရာဝတီသို့ သုံးသပ် ပြောသည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီ MTSH၊ မြန်မာနိုင်ငံသားများဘဏ် MCB ၊ ပထမပုဂ္ဂလိကဘဏ် FPB နှင့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီတို့က ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိသည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများမှာ FMI က ကျပ် ၁၁၅၀၀၊ MTSH က ကျပ် ၄၀၀၀ ၊ MCB က ကျပ် ၈၄၀၀၊ FPB က ၂၄၀၀၀ နှင့် TMH က ၃၀၀၀ တို့ ဖြစ်ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။
You may also like these stories:
မြန်မာနိုင်ငံတွင် တာဝန်သိ ရင်းနှီးမြှုပ်နှံရန် ဂျပန်နှင့် အမေရိကန် ကတိပြု
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
Master Plan အားနည်းချက်ကြောင့် ဘဏ္ဍာငွေများ ဆုံးရှုံးနေဟု ရန်ကုန်မြို့တော်ဝန် ဝန်ခံ