နောက်ကြောင်းပြန် အာဏာသိမ်းယူထားသော စစ်အစိုးရ လက်အောက်ရှိ အစိုးရ- အလုပ်ရှင်- အလုပ်သမား သုံးပွင့်ဆိုင် ယန္တရားများ အားလုံးမှ နုတ်ထွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ကြေညာ ချက် ထုတ်ပြန်လိုက်သည်။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြည်သူလူထု အများစု၏ဆန္ဒကို လျစ်လျူရှု၍ စစ်အစိုးရအဖွဲ့အနေဖြင့် အာဏာကို မတရားသဖြင့် သိမ်းယူခဲ့ခြင်းကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အလုပ်သမားရေးရာကိစ္စရပ် များအတွက် CTUM သည် စစ်အစိုးရအဖွဲ့နှင့် လက်တွဲ ဆောင်ရွက်ခြင်း မပြုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
CTUM မှ လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက “ပြည်သူလူထု အများဆန္ဒနဲ့ ရွေးကောက်ထားတဲ့ အစိုး ရကို ဒီလို အာဏာသိမ်းလိုက်တဲ့ အပေါ်မှာတော့ အာဏာသိမ်းတဲ့ အစိုးရကို အသိအမှတ်ပြုလို့မရဘူး။ သူတို့နဲ့လည်း ပူး ပေါင်း ဆောင်ရွက်သွားမှာ မဟုတ်ဘူး” ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒီမိုကရေစီ အစိုးရ မဟုတ်တဲ့ လူတွေနဲ့ ကျမတို့ အလုပ် ဆက်မလုပ်ဘူး။ လက်ရှိဆွေးနွေးထား တယ်ဆိုတာက ဒီမိုကရေစီ အစိုးရနဲ့ ဆွေးနွေးခဲ့တာ။ ဥပဒေပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ရှိတယ်။ သင့်တော် ကောင်းမွန်သော အလုပ်အကိုင် အစီအစဉ်တွေ ရှိတယ်။ လူမှုဖူလုံရေးတွေ အစစအရာရာ ရှိတယ်။ ဒါတွေက ဒီမိုကရေစီ အစိုးရနဲ့ လုပ်ခဲ့တာ” ဟု ပြောသည်။
ယခင် စစ်တပ် အုပ်ချုပ်သည့် ကာလတလျှောက် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်များ ဆုံးရှုံးခဲ့ရပြီး ပြန်လှန်ပြောဆို ဆွေး နွေးခွင့် မရသဖြင့် အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးခဲ့ရခြင်းကြောင့် စစ်တပ်အာဏာ သိမ်းခြင်းကို လုံးဝ လက်မခံ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဆိုသည်။
ဒေါ်ဖြိုးစန္ဒာစိုးက “ကလေး အလုပ်သမား အဓမ္မစေခိုင်းမှုကို တိုင်းပြည် တခုလုံးအနေနဲ့ ရင်ဆိုင် ခံစားခဲ့ရတာပါ။ စီးပွားရေး အရေးယူမှုဆိုတာလည်း ဒါတွေကြောင့် ခံစားခဲ့ရတာပါ။ စစ်တပ် အာဏာသိမ်းပြီဆိုတည်းကိုက အလုပ်သမား အခွင့် အရေးက တကယ့်အရေးကြီးတဲ့ ဒီမိုကရေစီစံနှုန်း ချိုးဖောက်ခံရတာဖြစ်တဲ့အတွက် အခွင့်အရေးအားလုံးက ဆုံးရှုံးပြီးသား ဖြစ်သွားပါပြီ” ဟု ဆိုသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်ကလည်း CTUM သည်၂၀၂၀ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြု ကြောင်း၊၂၀၂၀ ရွေးကောက်ပွဲ ရလဒ်နှင့်အတူ ဖွဲ့စည်းမည့် အစိုးရသစ်ကို ကြိုဆို ထောက်ခံကြောင်း၊ အာဏာသိမ်းနောက် ကြောင်းပြန်သည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို၊ ကြိုးစားမှုမျိုးကိုမဆို ဆန့်ကျင်ပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်း ဖြစ် သည်။
ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းတွင် တပ်မတော်က အာဏာ လွှဲပြောင်းယူလိုက်ကြောင်း ၎င်းတို့ပိုင် မြဝတီရုပ်သံသတင်း တွင် ကြေညာပြီးနောက် လက်ရှိ အချိန်အထိ NLD အစိုးရအဖွဲ့ ခေါင်းဆောင်များကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးဌာန ၁၁ ခု၏ ပြည်ထောင်စု ဝန်ကြီးများကို အသစ်ခန့်အပ် တာဝန်ပေးလိုက်ကြောင်း တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။ အလုပ်သမား လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နေရာတွင် ဦးမြင့်ကြိုင်အား အစားထိုးခန့်အပ် လိုက်ခြင်း ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့ကို အမှုဖွင့် တရားစွဲထား
ပါတီရုံးများကို တပ်မတော်က တရားမဲ့ စီးနင်းနေကြောင်း NLD ထုတ်ပြန်
ရခိုင်တွင် ကာလရှည် ပိတ်ထားသည့် အင်တာနက် ပြန်ဖွင့်ပေး