ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ၂၃ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၃၂ နှင့် ထိတွေ့မှုရှိခဲ့သည့် ဘုန်းကြီးတပါး အပါအဝင် ၁၇ ဦးကို Quarantine ထား၍ ဓါတ်ခွဲ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဓာတ်ခွဲအတည်ပြုလူနာ ၁၃၂ သည် အသက် ၈၀ အရွယ် အမျိုးသားဖြစ်ပြီး မည်သူ့ထံမှ ရောဂါ ကူးစက်ခံရသည်ကို မသိရ သေးဘဲ ဖြစ်နိုင်ခြေ ကွင်းဆက်များ စုံစမ်းနေဆဲသာ ဖြစ်ကြောင်း မတ္တရာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းက ပြောသည်။
ဦးမင်းမင်းက “လူနာက လေဖြတ်နေတာ၊ အခုထိတော့ ဘယ်လို ကူးစက်ခံရတယ်ဆိုတာ ခန့်မှန်းသုံးသပ်လို့ မရသေးပါဘူး၊ ရောဂါပိုးက ဒီအဘိုးဆီကို ဘယ်သူ့ဆီကနေ ကူးသလဲ ဆိုတာကလည်း မသေချာသေးတော့ ရှုပ်ထွေးပါတယ်၊ လက်ရှိမှာတော့ တဝန်းထဲမှာ အတူနေတဲ့ သူရဲ့ မိသားစုဝင်တွေနဲ့ ထိတွေ့ဆက်စပ်သူတွေကို ဓါတ်ခွဲစစ်ဆေးဖို့ လုပ်နေပါတယ်၊ အားလုံးပေါင်း ၁၇ ယောက်ရှိပါတယ်” ဟု ပြောသည်။
Quarantine ထား၍ ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်မည့်သူများတွင် လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် မိသားစုဝင် ၈ ဦး၊ ဘုန်းတော်ကြီး တပါး၊ ဆရာဝန်တဦး၊ သူနာပြု (အငြိမ်းစား) ဆရာမတဦး၊ ပရဟိတယာဉ်မောင်းတဦးနှင့် လူနာ၏ ဆွေမျိုးမိတ်ဆွေများ ပါဝင်နေပြီး ထိုသူများထံမှ ဓါတ်ခွဲနမူနာရယူကာ ယနေ့ ဧပြီ ၂၄ ရက်တွင် ရန်ကုန်သို့ ဓါတ်ခွဲနမူနာများ ပေးပို့စစ်ဆေးမည်ဟု သိရသည်။
ဦးမင်းမင်းက “သူ့ကို မန္တလေးဆေးရုံကြီးမှာ မကုခင်က မန္တလေးမြို့ပေါ်က ပုဂ္ဂလိကဆေးခန်းတခုမှာ လိပ်ခေါင်းရောဂါ ကုသခဲ့ဖူးတယ်လို့ သိရတယ်၊ အဲဒီဆေးခန်းကနေ မန္တလေးဆေးရုံကြီးကို တိုက်ရိုက် လွှဲပြောင်းပေးတာမျိုး မဟုတ်ပါဘူး၊ ပြီးတော့ လေဖြတ် ဝေဒနာကို ဆရာဝန်တဦးနဲ့ သူနာပြု (အငြိမ်းစား) ဆရာမကြီးတဦးက အိမ်မှာလာပြီး ကုပေးနေတယ်လို့ သိရတယ်၊ ဘုန်းတော်ကြီး ကတော့ နေအိမ်သို့ လူမမာလာမေးခဲ့သလို ဆေးရုံကို ပို့တဲ့အချိန်မှာလည်း ကူညီပြီး ကားပေါ် တင်ပေးခဲ့သူပါ၊ ဒါကြောင့် ဆက်စပ် ထိတွေ့ခဲ့တဲ့သူတွေကို Quarantine ထားထားပါတယ်” ဟု ရှင်းပြသည်။
ယခုအခါ လူနာ၏ နေအိမ်နှင့် ထိတွေ့မှုရှိခဲ့သည့် ဆွေမျိုးမိတ်ဆွေများ၏ နေအိမ်များကို Lockdown (ဝင်ထွက်သွားလာ ခွင့်ပိတ်ပင်) ချထားပြီး ဓါတ်ခွဲစစ်ဆေးချက်အဖြေပေါ် မူတည်၍ လုပ်ဆောင်စရာ ရှိသည်များကို ဆက်လက်လုပ်ဆောင်သွား မည်ဟု သိရသည်။
COVID-19 အတည်ပြုလူနာ ၁၃၂ သည် လေဖြတ်နေသူဖြစ်ပြီး မတ္တရာမြို့ အမှတ် (၂) နယ်မြေ၊ ကန်သာရပ်ကွက်တွင် နေထိုင် သူဖြစ်ကာ ဧပြီ ၂၁ ရက်က စတင်၍ မန္တလေးအထွေထွေ ရောဂါကု ဆေးရုံကြီး၌ COVID-19 စောင့်ကြည့်လူနာအဖြစ် ကုသမှု ခံယူနေရသူဖြစ်သည်။
ထိုသို့ COVID-19 စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူနေရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ၂၃ ရက်နေ့ ည၈နာရီ သတင်းထုတ်ပြန်ချက်အရ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ကာ ဓာတ်ခွဲအတည်ပြုလူနာ ၁၃၂ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
COVID-19 အတည်ပြုလူနာ ၁၃၂ တွင် ခရီးသွားရာဇဝင် မရှိသလို COVID-19 ရောဂါရှိသူနှင့် ထိတွေ့မှုမျိုး မရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသလို လက်ရှိတွင် ၎င်းလူနာကို မန္တလေး ကန်တော်နဒီဆေးရုံသို့ ပြောင်းရွှေ့ထားပြီး လိုအပ်သည့် ကုသမှုများကို ဆောင်ရွက် ပေးထားကြောင်း သိရသည်။
ထိုသို့ မတ္တရာမြို့နယ်တွင် COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ခြင်းကြောင့် မတ္တရာမြို့ပေါ်ရှိ ဈေးများ၊ စားသောက်ဆိုင် များ၊ လုပ်ငန်းများအားလုံးနှင့် ရေသန့်ပို့ခြင်း၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းများ ကိုပင် ခွင့်မပြုတော့ဘဲ ဧပြီ ၂၄ ရက်နေ့က စတင်၍ လည်ပတ်နေသော လုပ်ငန်းများအားလုံး ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မတ္တရာမြို့နယ် စည်ပင်သာယာရေး ကော်မတီက ကြေညာခဲ့သည်။
ဦးမင်းမင်းက “လူနာနဲ့ ထိတွေ့တဲ့သူတွေကို စုံစမ်းဖော်ထုတ်နေချိန်မှာ တခြားသူတွေနဲ့ ထပ်ပြီး ထိတွေ့တာတွေ ဖြစ်မှာစိုးရိမ်လို့ ပိတ်လိုက် တာပါ၊ ပြီးတော့ ကျနော်တို့မြို့မှာနေတဲ့သူတွေ တော်တော်များများက မိသားစုလိုနေထိုင်ကြတဲ့ မြို့လေးဆိုတော့ တဦးနဲ့တဦး ထိတွေ့ တာ များတယ်၊ ဒါကြောင့်ပါ၊ အရင်လို ပါဆယ်အနေနဲ့ ရောင်းခွင့်ပြုတာ၊ အကန့်အသတ်နဲ့ ရောင်းခွင့်ပြုတာလည်း ယာယီ ပိတ်ခိုင်းထားပါတယ်၊ လိုအပ်ရင်တော့ ထပ်ပိတ်မယ်လို့တော့ ထင်တယ်”ဟု ပြောသည်။
ထိုသို့ပိတ်သိမ်းရခြင်းမှာ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သူများကို စုံစမ်းဖော်ထုတ်နေချိန် ထပ်မံ၍ ထိတွေ့မှုများ၊ ကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သည့်အတွက် တာဝန်ရှိသူများ ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း တမြို့လုံး အလုံးစုံ ပိတ်ချလိုက်ခြင်း မဟုတ်ဘဲ အသွားအလာများအား ခွင့်ပြုပေးထားကြောင်း သိရသည်။
မတ္တရာမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ထပ်မံတွေ့ရှိခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါ အတည်ပြုလူနာ ၃ ဦးထိ ရှိလာပြီးဖြစ်သလို တဦးတွင် ပိုးမတွေ့ရသဖြင့် ဆေးရုံးဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ၂၄ ရက်နေ့ ညပိုင်းထိ သတင်း ထုတ်ပြန်ချက်အရ Covid-19 ရောဂါ ဖြစ်ပွားသူ ၁၄၃ ဦးတွေ့ရှိခဲ့ပြီး သေဆုံးလူနာ ၅ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းခွင့်ရရှိသူ ၉ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
COVID-19 အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် ဖွဲ့စည်းမည်
COVID-19 ကြောင့် ရှမ်းမြောက် ပလောင် ၈ ရွာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေ
မန္တလေး တတိယမြောက် COVID-19 ပိုးတွေ့လူနာ၏ နောက်ကြောင်း လိုက်လံစုံစမ်းနေ