သတင်း

ရခိုင်ပြည်သူများ၏ ဒုက္ခကိုစာနာပြီး တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ရန် ALP တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကပ်ရောဂါ အန္တရာယ်ကို တတိုင်းပြည်လုံး ညီညာစွာ ရင်ကြရမည် ဖြစ်၍ ရခိုင်ပြည်နယ် တွင် နှစ်ဖက် တိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပေးရန် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) က ဧပြီလ ၂၃ ရက် တွင် ထပ်မံ တောင်းဆိုလိုက်သည်။

ALP သည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်ကလည်း ယင်းသို့ တောင်းဆိုထားသေးသည်။

ဧပြီလ ၂၀ ရက်တွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ ကားတစီး ပစ်ခတ်ခံရ၍ WHO ဝန်ထမ်းတဦး သေဆုံးပြီးနောက် အရပ်သား ပစ်ခတ်ခံရမှုများ ပိုမိုများလာပြီးနောက်တွင် ဒုတိယအကြိမ်မြောက် ထုတ်ပြန်ချက် ထုတ်ကာ တောင်းဆိုလိုက် ခြင်းလည်း ဖြစ်သည်။

ALP အဖွဲ့မှ ဗိုလ်မှူးကြီး ခိုင်စိုးမြ က “ကိုရိုနာ ဗိုင်းရပ်စ်လည်း ဖြစ်နေတော့ လူတွေက အထိတ်တလန့်လည်း ဖြစ်နေ ရတယ်။ နောက်ပြီး စစ်ရေးနဲ့ ပတ်သက်လို့ အထိတ်တလန့် ဖြစ်နေတော့ လူတွေက နေစရာ မရှိသလို ဖြစ်နေတယ်။ ဒီဥစ္စာကို နှစ်ဖက် စလုံး (AA နှင့် တပ်မတော်) က ကိုယ်ချင်းစာနာသင့်တယ်” ဟု ဧရာဝတီသို့ ပြောကြားသည်။

စစ်ပွဲများ ရပ်မှသာ ရခိုင်ပြည်သူများ ကြောင့်ကြမှု ကင်းမည် ဖြစ်ပြီး စစ်ဘေးဒုက္ခသည်များ မိမိနေရပ်တွင် ဘေးကင်းစွာ နေ ထိုင်နိုင်ရန် မျှော်လင့်ချက်ရှိမည် ဖြစ်ကြောင်း၊ ထို့ကြောင့် AA အဖွဲ့နှင့် မြန်မာ့တပ်မတော်တို့ စစ်ပွဲများရပ်၍ ငြိမ်းချမ်းရေး စကားပြောရန် ရှေးရှုကာ ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုရခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့သော် ထုတ်ပြန်ချက်ကို AA နှင့် တပ်မတော်တို့ထံ ပေးပို့သွားရန် မရှိကြောင်း ဗိုလ်မှူးကြီး ခိုင်စိုးမြက ဆက်လက် ပြော ဆို သည်။

“ကျနော်တို့ကတော့ တောင်းဆိုချက်တွေ ပို့ပေးဖို့တော့ အစီအစဉ် မရှိသေးဘူး။ ကျနော်တို့က ထုတ်ပြန် ကြေညာချက်ဆို တာ ဘာပဲဖြစ်ဖြစ်၊ ဗမာပြည်သူ တရပ်လုံး သိအောင်၊ ရခိုင်ပြည်သူ တရပ်လုံးသိအောင် ထုတ်တဲ့ သဘောပါ” ဟု ၎င်းက ပြောသည်။

ALP ၏ ထုတ်ပြန်ချက်တွင် စစ်ကြောင့် ထိခိုက်သေဆုံးသူများ အတွက် လူသားချင်း စာနာထောက်ထားသည့် အကူအညီ များပေးရန် ၊ စစ်ဘေးရှောင်များ မိမိနေရပ်သို့ ဘေးကင်းလုံခြုံစွာ ပြန်လည် အခြေချနေထိုင်ရန်၊ စစ်ရှောင်ကလေးများ၏ စာသင်ကြားနိုင်ရေးကို အလေးထား စဉ်းစားပေးရန်နှင့် အပြစ်မဲ့ ပြည်သူများ၏ နစ်နာမှုများ ဆက်လက် မဖြစ်စေရေး အလေးထား ဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။

ALP သည် ရခိုင်တွင် ဖိနှိပ်မှုမှ လွတ်ကင်းရေးနှင့် တန်းတူရေးအတွက် ၁၉၆၇ ခုနှစ်ကတည်းက လက်နက်ကိုင် တိုက်ပွဲဝင် ခဲ့သော အဖွဲ့ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးထားသည်။]

ALP ၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင် အမျိုးသားပါတီ (ANP) မှ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင် ကျော်က ALP ၏ တောင်းဆိုချက်များသည် လက်ရှိ ရခိုင်ပြည်နယ်တွင် လိုအပ်ချက် ဖြစ်နေသည့် ကိစ္စများကို တောင်းဆို ထားခြင်း ဖြစ်ကြောင်း မှတ်ချက်ပေးသည်။

ဦးထွန်းအောင်ကျော် က “ရခိုင်ပြည်နယ်မှာ လူထု ထိခိုက်နစ်နာမှုတွေက အရမ်း များလာပြီ။ ဒီပြဿနာက နှစ်ဖက်တိုက် ခိုက်တာ အချိန်ကြာလာတာနဲ့အမျှ အထိခိုက်ဆုံးက အရပ်သားတွေပဲ အကြီးအကျယ် ခံနေရတာ။ ဒီအချက်တွေကြောင့် စစ်ရပ်စဲဖို့ တောင်းဆိုတာက သဘာဝကျတယ်။ လိုလည်း လိုအပ်တယ်” ဟု ဆိုသည်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူ ရခိုင်ပြည်နယ်တွင် မတွေ့သေးခြင်းသည် ရောဂါစစ်ဆေးမှု ထိရောက်စွာ မစစ်ဆေး နိုင်သောကြောင့် ဖြစ်နိုင်ရာ ရခိုင်ပြည်နယ်ရှိ ဗိုင်းရပ်စ် အန္တရာယ်၏ အတိမ်အနက်ကို မည်သူမျှ မသိနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

ဦးထွန်းအောင်ကျော်က “မဖြစ်သေးလို့သာ နေတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဘာမှ မရှိ သေးဘူး။ အဲဒါကြောင့် လူသားချင်း စာနာထောက်ထားမှုတွေ အထောက်အကူပြုဖို့လည်းလိုတယ်။ နောက်တခုက အနာ ဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တဲ့ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး ရပ်တန့်သွားတာတွေက အင်မတန်မှ ဘဝမှာ ထိခိုက် နစ်နာတယ်ဗျ” ဟု ဆိုသည်။

ANP နှင့် ALP တို့က စစ်ပွဲ ရပ်ဆိုင်းရန် တောင်းဆိုမှုများ ရှိနေသော်လည်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စ တီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကမူ လက်တွေ့ မြေပြင်အခြေအနေတွင် နှစ်ဖက်စလုံးက အပစ်ရပ်မည့် အနေအထားရှိပုံ မရကြောင်း ပြောကြားသည်။

AA အဖွဲ့၏ တပ်ဖွဲ့ဝင်များကို ၂၀၂၀ ပြည့်နှစ်တွင် မြောက်ဦးမြို့၌ ဌာနချုပ် ဖွင့်နိုင်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသည် ဖြစ်ရာ အဆိုပါ ပြောဆိုချက်အတိုင်း ဖြစ်ရန် ကြိုးပမ်းလာမည့် အခြေအနေ ရှိပြီး တပ်မတော်ကလည်း ယင်းကြိုးပမ်းမှုကို တားဆီးမည့် အနေအထား ရှိနေကြောင်း ၎င်းက သုံးသပ်သည်။

၎င်းက “သူတို့ ပြောထားချက်တွေကို ဖြည့်ဆည်းနိုင်ဖို့က သူတို့ အကောင်အထည်ဖော်နိုင်မှ ရမှာ။ အကောင်အထည် မဖော်နိုင်ခဲ့ ရင် သူ့မှာ အခက်အခဲတွေ ရှိလာတော့မယ့် အတွက် သူကလည်း ဒါကို တက်သုတ်ရိုက်ပြီး အကောင်အထည်ဖော်ဖို့ ကြိုး စားမှာပဲ။ တပ်မတော်ကလည်း ဒီဟာ မဖြစ်အောင် တန်ပြန် ထိုးစစ်နဲ့ တုံ့ပြန်မှာ ဆိုတော့ လက်ရှိအနေအထားမှာ အပစ် ခတ် ရပ်စဲရေးက ဘယ်လိုမှ မမြင်ဘူးပေါ့” ဟု မှတ်ချက်ပေးသည်။

ရခိုင်ပြည်နယ်တွင် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများမှာ နေ့စဉ်နေ့တိုင်း နီးပါးပင် ဖြစ်လာ သည်။

ဧပြီလ ၂၀ ရက် ကလည်း မင်းပြားမြို့နယ် ရာမောင်တံတား အနီးတွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အဝ ကျေးရွာ အုပ်စု၊ မင်းရွာ၊ ထောင့်ချေရွာ၊ မြစ်နားရွာ စသည့်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ သဖြင့် အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးပြီး ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း မင်းပြားမြို့နယ် ရာမောင်တံတား အနီးတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကားတစီး ပစ်ခတ်ခံရသဖြင့် ကားဒရိုင်ဘာ ဝန်ထမ်း ၁ ဦး သေဆုံးပြီး ကျန်းမားရေး ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။

ဧပြီလ ၂၁ ရက်တွင်လည်း ရန်ကုန်မှ စစ်တွေသို့ လာရောက်သည့် CPS ပိုးသတ်ဆေး ကုမ္ပဏီမှ ကားတစီးမှာ မင်းပြားမြို့ နယ် ရာမောင်တံတား၏ အရှေ့ဘက်ကမ်း ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် ပစ်ခတ်ခံရပြီး ကားပေါ်တွင် လိုက်ပါလာ သည့် ဝန်ထမ်း ၁ ဦး သေဆုံး၍ ၁ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

ဧပြီလ ၂၂ ရက်တွင် မင်းပြားမြို့နယ်၌ ပစ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့၍ ရခိုင် တိုင်းရင်းသား ၃ ဦးနှင့် မွတ်စလင် ရွာသား ၁ ဦး သေဆုံးခဲ့ပြီး မွတ်စလင် ရွာသား ၂ ဦးမှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

မင်းပြားတွင် WHO ကား ပစ်ခတ်ခံရ၊ ဝန်ထမ်း ၁ ဦး သေဆုံး

Did you find apk for android? You can find new Free Android Games and apps.
Loading