ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT) မှ ရှယ်ယာဝေစုများကို အစိုးရမှ ပြန်လည် ဝယ်ယူပေးရန်အတွက် ကုမ္ပဏီသို့ တင်ပြထားကြောင်း သိရသည်။
အဆိုပါ YUPT အများပိုင် ကုမ္ပဏီတွင် အစုရှယ်ယာ ဝယ်ယူထားသည့် ရှယ်ယာရှင်၂၈၉ ဦး ရှိပြီး ထိုသူများမှာ အချိန် ၃ နှစ်ကျော် ကြာမြင့်သည်အထိ အမြတ်ငွေ လုံးဝ မရရှိခြင်းကြောင့် ယင်းသို့ အစိုးရမှ ပြန်လည် ဝယ်ယူပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။
YUPT အများပိုင်ကုမ္ပဏီ ရှယ်ယာရှင်များ၏ ဦးဆောင်သူတဦး ဖြစ်သည့် ဦးတင်ဦး က “ကျနော်တို့ ဒီနေ့ ရှယ်ယာရောင်း မယ်ဆိုပြီး ရှယ်ယာရှင်၂၀၂ ဦး တင်ပြထားတယ်။ ဒါပေမယ့် ၂ ရက် ကျန်သေးတယ်။ ကျန်တဲ့ ရှယ်ယာရောင်းမယ့်သူတွေ က အခု နိုဝင်ဘာလ ၂၉ ရက်ကနေ ဒီဇင်ဘာလ ၁ ရက်အထိ တင်လို့ ရတယ်။ မိမိတို့ ရှယ်ယာကို ပြန်ရောင်းမယ့် ဆန္ဒ ရှိရင် တင်နိုင်တယ်။ နောက်ထပ် ဘယ်နှစ်ဦး တက်လာဦးမလဲတော့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် YUPT ကုမ္ပဏီတွင် ရှယ်ယာ ကျပ် ၃၅ ဘီလီယံ ထည့်ဝင်ထားပြီး ပုဂ္ဂလိက အနေနှင့် ယာဉ်ပိုင်ရှင် ၂၈၀ ကျော်က အစုရှယ်ယာငွေ စုစုပေါင်း ကျပ် ၅ ဒသမ ၆၃ ဘီလီယံ ထည့်ဝင်ထားသည်။
အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ တစုလျှင် ကျပ်သိန်း ၉၀ နှုန်းဖြင့် တဦးလျှင် ရှယ်ယာ ၂ စုမှ အများဆုံး ၁၀ စု အထိ ပိုင်ဆိုင်ကြကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်က ရန်ကုန်မြို့ Gandamar grand ballroom ခန်းမတွင် ပြုလုပ်သော ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူ ပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၏ ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းအဝေး ပွဲနှင့် ဒုတိယအကြိမ် ဒါရိုက်တာ ရွေးချယ်ပွဲ အခမ်းအနား၌ တက်ရောက်လာသည့် အစုရှယ်ယာရှင်များက အမြတ်ငွေ မရရှိ ခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့သလို အစိုးရက ခန့်အပ်ထားသည့် ဒါရိုက်တာ အဖွဲ့ဝင်များကိုလည်း ကန့်ကွက်ခဲ့ကြ သည်။
ထိုကြောင့် ယနေ့ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ရုံးခန်းမတွင် ဒါရိုက်တာ အဖွဲ့ဝင်များ ဖြစ်သည့် ဦးဟန်စိုး၊ ဒေါက်တာ ဇော်နိုင်၊ ဦးမင်းညွန့်၊ ဦးအောင်နိုင်၊ ဦးဝင်းထိုက်၊ ဦးဇော်ထွန်းနှင့် ဦးကျော်ဇေယျ တို့ကို ရှယ်ယာရှင်များ၏ ဆန္ဒအရ မဲပေးရွေးချယ်ခဲ့သည်။
ဦးတင်ဦး က “ကျနော်တို့ သဘောမတူတဲ့ အရင်သူတွေကတော့ ရှေ့တပတ်ထဲလောက်မှာ အမြန်ဆုံး ထွက်ပေးမယ်လို့ ပြောတယ်။ ဒီနေ့ကတော့ အေးအေးဆေးဆေးနဲ့ အောင်မြင်သွားပြီ။ ရှယ်ယာဝယ်ဖို့ ကိစ္စကတော့ ဒီဒါရိုက်တာ ရွေးပွဲပြီးမှ ဆက် ပြီးဆောင်ရွက်လို့ ရမှာ။ အစိုးရကလည်း ပြန်ဝယ်ဖို့က ဒါရိုက်တာအဖွဲ့ သဘောတူညီချက်ရမှ လုပ်လို့ ရတာ။ ဝယ်ဖို့ ကတော့ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ ဝန်ကြီး ဒေါ်နီလာကျော်နဲ့ ဒေါက်တာ မောင်အောင်တို့က ကျနော်တို့ အကောင်းဆုံး ဖြစ်အောင် လုပ်ပေးမယ်လို့ ပြောထားတာ” ဟု ရှင်းပြသည်။
လက်ရှိတွင် ရှယ်ယာရှင်များက အမြတ်ဝေစု မရသဖြင့် ရှယ်ယာများ ပြန်ဝယ်ပေးရန် ပြောဆိုထားသော်လည်း ဒါရိုက်တာ အဖွဲ့ဝင်များ၏ လုပ်ငန်း လုပ်ဆောင်မှု အပိုင်းကို ကြည့်၍ ရှယ်ယာများ အကုန်ထုတ်သင့် မထုတ်သင့်ကို စဉ်းစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အစုရှယ်ယာ ကျပ်သိန်းပေါင်း ၉၀၀ ပိုင်ဆိုင်သော ၎င်းက ပြောသည်။
“ကျနော်ကတော့ တကယ် ကုမ္ပဏီကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဦးဆောင်နိုင်တဲ့ သူတွေဆိုရင် အကုန်မထုတ်ပါဘူး။ ဒါက ကျနော်တင် မဟုတ်ပါဘူး ရှယ်ယာရှင် တော်တော်များက ဆန္ဒရှိပါတယ်။ သူတို့ အစိုးရပိုက်ဆံ ဒီကုမ္ပဏီမှာ အများကြီး ပါတယ် ဆိုပေမယ့် ဒါက ကျနော်တို့လည်း ပြည်သူဖြစ်တဲ့အတွက် အစိုးရ ပိုက်ဆံက ပြည်သူတွေ ပိုင်တယ်။ သူတို့က အစိုးရပိုက်ဆံ အစိုးရ ပိုက်ဆံ ကျုပ်တို့က အစိုးရခန့် ဆိုပြီး ဆက်ဆံတာမျိုးတွေနဲ့ ကျနော်တို့နဲ့ မဖြစ်လို့ ရှယ်ယာတွေ ပြန်ထုတ်ချင်တာလည်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
YUPT ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့၏ အဆိုအရ ကုမ္ပဏီသည် အရှုံးပေါ်နေခြင်းကြောင့် ယခုလို ၃ နှစ်ကြာသည်အထိ ရှယ်ယာ ရှင်များကို အမြတ်ငွေ ခွဲမပေးနိုင်ခြင်းဖြစ်ကြောင်း၊ Budget Plan အရ လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ် ဝန်းကျင်တွင် အမြတ် များ ပေးနိုင်ဖွယ် ရှိကြောင်း ပြောဆိုထားသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်၂၀၁၆ ခုနှစ်က ရန်ကုန်တိုင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး အတွက် လုံခြုံစိတ်ချမှု ရှိစေရန် မထသ ကို ဖျက်သိမ်းပြီး အများပိုင် ကုမ္ပဏီ စတင် တည်ထောင်ခဲ့စဉ်က ရှယ်ယာရှင်များကို လစဉ် အမြတ်ဝေစုများ ခွဲဝေပေးမည် ပြောကြားခဲ့ကြောင်း ရှယ်ယာရှင်များထံက သိရသည်။
သို့သော် ရှယ်ယာရှင်များသည် ယနေ့အထိ အမြတ်များ လုံးဝ မရရှိကြသည့် အပြင် ကုမ္ပဏီ၏ ငွေကြေးရှင်းတမ်းမှာလည်း အင်္ဂလိပ် ဘာသာ ဖြင့်သာ ဖော်ပြထားသောကြောင့် ရှယ်ယာရှင် အများစုမှာ နားမလည်ကြောင်း၊ ပွင့်လင်း မြင်သာမူများ မရှိကြောင်း ရှယ်ယာရှင်များက ဝေဖန်ပြောဆိုသည်။
YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင် က “အချိန်လေးတော့ ကျနော်တို့ ပြောလို့ မရဘူး။ ဖြစ်ဖြစ်ချင်းပဲ ဝန်ကြီးက လည်း ခေါ်တွေ့ပြီး ဖြေရှင်း ဆောင်ရွက်ပေးမယ်လို့ ပြောထားတယ်။ အခုလည်း ဖြေရှင်းဆောင်ရွက်နေတယ်။ အချိန်က တော့ အတိအကျ ပြောလို့ မရဘူး။ ရှယ်ယာပြန်ဝယ်ပေးဖို့ တင်တာကတော့ YUPT ကုမ္ပဏီကို တင်တာ။ ကျနော်တို့ဆီ တင်တာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခင်က အစုရှယ်ယာရှင် ၁၉၀ ဦးမှ မိမိတို့၏ အစုရှယ်ယာများကို အစိုးရမှ ပြန်လည် ဝယ်ယူပေးရန်အတွက် YRTA သို့ တင်ပြထားသည်ကိုသာ လက်ခံရရှိထားကြောင်း ၎င်းက ဆိုသည်။
ဒေါက်တာ မောင်အောင်က “၁၉၀ ပဲရှိသေးတယ်။ အခုတင်တာတော့ သူတို့ YUPT ကုမ္ပဏီကို တင်တာဖြစ်တဲ့ အတွက် ကျနော်တို့ မသိသေးဘူး။ ဒီနေ့ မဲပေးရွေးချယ်တဲ့ ဒါရိုက်တာ အဖွဲ့ဝင် ၇ ယောက်ကိုတော့ အစိုးရအဖွဲ့ကို ဆက်လက် တင် ပြမှာ ဖြစ်တယ်” ဟု ပြောဆိုသည်။