သတင်း

ရွေးကောက်ပွဲ၌ ရခိုင် တပ်မဲရုံများကို စောင့်ကြည့်ရန် အခက်ခဲရှိဟု အရပ်ဘက်အဖွဲ့များဆို

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်တွင် လက်ရှိ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေသည့်ကာလ အသွားအလာ ကန့်သတ်ထားသည့်အတွက် ရွေး ကောက်ပွဲ လေ့လာစောင့်ကြည့်သည့် ရခိုင် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် တပ်တွင်း မဲရုံများအတွင်း မဲပေးနေမှု များနှင့် ပတ်သက်ပြီး လေ့လာစောင့်ကြည့်ရန် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့မှ အဖွဲ့ဝင် ဦးစိုးလင်းက “ကျနော်တို့ အရပ်ဘက် အဖွဲ့ အစည်းတွေက အစိုးရ၊ လုံခြုံရေး ဝန်ကြီးကနေ ခွင့်ပြုချက် စာရမှ သွားရတာ။ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အနေ အထားမှာ ကိုဗစ်ကြောင့် ခရီးသွားခွင့် ကန့်သတ်ချက်တွေ ရှိတော့ တပ်နယ်မြေထဲကို ဝင်ခွင့် အနေအထားမှာ တော်တော် အခက်အခဲ ဖြစ်နေတာ။ အပြင်က မဲရုံတွေက ကျတော့ လွယ်ကူတယ်။ ဒါပေမယ့်လည်း UEC ကပေးထားတဲ့ ကတ်နဲ့ ဝင်ခွင့် ရအောင်တော့ ကျနော်တို့ ကြိုးစားသွားမယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီကျော်တွင် စစ်တွေ ဟိုတယ်တွင် ပြုလုပ်သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲဆိုင်ရာ တွေ့ရှိချက်များ သုတေသန အစီရင်ခံစာ ရှင်းလင်းပွဲတွင် ရခိုင်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက ယင်းသို့ ပြော ဆိုခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၆ ရက်တွင် UEC က ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၉ ခု၏ နယ်မြေအားလုံးနှင့် စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူ မြို့နယ် ၄ ခုမှ ရပ်ကွက် ၁၅ ခု၊ ကျေးရွာအုပ်စု ၁၃၇ စု တို့ကို ရွေးကောက်ပွဲ မကျင်းပနိုင် ကြောင်း ကြေညာခဲ့သော်လည်း အောက်တိုဘာ ၂၇ ရက်တွင် ထပ်မံပြီး ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု ၃ ခုနှင့် အမ်း မြို့နယ်ရှိ ကျေးရွာ အုပ်စု ၄ ခုတို့ကို ရွေးကောက်ပွဲ ကျင်းပပေးမည် ဖြစ်ကြောင်း ပြန်လည် ကြေညာခဲ့သည်။

ယင်းကြောင့် လာမည့် ရွေးကောက်ပွဲကာလ အတွင်း အမ်းမြို့နယ်ရှိ တပ်တွင်းမဲရုံများ အခြေအနေကို လက်လှမ်းမီသ လောက် အဝေးကနေ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းလည်း ရခိုင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကျော်ဆန်းလှိုင်က ပြောသည်။

ရခိုင်ရွေးကောက်ပွဲ ဆိုင်ရာ တွေ့ရှိချက်များ သုတေသန အစီရင်ခံစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ခိုင်ရိုးလ/ ဧရာဝတီ)

UEC က ရွေးကောက်ပွဲ ကျင်းပပေးမည် ဟု ပြန်လည် ကြေညာခဲ့သည့် ကျေးရွာ အုပ်စုများမှာ တပ်မတော် တပ်ဖွဲ့ဝင်များ နှင့် တပ်မိသားစုဝင်များ နေထိုင်သည့် နယ်မြေများ ဖြစ်သဖြင့် ထိုဒေသများမှ လာမည့် မဲလက်မှတ်များမှာ ဒေသခံရခိုင် လူထုထက် တပ်မဲများသာ ပိုများမည်ဟု ဝေဖန်မှုများလည်း ရှိခဲ့သည်။

ထို့ပြင် အရပ်ဘက် မဲရုံများကဲ့သို့ ပွင့်လင်းမြင်သာမှု ရှိရန်အတွက် တပ်မတော် မဲရုံများကို လေ့လာစောင့်ကြည့်ရန် ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ခွင့်ပြုပေးသင့်ကြောင်းလည်း ပြောဆိုမှုများ ရှိနေသည်။

ယင်းပွဲသို့ တက်ရောက်လာသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ (NLD) စစ်တွေခရိုင် ဥက္ကဋ္ဌ ဦးသောင်းစိန်က “အခုက ကျတော့ တပ်မဲရုံကတော့ အမ်းတို့ ကျောက်ဖြူ၊ သံတွဲဖက်တွေမှာ ရှိနေတော့ တပ်မဲရုံကို စောင့်ကြည့်ခွင့် မရလို့ ရွေး ကောက်ပွဲ စောင့်ကြည့်သူတွေက ပြောတဲ့အပေါ်မှာ စိတ်မကောင်းဖြစ်တယ်။ တပ်မဲရုံက မဲတွေ မှန်ကန်အောင်၊ သေချာ အောင် စောင့်ကြည့်သင့်တယ် ပြောချင်ပါတယ်” ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က တပ်မဲရုံများ ပြင်ပထုတ်ရန် ဖေဖေါ်ဝါရီလ အတွင်းက ညွှန်ကြားမှုများ ပြုလုပ်ထား သော်လည်း လက်ရှိ အချိန်ထိ ရခိုင်ပြည်နယ်အတွင်းရှိ တပ်မဲရုံ ပြင်ပသို့ ထုတ်သည်ကို မတွေ့ရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ)မှ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ကျနော်တို့ ရခိုင်က တပ်မဲရုံတွေ အားလုံး အပြင်မှာ ထုတ်ခိုင်းထားတယ်။ အပြင်ထွက်ပြီး မဲပေးခွင့်ရမှာပါ။ လေ့လာသူတွေလည်း အဆင်ပြေမှာပါ” ဟု ပြောဆိုသည်။

လာမည့်၂၀၂၀ ရွေးကောက်ပွဲကာလ၌ ရခိုင်ပြည်နယ်အတွင်း တပ်မတော် တပ်ရင်း တပ်ဖွဲ့များ အပါအဝင် ရဲတပ်ရင်း တို့ ကို ဆန္ဒမဲပေးရန် စာရင်းပြုစုခဲ့ရာ မဲရုံပေါင်း ၆၈ ရုံ ရှိကြောင်း၊ တပ်မတော်နှင့် မိသားစုဝင်များ ကြိုတင်မဲပေးမည့်သူ စုစုပေါင်း ၈၀၀၀ ထောင်ကျော်ရှိကြောင်း ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်တွင် လက်ရှိ ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်အတွင်း စုစုပေါင်း မဲရုံ ၃၀၀ ခန့် ရှိပြီး ရခိုင်အရပ်ဘက် အဖွဲ့အစည်း ၄ ခု ဖြင့် ပူးပေါင်းထားသည့် ရခိုင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တို့မှလည်း ဝန်ထမ်း အင်အား ၃၀၀ ခန့်နှင့် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

You may also like these stories:

ရခိုင်တွင် ကြိုတင်မဲပေးသူ ၉ ထောင်ကျော်အနက် တပ်မဲ ၈၀၀၀ ကျော်ရှိ

တနိုင်းက တပ်ကြိုတင်မဲများ ပြန်စိစစ်ပေးရန် NLD အမတ်များတောင်းဆို

ရခိုင်က တပ်မဲရုံတွေမှာ မဲဘယ်လိုပေးကြရမလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading