ထိုင်ဝမ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးကာကွယ်တဲ့ အနေနဲ့ နှာခေါင်းစည်း Mask မဖြစ်မနေ တပ်ကြဖို့ ကြေညာလိုက်ပါတယ်။ ထုတ်ပြန်တဲ့ ကြေညာချက်ကြောင့် ထိုင်ဝမ် ပြည်သူတွေဟာ ဒီဇင်ဘာ ၁ ရက်ကစလို့ နေရာ ၈ နေရာမှာ မဖြစ်မနေ Mask တပ်ဆင်ရပါတော့မယ်။
ဆောင်းဦးနဲ့ ဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှာကို ကာကွယ်ဖို့အတွက် ကန့်သတ်ချက်အသစ်တွေ ထိုင်ဝမ် ဗဟိုကပ်ရောဂါ ကွပ်ကဲရေးစင်တာ (CECC) ကနေ ထုတ်ပြန်လိုက်ပါတယ်။ “ဆောင်းဦးနဲ့ ဆောင်းရာသီ ကပ်ရောဂါ ကာကွယ်ရေးစီမံချက်” ခေါင်းစဉ်အောက်မှာ ဒီဇင်ဘာ ၁ ရက်ကစလို့ ကန့်သတ်ချက် အသစ်တွေ ရှိလာတော့မှာပါ။
ကျန်းမာရေးဝန်ကြီးနဲ့ CECC အကြီးအကဲ Chen Shih-chung က ဒီဇင်ဘာ ၁ ရက်ကစပြီး ဆေးရုံ၊ ဆေးပေးခန်း၊ အများပြည်သူပို့ဆောင်ရေး၊ ကျောင်း၊ အားကစားရုံ၊ ဘာသာရေး အဆောက်အအုံ၊ ဖျော်ဖြေရေးနေရာနဲ့ စီးပွားရေးဆိုင်ရာ ပွဲကျင်းပရာနေရာတွေမှာ မဖြစ်မနေ Mask တပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
စည်းကမ်းချက် အသစ်ကို မလိုက်နာရင် ထိုင်ဝမ်ဒေါ်လာ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၅ ) ကနေ ၁၅,၀၀၀ ထိ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရေးအက်ဥပဒေအရ အရေးယူသွားမှာဖြစ်ပါတယ်။
အဆိုပါ နေရာတွေဟာ တယောက်နဲ့ တယောက် Social distancing နေဖို့ မလွယ်ကူတာကြောင့် နှာခေါင်းစည်း Mask တပ်ဆင်တာဟာ ကိုရိုနာဗိုင်းရပ်စ်အပြင် တခြားရောဂါပိုးတွေကိုပါ ကာကွယ်ရာရောက်တယ်လို့ ဝန်ကြီး Chen က ဆိုပါတယ်။ ဒါ့ပြင် အများပြည်သူသွားလာရာ ပြင်ပနေရာတွေမှာ ကျင်းပတဲ့ ပွဲလမ်းတွေကိုလည်း လူဦးရေ ကန့်သတ်ထိန်းချုပ်သွားဖို့ CECC က အကြံပြုထားပါတယ်။
နောက်ထပ် ကပ်ရောဂါ ကာကွယ်ရေး စီမံချက်အဖြစ် ထိုင်ဝမ်ပြည်တွင်းနဲ့ တဆင့်နားပြီး သွားလာမယ့် ခရီးသွားတွေဟာ ၃ ရက်ကြာ COVID-19 ကင်းစင်ကြောင်း ထောက်ခံချက်လက်မှတ် ပြသရမှာဖြစ်ပါတယ်။ အကယ်၍ ထောက်ခံချက် ပါမလာသူတွေဟာ နိုင်ငံတွင်း မဝင်ရောက်ခင် လေဆိပ်မှာ Nucleic acid test (NAT) အခကြေး ငွေပေးပြီး စစ်ဆေးခံနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာနေသလို ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းတွေမှာ ထိုင်ဝမ်နိုင်ငံတွင်းကို ဝင်ရောက်လာမယ့် ခရီးသွား အရေအတွက် များလာနိုင်တာကြောင့် ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန်တာဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
ထိုင်ဝမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် CECC က စောင့်ကြည့်စမ်းသပ်မှုတွေကို တိုးမြင့်ထားပြီး ကိုဗစ် စမ်းသပ်ပေးနေတဲ့ ဆေးရုံတွေကိုလည်း ဂုဏ်ပြုပေးသွားဖို့ရှိပါတယ်။ ထိုင်ဝမ်ဟာ ပြည်တွင်းကူးစက်မှုတွေမရှိတာ ရက်ပေါင်း ၂၀၀ ကျော်လွန်နေပါပြီ။ လက်ရှိအချိန်ထိ ကူးစက်မှုပေါင်း ၆၁၁ ခု သာရှိသလို သေဆုံးသူကလည်း ၇ ဦးသာရှိပါတယ်။
Ref: Taiwan News
You may also likek these stories:
ဥရောပတိုက်မှာ ကိုဗစ်ကြောင့် ၁၇ စက္ကန့်တိုင်း လူ ၁ ဦး သေဆုံး
ကနေဒါမှာ COVID-19 ကူးစက်မှုနှုန်း နေ့စဉ် မြင့်တက်လာ
Moderna ရဲ့ ကိုဗစ် ကာကွယ်ဆေးသစ် ၉၅ ရာခိုင်နှုန်းနီးပါး ထိရောက်မှုရှိ