ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုး သား လွှတ်တော်တို့အတွက် ရွေးကောက်ပွဲ ကျင်းပမည့် သတ်မှတ်ထားသော မဲဆန္ဒနယ် စာရင်းများကို ဇွန်လ၂၉ ရက်က ကြေညာလိုက်သည်။
အဆိုပါ မဲဆန္ဒနယ် စာရင်းများတွင် ယခင်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၏ မြို့နယ် ၄ မြို့နယ် ပါဝင်လာသည်။
ပြီးခဲ့သည့်၂၀၁၅ ရွေးကောက်ပွဲတွင် ဝ ဒေသရှိ ဟိုပန်နှင့် မက်မန်းမြို့နယ်များတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသည့် မိုင်းမော၊ ပန်ဝိုင်၊ ပန်ခမ်း (ပန်ဆန်း) နှင့် နားဖန်းမြို့များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။
UEC က ကြေညာထားသော မဲဆန္ဒနယ် စာရင်းတွင် အဆိုပါမြို့နယ် ၄ မြို့နယ် ပါဝင်နေသည် ဖြစ်ရာ လာမည့် ၂၀၂၀ ရွေး ကောက်ပွဲတွင် ယင်းမြို့နယ်များ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခြေအနေ များနေကြောင်း နိုင်ငံရေး လေ့လာသူအချို့က သုံးသပ်ကြသည်။
ယင်းမြို့နယ် ၄ ခုသည် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက ရွေးကောက်ပွဲဖြင့် အုပ်ချုပ်သူ ရွေးချယ်သည့် ဒီမိုကရေစီစနစ်သို့ မြန်မာနိုင်ငံ လျှောက်လှမ်းမှု ၁၀ နှစ်တာ ကာလအကြာတွင် ပထမဆုံး ရွေးကောက်ပွဲ ကျင်းပနိုင်မည့် နေရာများ ဖြစ်လာ မည့် အခြေအနေ ရှိသည်။
တခါမှ ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းရှိ မြို့များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ပါက ယင်းဒေသတွင် အင်အားကောင်းလာမည့် နိုင်ငံရေးပါတီ တခုလည်း ရှိသည်။
ယင်းမှာ ဝ နိုင်ငံရေးပါတီ ၃ ခု ပေါင်းစည်းထားသော ဝ အမျိုးသားပါတီ (WNP) ပင် ဖြစ်သည်။
WNP ကို ဝ အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ် ပါတီနှင့် ဝ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ဖွံ့ဖြိုးရေး ပါတီ တို့ဖြင့် ပေါင်းစည်းတည် ထောင်ထားခြင်းဖြစ်သည်။
လတ်တလောကာလတွင် WNP သည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အကြို ပြင်ဆင်မှုများ စလုပ်နေပြီ ဖြစ်သည်။
WNP သည် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ရှိ ဟိုပန်မြို့တွင် ဇွန်လ ၂၆ ရက်မှ ၂၇ ရက်အထိ ပထမအကြိမ် ပါတီ ညီ လာခံကို ကျင်းပခဲ့ပြီး ပါတီ၏ အခြေခံမူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။
ညီလာခံက အတည်ပြုလိုက်သည့် WNP ၏ အခြေခံမူများတွင် ပါတီ၏ မဟာမိတ် မူဝါဒ၊ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်း ရွေးချယ်မည့် မူဝါဒနှင့် ပါတီ၏ နိုင်ငံရေးခံယူချက်များ ပါဝင်သည်။
မဟာမိတ်မူ အရ WNP သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အကျိုးဖြစ်ထွန်းစေသော လုပ်ငန်းများ ဆောင်ရွက် ရာတွင် မည်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့်မဆို ပူးပေါင်းသွားမည်ဟု ဆိုထားသည်။
ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်လည်း ဝ တိုင်းနှင့် ဆက်နွယ်သည့် ဇာတိမြေမှဒေသခံ တိုင်းရင်းသားလူမျိုး၊ ပြည် ထောင်စု အတွက် မိမိကိုယ်ကို စွန့်လွှတ်သူ၊ အများအကျိုး ဆောင်ရွက်လိုသူ၊ နယ်မြေဒေသ အကျိုး ထိရောက် ကျွမ်းကျင် စွာ ဆောင်ရွက်နိုင်သူ စသည့် အရည်အချင်းရှိသူများအား ဦးစားပေး ရွေးမည်ဟု WNP ၏ ကြေညာချက်အရသိရသည်။
ထူးခြားချက်မှာ WNP က ကြေညာထားသော ၎င်းတို့၏ နိုင်ငံရေး ခံယူချက်ဖြစ်သည်။
ဝ တိုင်းရင်းသား လူမျိုးစုများ တဆက်တစပ်တည်း အခြေချနေထိုင်သည့် အရပ်ဒေသများကို ပေါင်းစည်းပြီး ပြည်ထောင်စု အဖွဲ့ဝင် ဝ ပြည်နယ်အဖြစ် အသိအမှတ်ပြုရေးကို ကိုင်စွဲထားခြင်း ဖြစ်သည်။ ထိုအချက်သည် UWSA က အစိုးရထံ အစဉ်တစိုက် တောင်းဆိုထားသော အချက်နှင့်လည်း တူနေသည်။
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဖြစ် အသိအမှတ်ပြုပါက နယ်မြေ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုး ရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ် ယန္တရားများ လျင်မြန်စွာ ဖြစ်ထွန်းမည်ဟု ခံယူကြောင်း WNP က ကြေညာထားသည်။
ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းကို ပြည်နယ်အဖြစ် အသိအမှတ်ရေးကို WNP ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်း စဉ် ၇ ချက်တွင်လည်း ထည့်သွင်းထားသည်ကို တွေ့ရသည်။
ပြည်နယ်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုသည့် သဘောထားသည် ဝ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ဝ ပြည် သွေး စည်း ညီညွတ်ရေးတပ် (UWSA) က အစဉ်တစိုက် တောင်းဆိုနေသည့် UWSA ၏ နိုင်ငံရေး ရည်မှန်းချက်လည်း ဖြစ်ရာ WNP နှင့် UWSA တို့ အကြား မူဝါဒ တူညီမှုသည် နိုင်ငံရေး လေ့လာသူများကြား အတွေးပွားစရာလည်း ဖြစ်လာသည်။
WNP သည် UWSA ၏ သဘောထားများကို ပါတီနိုင်ငံရေး နည်းလမ်းအရ အသံထွက်ပေးမည့် အဖွဲ့လော ဆိုသည့် အချက်ပင် ဖြစ်သည်။
ယင်အချက်နှင့် ပတ်သက်၍ WNP ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ M ဇော်လတ်က ရှင်းလင်းစွာ မပြောကြားပေ။
“ကျနော်တို့က ဝ အမျိုးသားရေး အတွက်ဆိုရင် ရည်မှန်းချက်တူတာတော့ ရှိတာပေါ့။ ဝ လူထုကလည်း အဓိက တောင်း ဆိုတာက တန်းတူရေးအတွက် ဝ ပြည်နယ်ရဖို့ အတွက် အားလုံးက တောင်းဆိုကြတော့ ဟိုဘက်ဒီဘက် တူနေတာ တချို့တော့ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။
သို့သော် သေချာသည်က လက်ရှိကာလတွင် WNP သည် UWSA ၏ အထောက်အပံ့ဖြင့် ဖွဲ့စည်းထားသော နိုင်ငံရေး ပါတီ မဟုတ်ကြောင်း ဒေါက်တာ M ဇော်လတ်က ပြောဆိုသည်။
UWSA ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းကလည်း WNP ၏ အမျိုးသားရေး ခံယူချက်နှင့် UWSA ၏ ရည်ရွယ်ချက် တူနေသဖြင့် နီးစပ်သည်ဟု တွေးဆမှုများ ဖြစ်လာခြင်းဟု ယူဆကြောင်း ဆိုသည်။
ဝ ပြည်နယ် တောင်းဆိုတဲ့ အရေးနဲ့ ပတ်သက်ပြီးမှ နဂိုကတည်းက ဝ ပြည်နယ်ရှိပြီးသား ဆိုတာ အားလုံးက သိပြီးသား လေ။ ဒါကတော့ ဝ အမျိုးသားရေး၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးပဲလေ။ ဒီတောင်းဆိုမှုတွေ တူတယ်ဆိုတာက မဆန်းပါ ဘူး။ ဒါက ရလည်း ရထိုက်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
UWSA အနေနှင့် ဝ ပါတီရယ်မှ မဟုတ်ဘဲ မြန်မာနိုင်ငံအရေး၊ အမျိုးသားရေးကို အပြုသဘော ဆန္ဒရှိသည့် နိုင်ငံရေး ပါတီ များနှင့် ခင်မင်ရင်းနှီးမှုများ ရှိကြောင်း ၎င်းက ဆိုသည်။
“သေချာတာက တခုကတော့ ဘယ်ပါတီ မဆို ကျနော်တို့ ကောင်းမွန်တဲ့ ဆက်ဆံမှုတွေ ၊ ခင်မင်ရင်းနှီးမှုတွေတော့ ရှိပါ တယ်။ ဒါက ဝ ပါတီရယ်လို့တော့ မဟုတ်ပါဘူး” ဟု ဦးညီရန်းက ရှင်းပြသည်။
WNP ကမူ လက်ရှိတွင် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ ရွေးချယ် စိစစ်သည့် လုပ်ငန်းများ ကိုဆောင်ရွက်နေပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဝ လူမျိုးများ နေထိုင်သည့် ဒေသများတွင် ရွေးကောက်ပွဲ ဝင်မည် ဟု ပြောဆိုထားသည်။
“မက်မန်းနဲ့ ဟိုပန်၂ မြို့နယ်ပေါ့။ အဲဒီ၂ မြို့နယ်မှာတော့ သေချာပေါက် ကျနော်တို့ ဝင်ပြိုင်မယ်။ အမျိုးသား လွှတ်တော် အပါအဝင် ၇ နေရာပေါ့။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာတော့ သတ်မှတ်ထားတာ ၉ မြို့နယ် ရှိပါတယ်။ အဲဒီ ၉ မြို့နယ်မှာ အကုန်လုံး နီးပါး ဝင်ပြိုင်မယ်လို့ ရည်ရွယ်ချက်ထားထားတာပေါ့။ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ်အချို့မှာလည်း ဝင်ပြိုင်မယ်” ဟု ဒေါက်တာ M ဇော်လတ်က ဆိုသည်။
လာမည့် ရွေးကောက်ပွဲတွင် WNP အတွက် ပြိုင်ဘက်ဖြစ်လာမည့် ပါတီများလည်း ရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရေစီအဖွဲ့ချုပ် (SNLD) တို့သည် အဓိက နိုင်ငံရေး ပြိုင်ဘက်များ ဖြစ်လာမည်ဟု တွက်ဆထားကြောင်း ဒေါက်တာ M ဇော်လတ်က ဆိုသည်။
ဆက်လက်၍ ၎င်းက “၂၀၂၀ မှာ ကျနော်တို့ လွှတ်တော်ထဲမှာ ပိုမိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။၂၀၂၀ ရွေး ကောက်ပွဲမှာ ဝ အမျိုးသားပါတီရဲ့ တည်ရှိမှုကို ဝ အမျိုးသားတွေ ပိုသိလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြား သည်။
နိုင်ငံရေး လေ့လာသူ ဦးရဲထွန်းကလည်း UWSA နှင့် WNP သည် ဝ ပြည်နယ်ရရှိရေးတွင် အမြင်တူနေသည် ဖြစ်ရာ UWSA နှင့် WNP နီးစပ်မှု ရှိနိုင်ကြောင်း သုံးသပ်သည်။
“သူက နိုင်ငံရေး ရည်မှန်းချက်တွေ ဘာတွေ တူပြီးတော့ UWSA ကိုယ်၌က ပါတီမထောင်ဘူး ဆိုရင် သူတို့ ပတ်သက် ဆက်စပ်မှု ရှိနိုင်ပါတယ်။ လွှတ်တော်ထဲမှာ ပြောဖို့ ဆိုဖို့၊ ဒီမိုကရေစီဘောင်ထဲမှာ ပြောဖို့ ဆိုဖို့လည်း နိုင်ငံရေးပါတီ ရှိလာပြီ။ တခါ ဒေသအုပ်ချုပ်တာကျတော့လည်း UWSA ကပဲ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နေတယ်။ UWSA နဲ့ အမြင်တူတယ်ဆိုရင် သူတို့ က ဒီအဖွဲ့တွေကိုပဲ မဲရအောင် ပံ့ပိုးပေးလိမ့်မှာပဲ” ဟု ၎င်းက ဆိုသည်။
ထိုပြင် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း တွင် ဝ လူမျိုး ၅ သိန်းခန့် အများစု နေထိုင်သည်ဖြစ်ရာ ရွေးကောက်ပွဲ ကျင်းပနိုင် လျှင်တောင် အခြားသော ဝ လူမျိုးမဟုတ်သည့် နိုင်ငံရေး ပါတီများ အနေနှင့် ဝ ဒေသတွင် စည်းရုံးရေးဆင်းရန် မလွယ် ကြောင်း ဦးရဲထွန်းက ပြောသည်။
“စည်းရုံးရေး ဆင်းရင်တောင်မှ ဝ စကားပေါက်ဖို့ မလွယ်ဘူး။ တခုတော့ ရှိတာပေါ့ဗျာ။ NLD တို့၊ SNLD တို့က ဝ လူငယ် ပညာတတ်တွေကို ခေါ်သုံးရင်တော့ မဲဆွယ်စည်းရုံးတဲ့ အခါမှာ ဝ စကားနဲ့ စည်းရုံးလို့ ရမှာပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း UEC ဥက္ကဋ္ဌ ဦးလှသိန်းသည် ပန်ခမ်းသို့ သွားရောက်ကာ UWSA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) ခေါင်းဆောင် တဦးဖြစ်သူ ဦးရှောက်မင်လျံနှင့် ရွေး ကောက်ပွဲ ကျင်းပနိုင်ရေး သွားရောက် ဆွေးနွေးခဲ့သေးသည်။
ဦးရှောက်မင်လျံ ကလည်း ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် အတတ်နိုင်ဆုံး ပူးပေါင်း ပါဝင်မည်ဟု ပြန်လည် ပြောဆို ထားရာ ဝ ဒေသရှိ ရွေးကောက်ပွဲ မကျင်းပရသေးသည့် မြို့ ၄ မြို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်လား ဆိုသည်မှာ သတိထား လေ့လာရမည့် ကိစ္စ ဖြစ်လာသည်။
သို့ဖြစ်ရာ ဝ ဒေသတွင် ရွေးကောက်ပွဲ ကျင်းပ နိုင်မည်၊ မကျင်းပနိုင်မည်နှင့် ရွေးကောက်ပွဲ ကျင်းပပါက ဝ လူမျိုးများဖြင့် ဖွဲ့စည်းထားသည့် WNP အနိုင်ရမည် သို့မဟုတ် ၎င်း၏ ပြိုင်ဘက်ပါတီများ အနိုင်ရမည်ကို ဆက်လက် စောင့်ကြည့်ရဦးမည့် သဘော ရှိနေပေသည်။
ဆက်စပ်ဖတ်ရှုရန်
‘ဝ’ လူမျိုးများ လူသားစားသည့် ဓလေ့ မရှိဟု ‘ဝ’အမျိုးသား ပါတီပြော
တပ်ချုပ်ကို “ဝ” ဒေသသို့ လာရောက်ရန် UWSP ဥက္ကဋ္ဌ ဖိတ်ခေါ်
ဝ ဒေသမှာ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်မှာလား