ရခိုင်ပြည်နယ်၊ မာန်အောင်မြို့သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် လာရန် ရှိကြောင်း သတင်း ရရှိသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မာန်အောင်မြို့ရှိ အစိုးရပိုင် “ ဆိုလာ ” စနစ် ဓာတ်အားပေး စက်ရုံကို တက်ရောက်ကာ ဖွင့်လှစ်ပေးမည် ဖြစ်ကာ နယ်ခံ လူထုနှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း NLD ပါတီဝင် မာန်အောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးနွဲ့က ဧရာဝတီသို့ အတည်ပြု ပြောကြားသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဘိုးနွဲ့က “မနက်ဖြန် ကျနော်တို့ မာန်အောင်ကျွန်း ဆိုလာ System နဲ့ မီးပေးမယ့် ဓာတ်အားပေး စက်ရုံကို ဖွင့်ပါမယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်း တက်ရောက်ပါမယ်။ အဲဒီမှာ လူထုတွေ့ဆုံပြီး တော့ တင်ပြစရာတွေ၊ မေးခွန်းမေးမြန်းစရာတွေ လုပ်ဖို့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
နယ်မြေငြိမ်းချမ်းမှု အားနည်းနေသည့် ရခိုင်ပြည်နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ် လုံခြုံရေး အခြေအနေ မည်သို့ပြုလုပ်နေသည်ကို အစိုးရအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိသေးပါ။
အဆိုပါ ခရီးစဉ်၏ အသေးစိတ် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမည့် အချိန်၊ လုံခြုံရေး စသည့် အသေးစိတ် အခြေအနေများကိုမူ မသိရှိရသေးကြောင်း NLD ပါတီဝင်များ က ပြောကြသည်။
“ခရီးစဉ် အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့လည်း မသိဘူး။ လူထုနဲ့ တွေ့ဆုံရာမှာလည်း လုံခြုံရေး အခြေအနေ ကြောင့် တခြားတိုင်းနဲ့ ပြည်နယ်လို အချိန်အများကြီး ရမှာ မဟုတ်ဘူး။ မေးခွန်းမေးတဲ့အခါမှာလည်း မပြီးသေးတဲ့ မာန် အောင် လေဆိပ်လို ကိစ္စမျိုးတွေ၊ အားလုံးနဲ့ သက်ဆိုင်ပြီး ခြုံငုံတဲ့ မေးခွန်းတွေကို မေးဖို့ လုပ်ထားပါတယ်” ဟု မာန်အောင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘိုးနွဲ့က ဆက်လက် ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးမည့် ဆိုလာ စနစ်ဖြင့် မီးလင်းရေး ဓာတ်အားပေး စက်ရုံသည် မာန်အောင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂ သို့ မီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ ) တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံကြိုဆိုသည့် ဆန္ဒ ဖော်ထုတ်ပွဲ ၁ ခုကို မာန်အောင်ကျွန်းတွင် NLD ပါတီဝင်များ ဦးဆောင်ကာ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည် သူ အာဏာ ရရှိသည့် အချိန်ကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့ မောင်တောမြို့နယ်အတွင်းသို့ ပထမဆုံး ခရီးစဉ် လာရောက်ခဲ့သော်လည်း ဒေသတွင်း နိုင်ငံရေးပါတီများနှင့် ရခိုင်အရပ် ဘက်လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံခြင်း မရှိခဲ့ပါ။
ထိုစဉ်က မောင်တောမြို့သို့ သွားရောက်ပြီး စစ်တွေလေဆိပ် ခန်းမဆောင်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ခဏတာ တွေ့ဆုံပြီး ပြန်ခဲ့သည့်အတွက် ရခိုင်လူထုကြားတွင် ဝေဖန်မှု မြင့်တက်ခဲ့သည်။
You may also like these stories:
ICJ ထောက်ခံပွဲကို မကြိုက်၍ NLD ဥက္ကဋ္ဌကို ဖမ်းလိုက်တာဟု AA ပြေ
ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ ပျောက်ဆုံးနေ