သတင်း

OIC နှင့် EU တင်သည့် မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းက ဘယ်လိုသက်ရောက်မှု ရှိမလဲ

Want create site? Find Free WordPress Themes and plugins.

အစ္စလာမ်မစ် နိုင်ငံများအဖွဲ့ (OIC)နှင့် ဥရောပသမဂ္ဂ (EU) တို့ ပူးတွဲတင်သွင်းခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကို ၇၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏အစည်းအဝေးတွင် တတိယကော်မတီက မဲခွဲ ဆုံးဖြတ်ခဲ့သည်။

တတိယ ကော်မတီသည် ကုလသမဂ္ဂ၏ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ကော်မတီပင် ဖြစ် သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် နိုဝင်ဘာလ ၁၈ ရက်က ကျင်းပခဲ့သော ကော်မတီအစည်း အဝေးတွင် အဆိုပါ မူကြမ်းကို မြန်မာဘက်က ကိုယ်စားလှယ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်ဟု မြန်မာနိုင်ငံ နိုင်ငံ ခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မူကြမ်းတွင် မြန်မာနိုင်ငံအပေါ် တဖက်သတ် စွပ်စွဲချက်များကိုသာ အလေးပေးထားသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနအောက်ရှိ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးချမ်းအေးက ဧရာဝတီသို့ ပြောကြားသည်။

“ကန့်ကွက်ရတဲ့ အကြောင်းအရင်းထဲမှာ မျှတမှု မရှိတာလည်းပါတယ်။ ကျနော်တို့ကို တဖက်သတ်အပေါ်စီးကနေ ပြော တာ ရှိတယ်။ အချုပ်အခြာ အာဏာပိုင် နိုင်ငံတနိုင်ငံအတွက် လက်မခံနိုင်တဲ့ အချက်တွေ အများကြီး ပါပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မူကြမ်းတွင် မြန်မာအစိုးရက ဆောင်ရွက်နေသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းမှု၊ စိန် ခေါ်မှုများအပေါ် ကြိုးပမ်းဖြေရှင်းမှုများကို ထင်ဟပ် မထားကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၎င်းတို့၏ ကြေ ညာချက်တွင် ဆိုထားသည်။

ထို့အတူ သက်သေ အထင်အရှား ရှိနေသည့် ARSA ၏ အကြမ်းဖက် လုပ်ရပ်များ၊ ရက္ခိုင်စစ်တပ် (AA) နှင့် ARSA အဖွဲ့ တို့၏ အဖျက်လုပ်ရပ်များကိုလည်း မူကြမ်းတွင် ဖော်ပြခြင်းမပြုဘဲ လျစ်လျူရှုထားကြောင်းကြေညာချက်တွင် ဆိုထားသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ နေရပ်စွန့်ခွာ သွားသူများအားလုံးကို နိုင်ငံသားအဖြစ် သတ်မှတ် ပေးရမည် ဆိုသည့် အချက်များလည်း မူကြမ်းတွင် ပါဝင်နေသဖြင့် မြန်မာဘက်က ကန့်ကွက်ရခြင်း ဖြစ်ကြောင်း ဦးချမ်း အေး က ရှင်းပြသည်။

“ပြောပုံဆိုပုံက ပေးကိုပေးရမယ် ဆိုတဲ့ဟာမျိုး ပြောနေတာတွေရှိတယ်။ ကျနော်တို့လက်မခံတဲ့ Fact Finding Mission နဲ့ ကိစ္စတွေ၊ သူ့ကို ဆက်ခံတဲ့ Independent Investigative Mechanism ဒါတွေကို လာခွင့်ပေးရမယ်။ ပြီးရင် အသုံးအနှုန်း တွေကလည်း အပေါ်စီးကပဲ သုံးနှုန်းထားတယ်။ ဥပမာ Humanitarian Assistance ကို အတားအဆီး မလုပ်ရဘူး။ အပြည့် အဝ ပေးရမယ်ပေါ့။ ကျနော်တို့က အတားအဆီး မလုပ်ဘူး။ ပေးနေတယ်။ မပေးတာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဒီဟာ တွေကို သုံးတဲ့ အသုံးအနှုန်းတွေက ပြင်းထန်တယ်” ဟု ၎င်းက ဆိုသည်။

မြန်မာဘက်က ကန့်ကွက်ခဲ့သော်လည်း အင်္ဂါနေ့က ကျင်းပခဲ့သည့် တတိယ ကော်မတီ အစည်းအဝေးတွင် ထောက်ခံမဲ ၁၃၀ ဖြင့် မူကြမ်းကို ကော်မတီ ဥက္ကဋ္ဌက အတည်ပြုလိုက်သည်။

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ အင်စတီကျု(MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက မူကြမ်း သည် လုံခြုံရေးကောင်စီတွင် အတည်ပြုလိုက်ခြင်း မဟုတ်သဖြင့် မြန်မာနိုင်ငံအပေါ် ကြီးမားသည့် သက်ရောက်မှု မဖြစ်နိုင် ကြောင်း သုံးသပ်သည်။

“ဟိုအရင် တပ်မတော် အစိုးရ လက်ထက်တုန်းကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီလို ဆုံးဖြတ်ချက်တွေ ချပြီး တော့ အစိုးရကို ဖိအားပေးတဲ့နည်းတွေ အရင်တုန်းက လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ အစိုးရဘက်က ဘယ်လို တုံ့ပြန်သလဲဆိုတဲ့ အပေါ်လည်း မူတည်ပါတယ်။ ဒါတွေက လုံခြုံရေးကောင်စီမှာလိုမျိုး သက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက် တွေ မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံအနေဖြင့် သတိထားရမည့် အချက်က တပ်မတော် အစိုးရလက်ထက်ကတည်းက ဖိအားပေး လာသော အနောက်နိုင်ငံ အသိုင်းအဝိုင်းသည် မြန်မာအပေါ် ဆက်လက် ဖိအားပေးနေသည့် သဘောရှိနေခြင်းပင် ဖြစ် ကြောင်း ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒါက သံတမန်ရေးရာ စစ်မျက်နှာဘက်မှတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ရှိရင် အရေးနိမ့်နေတယ်ဆိုတာ ပြတာ ပေါ့။ အထူးသဖြင့် EU လို နိုင်ငံမျိုးက နောက်ကနေပါပြီး လုပ်လာတယ်ဆိုတဲ့ဟာက ကျနော်တို့ နိုင်ငံအတွက် မကောင်းဘူး ပေါ့။ ဒီကိစ္စက နိုင်ငံတကာ ဖိအားအနေနဲ့ ဆက်ရှိနေဦးမယ်” ဟု ၎င်းက ဆိုသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် မြန်မာနိုင်ငံ အခြေစိုက် ညီမျှခြင်းမြန်မာအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုး မင်း ကမူ အထွေထွေ ညီလာခံတွင် တတိယကော်မတီက အတည်ပြုလိုက်သည့် မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းသည် လုံခြုံ ရေး ကောင်စီအထိ သက်ရောက်မှု တစုံတရာ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ တင်ပြီးတော့ လုံခြုံရေး ကောင်စီမှာ ဒီအရေးအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့် ICC ကို လွှဲနိုင်တယ်ဆိုတဲ့ လမ်းကြောင်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီ အဆင့်အထိ သွားလား မသွားလားကတော့ နိုင်ငံတွေက နောက်ထပ် ဘယ်လောက် တောင်းဆိုလဲ။ ဘယ်လောက်အထိ ဆက်သွားလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်” ဟု ဆိုသည်။

အရေးယူ ဆောင်ရွက်မှုများ တိုးလာနိုင်ခြင်း၊ လျော့သွားနိုင်ခြင်းများသည် ကျူးလွန်မှုများ ရှိနေကြောင်း စွပ်စွဲခံရသည့် နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှုများ အပေါ်တွင် မူတည်နေသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတကာနှင့် ပိုမိုပူးပေါင်း ဆောင် ရွက်သင့်ကြောင်း ဦးအောင်မျိုးမင်းက တိုက်တွန်းသည်။

OIC နှင့် EU တို့ ပူးတွဲ တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းတွင် ဖော်ပြထားသော အချက်အလက်များ၏ ရင်းမြစ် သည် ပြည်ပတွင် အခြေစိုက် လှုပ်ရှားနေသော ရိုဟင်ဂျာ အမည်ခံ အရပ်ဘက် အဖွဲ့အစည်းများထံမှ လာကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

OIC အဖွဲ့ထံ အမေရိကန်နိုင်ငံ အခြေစိုက် (Arakan Rohingya Union) အဖွဲ့က ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသွား သူများအရေးနှင့် ပတ်သက်သည့် အစီရင်ခံစာ တစောင်ကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်တွင် တင်သွင်းခဲ့သေးသည်။

Arakan Rohingya Union အဖွဲ့က OIC ထံတင်သွင်းသည့် အစီရင်ခံစာတွင်လည်း ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွန့်ခွာသူ ၁ ဒသမ၂ သန်းကို မြန်မာနိုင်ငံသားအဖြစ် တရားဝင် အသိအမှတ်ပြုပေးရန် တောင်းဆိုသည့် အချက်များ ပါဝင်ကြောင်း ယင်းအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝါကာအူဒင်းက VOA သတင်းဌာနသို့ ပြောကြားထားသည်။

You may also like these stories:

ရခိုင်အရေး ICOE ထုတ်ပြန်ချက် တပ်မတော်က စစ်တရားရုံးဖြင့် ဆက်လက် စုံစမ်းမည်

ICOE ၏ ရခိုင်အစီရင်ခံစာ အကျဉ်းချုပ်ပါ အဓိကအချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading