၂၀၂၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်၌ ကြိုတင်မဲ စုစုပေါင်း ၉ ထောင်ကျော် ရရှိပြီဖြစ်ကာ ၎င်းတို့ အနက် ၈ ထောင် ကျော်မှာ တပ်မတော်သားများနှင့် မိသားစုဝင်များမှ ပေးထားကြခြင်း ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ (ခွဲ) က သိရသည်။
အဆိုပါ ကြိုတင်မဲကို နိုင်ငံခြားရောက်နေသူများ၊ မဲဆန္ဒနယ် ပြင်ပ ရောက်ရှိနေသူများ၊ ဆေးရုံ၊ သင်တန်း၊ အချုပ်ခန်း၊ အကျဉ်းထောင် စသည့် နေရာများသို့ ရောက်ရှိနေသူများ၊ စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ ပေးထားကြခြင်း ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) အတွင်းရေးမှူး ဦးသူရိန်ထွဋ် က ဧရာဝတီကို ပြောသည်။
၎င်းက “နိုင်ငံခြားက လူတွေကတော့ မဲပေးပြီးပြီ။ အခု ပြည်တွင်းမှာ ရှိတဲ့သူတွေလည်း ပေးနေကြပြီ။ လူဦးရေ ၉၀၀၀ ကျော် ကတော့ ကြိုတင်မဲ လျှောက်ထားပြီး ပေးနေကြတာ။ အဲဒီထဲမှာ တပ်မတော်သားနဲ့ အတူနေ အိမ်ထောင်စုဝင်တွေ က လျှောက်ထားတာကတော့ ၈၀၀၀ ကျော် ပါတယ်” ဟု ပြောသည်။
ယင်းသို့ ကြိုတင်မဲ ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်မှ စတင်ပြီး အောက်တိုဘာ ၁၀ ရက်အတွင်း မဲပေးပိုင်ခွင့် ပုံစံ (၃-က) ဖြင့် လျှောက်ထားကြရန် သတ်မှတ်ပေးခြင်း ဖြစ်သည်။
ရခိုင်တွင် မဲဆန္ဒရှင် စုစုပေါင်း ၁၆၄၇၁၉၉ ဦးအတွက် မဲရုံပေါင်း၂၅၉၅ ရုံ လျာထားခဲ့သော်လည်း လက်ရှိ ကိုဗစ်ရောဂါ ကူးစက်နှုန်းများ ရှိသဖြင့် ပြည်သူများ မဲပေးရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် စုစုပေါင်း ၂၇၁၄ ရုံ၊ တိုးချဲ့ မဲရုံ ၁၁၆ ရုံ၊ အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဆက်လက်ပြီး ဦးသူရိန်ထွဋ်က “ကိုဗစ်ကာလမှာ Social Distancing ဖြစ်အောင် စာသင်ကျောင်း၊ ဓမ္မာရုံတွေ ကျဉ်းတယ် ဆိုရင် ဘောလုံးကွင်း အပါအဝင် ကွင်းပြင်လို နေရာမျိုးတွေမှာ ထုတ်ပြီးတော့ မဲရုံလုပ်ပြီး မဲပေးခိုင်းမယ်” ဟု ရှင်းပြသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အနေဖြင့် လာမည့် နိုဝင်ဘာလ ၈ ရက်၌ ရွေးကောက်ပွဲ ကျင်းပရန် ကြေညာထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြီးခဲ့သော ဇူလိုင်၂၅ ရက်မှ စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့တွင် မဲစာရင်းများ ကပ်ပေးထားသည်။
သို့သော်လည်း ရခိုင် စစ်ရေးပဋိပက္ခရှိနေသည့် ဒေသများမှ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိဘဲ အသက်ရှင်ရပ်တည်ရေးအတွက် ဦးစားပေး ရုန်းကန်နေကြရကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် ရွှေလောင်းကျေးရွာသူ ဒေါ်ခင်ခင်သန်းက “ကျမတို့က ရွေးကောက်ပွဲအတွက် ဘာမှ စဉ်းစားချက်တွေ မရှိဘူးတော့ဘူး။ မဲဘယ်လိုထည့်ရမလဲ ဆိုတာကိုလည်း မသိဘူး။ ရွာကနေ ခဏခဏ ထွက်ပြေးနေရတော့ စိတ်ဝင်စားဖို့ အချိန် မပေးနိုင်တော့ဘူး” ဟု ဆိုသည်။
နယ်မြေ လုံခြုံရေး အခြေအနေကြောင့် ရွေးကာက်ပွဲ ကော်မရှင်အနေဖြင့်လည်း ကျေးရွာအုပ်စု (၁၅) စုတွင် မဲစာရင်းများ မကပ်နိုင်သည့်အတွက် မဲပေးခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေရှိပြီး၊ ရခိုင်မြောက်ပိုင်းမြို့နယ်များ၌ ရွေးကောက်ပွဲ ကျင်းပနိုင် ခြေ ရှိ မရှိ ဆိုသည်ကိုလည်း မပြောနိုင်ကြဘဲ ရှိနေသည်။
ရခိုင်ပါတီများ အနေဖြင့် တပ်မိသားစုနှင့် ဝန်ထမ်း စသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတို့၏ အချက်အလက်များပေါ်တွင် အမှန် ရှိ မရှိ ကို သံသယရှိနေကြောင်း ပြောဆိုနေကြသည်။
ရခိုင် အမျိုးသား ပါတီ (ANP) ၏ ဥက္ကဋ္ဌ လည်းဖြစ် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၇ အမျိုးသားလွှတ်တော် ကိုယ်စား လှယ်လောင်းလည်း ဖြစ်သူ ဦးသာထွန်းလှက “ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ တပ်တွင်း ဆန္ဒရှင်တွေကို မဲစာရင်း အမှန် ရှိ မရှိကို စစ်ဆေးသင့်တယ်” ဟု ထောက်ပြပြောဆိုသည်။
ယင်းပြင် တပ်တွင်း နေထိုင်သူတို့မှာ လွတ်လပ်စွာ မဲပေးနိုင်ခြင်းထက် တပ်၏ သဘောတရားအရ တမိန့်ထဲအောက်တွင် သွားနိုင်ကြောင်း ရခိုင်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ခိုင်ကောင်းစံက ဝေဖန်သည်။
သို့သော်လည်း တပ်မတော်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက တပ်မတော်နှင့် မိသားစုများအနေဖြင့် လွတ်လပ်စွာ ဆန္ဒမဲပေးရန် ခွင့်ပြုထားကြောင်း ပြောဆိုထားသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ရေး ပဋိပက္ခများအပြင် ကိုဗစ်ရောဂါ ကူးစက်နှုန်း မြင့်နေသည့် ကာလဖြစ်နေသဖြင့် လွှတ် တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ ရပ်နားထားရသည့်အတွက်ကြောင့် နစ်နာမှုများ လည်း ရှိကြောင်း ကိုယ်စားလှယ်လောင်းများက ပြောသည်။
You may also like these stories:
တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြော
NLD ပါတီ ရခိုင်၌ မဲဆန္ဒနယ်အပြည့် ဝင်ပြိုင်မည်
၂၀၂၀ ရွေးကောက်ပွဲအကြို ရခိုင်ပြည်နယ် မြင်ကွင်း
ရခိုင်က တပ်မဲရုံတွေမှာ မဲဘယ်လိုပေးကြရမလဲ
တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို