ရခိုင်ပြည်နယ်တွင် ကိုဗစ် – 19 ဗိုင်းရပ်စ်ပိုး ပျံ့ နှံ့ မှုကြောင့် ရခိုင်လူထုမှာ ဒုက္ခရောက်နေသဖြင့် တနိုင်ငံလုံးက လူများက စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် ရက္ခိုင့်စစ်တပ်(AA) ခေါင်းဆောင်များက အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေသည်ဟု သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
“အခုဆိုရင် ရခိုင်မှာ ရမ်းဗြဲကလွဲလို့ ကျန်တဲ့ ၁၆ မြို့နယ်လုံး Positive တွေ တွေ့ နေပြီ။ အဲဒီတော့ ရခိုင်ပြည်သူလူထု ဒုက္ခရောက်တဲ့ အချိန်မှာ ဝိုင်းကူတယ်။ ပြောရရင် တနိုင်ငံလုံးက လူတွေက စိုးရိမ်ပူပန်ပြီး လုပ်နေချိန်မှာ AA ခေါင်းဆောင် တွေက သောက်တလွဲတွေ ပြောနေလို့ အဆင်မပြေဘူး”ဟု ဦးဇော်ဌေးက ယနေ့ နေပြည်တော်တွင် သတင်းထောက်များ ကို ပြောသည်။
AA အဖွဲ့ ၏ ထုတ်ပြန်ချက်များမှာလည်း ဝါဒ ဖြန့်ချီရေး သက်သက်သာ ဖြစ်ပြီး လက်တွေ့တွင် ပြောင်းပြန် လုပ်ဆောင်လျက် ရှိသဖြင့် အောက်ခြေတွင် အကြမ်းဖက်မှုများ၊ မိုင်းထောင်တိုက်ခိုက်မှုများ ဆက်ဖြစ်ပွားနေကြောင်း ၎င်းက ပြောသည်။
“ပြောတာက ကြေညာချက်က တခု။ အောက်မှာ လုပ်တာက သပ်သပ်။ AA ကို ကျနော်တို့ ပြောတယ်။ တဖွဲ့ ချင်း Bilateral ဆွေးနွေးမယ်။ ဘာမှ Reply မလာဘူး။ ဟုတ်ပြီ။ ဒီမှာ မဆွေးနွေးဘူး။ Third Country မှာ ဆွေးနွေးမယ်လို့ ပြော တယ်။ ဘာမှ Reply မလာဘူး။ ငြိမ်းချမ်းရေး လိုချင်တာမှ မဟုတ်တာ”ဟု သမ္မတရုံး အရာရှိ ဦးဇော်ဌေးက ပြောသည်။
AA ပါဝင်သည့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်နေ့က တဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး မိမိကိုယ်မိမိ ခုခံသည့် အနေဖြင့်သာ တုန့်ပြန်ကာကွယ်သွားမည်ဟု ဆိုထားသည်။
AA အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ရခိုင်ပြည်နယ်တွင် အခြားဒေသများထက် ကိုဗစ်-19 ရောဂါပိုး မြင့်မြင့်မားမား ကူးစက်ခံနေရသည်မှာ နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို အခြေခံပြီး ရခိုင်ပြည်သူများထံသို့ ရောဂါပိုး ရောက်လာခြင်း ဟုတ်၊ မဟုတ် စဉ်းစားစရာ ဖြစ်နေသည်ဟု စက်တင်ဘာ ၂ ရက်နေ့က ပြောဆိုထားသည်။
ရခိုင်ပြည်သူလူထုသို့ ပြောကြားချက်ဟူသည့် မိန့်ခွန်း ရုပ်သံဖိုင်ထဲတွင် ပြောကြားချက်တွင် “ကိုဗစ်-၁၉ ရောဂါ ဆိုတာ ကျန်းမာရေးပြသနာ ဆိုသော်ငြားလည်း ရခိုင်ပြည်သူတွေဆီကို န်ိုင်ငံရေး၊ စစ်ရေး ပြဿနာ အရင်းခံပြီး ရောက်လာ ပါသလား ဆိုတာကိုလည်း စဉ်းစားစရာ အချက်တွေလည်း အများကြီး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ အစိုးရနဲ့ မြန်မာစစ်တပ်က ရခိုင်ပြည်ကို နိုင်ငံရေးအရ လူမျိုးရေးအရ စစ်ရေးအရ အမြစ်ပြတ် ချေမှုန်းဖို့အတွက် သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အာဏာတွေ ဥပဒေတွေကို လက်နက်အဖြစ် လွဲမှားစွာ အသုံးချနေတော့ ဒီအချက်ကလည်း စဉ်းစားစရာတခု ဖြစ်နေပါတယ်”ဟု ဆိုသည်။
ဦးဇော်ဌေးက “အခု ပြောသွားတဲ့ စကားတွေ ကျနော်တို့ တလုံးမကျန် နားထောင်တယ်။ ဒီအောက်က ဒေသခံ ပြည်သူတွေ ကို အထင် အမြင်လွဲမှားအောင် ဒီလိုမျိုး Covid – 19 ကာလမှတောင်မှ နိုင်ငံရေး အမြတ်ထုတ်နေတယ်။ စစ်ရေး အမြတ် ထုတ်နေတယ်ပေါ့။ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ကျနော်တို့က ပြောချင်တယ်”ဟု ပြောသည်။
AA အနေဖြင့် စစ်ရှိန်လျှော့ရန်၊ လူမျိုးရေးကိစ္စရပ်များကို လူထုကြားတွင် ရှုပ်ထွေးအောင် မပြောရန်၊ အမှန်တကယ် ငြိမ်း ချမ်းရေး၊ ပြည်နယ် အခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးကို လိုလာပါက ဆွေးနွေးပွဲ စကားဝိုင်းသို့ လာ ရန် ပြောလိုကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ကိုဗစ်ကြောင့် ရခိုင်ပြည်နယ်ကို Stay at Home နေထိုင်ကြရန် အစိုးရမှ အမိန့် ထုတ်ပြန် ညွန်ကြားထားသော်လည်း တပ် မတော်နှင့် AA အဖွဲ့တို့၏ နှစ်ဘက် စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
မကြာမီ ကျင်းပတော့မည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် တချို့ကို တိုက်ပွဲများကြောင့် ချန်လှပ်ခဲ့ရမည့် အခြေအနေမျိုး ရှိနေသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ AA က ယင်းဒေသသို့ အခြေစိုက်စခန်း ရရှိရေး ကြိုးစားလာပြီးနောက် တပ် မတော်နှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်က AA အပါအဝင် မြောက်ပိုင်း ၃ ဖွဲ့ ကို စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ မအောင်မြင်သေးပေ။
You may also like these stories:
ကျောက်တော် ဘုရားပေါင်းရွာ မီးရှို့ခံရ၊ ရွာသား ၂ ဦးသေဆုံး
ကိုဗစ်ပိုး ကူးစက်ခံနေရမှု ရခိုင်ကို “အမြစ်ပြတ်ချေမှုန်းဖို့” လား ဟု AA စစ်ဦးစီးချုပ် သံသယဝင်