တပ်မတော် အာဏာသိမ်းပြီးနောက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ဇဗ္ဗူသီရိမြို့ နယ် အမှတ် ၁ ရဲစခန်းတွင် အမှုဖွင့် တရားစွဲထားကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြန်ကြားရေးကော်မတီဝင် ဦးကြည်တိုးက အတည်ပြု ကြေညာထားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပို့/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊ သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် လည်းကောင်း အမှုဖွင့်ထားခြင်းဖြစ်ပြီး နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှ ယနေ့တွင် အွန်လိုင်းကတဆင့် နှစ်ပတ်ကြာ ချုပ်ရမန်ပေးခဲ့ကြောင်းလည်း သိရသည်။
အမှုနှင့် ပတ်သက်ပြီး ဧရာဝတီသတင်းဌာနက မေးမြန်းစုံစမ်းရာတွင် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှ ၎င်းအမှုများနှင့် ပတ်သက် ပြီး ယနေ့ သတင်းထုတ်ပြန်ပေးရန် မရှိကြောင်းနှင့် ဇဗ္ဗူသီရိ ရဲစခန်းက တပ်ကြပ်ကြီးတဦးကလည်း အမှုအား မသိရှိ ကြောင်း ပြောကြားခဲ့သည့်အပြင် သတင်းမီဒီယာအား ရဲစခန်းအတွင်း ဝင်ရောက်ခွင့် မပြုခဲ့ပေ။
အမှုဖွင့်ရသည့် အကြောင်းအရင်းအနေဖြင့် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အတွင်း ဝင်ရောက် ရှာဖွေရှာတွင် အနီးကပ် လုံခြုံရေးအဖွဲ့ထံမှ Icom စကားပြော စက် ၆ လုံး၊ ဂိတ်ကင်းမှ ၃ လုံး၊ ကိုယ်ရေးအရာရှိအဆောင်မှ ၁ လုံးနှင့် Jumber ၁ စုံတို့အား တွေ့ရှိခဲ့သဖြင့် ဆက်သွယ်ရေး ပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တင်သွင်း အသုံးပြုခဲ့သည် ဟုဆိုကာ သတင်း ရဲတပ်ဖွဲ့မှ ရဲမှူးကြည်လင်းက တရားလိုပြုလုပ်ကာ အရေးယူပေးရန် တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော ရဲမှတ်တမ်းတခုက ရေးသားထားသည်။
ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ တွင် “မည်သူမဆို ပုဒ်မ ၅ (မည်သူမျှ ကန့်သတ်တားမြစ် ပိတ်ပင်ထားသော ကုန်ပစ္စည်း များကို တင်ပို့ခြင်း(သို့)တင်သွင်းခြင်း မပြုရ) (သို့) ပုဒ်မ ၆ (မည်သူမျှ ခွင့်ပြုချက် ရယူရန် သတ်မှတ်ထားသော ကုန်ပစ္စည်း များကို ခွင့်ပြုချက် ရယူခြင်း မရှိဘဲ တင်ပို့ခြင်း(သို့) တင်သွင်းခြင်း မပြုရ)ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။
သမ္မတ ဦးဝင်းမြင့်နှင့် ပတ်သက်၍မူ ၂၀၂၀ စက်တင်ဘာ ၂ ရက်က နေပြည်တော်တွင် NLD ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးမင်းသူ ဦးဆောင်ပြုလုပ်ခဲ့သည့် ကားများဖြင့် စီတန်းလှည့်လည်မှုရာတွင် နေအိမ်ရှေ့မှ မိသားစုနှင့်အတူ ကြိုဆိုနှုတ်ဆက်ခဲ့သည့် အတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များအား လိုက်နာခဲ့ခြင်းမရှိ ဟုဆို ကာ အရေးယူပေးရန် ရဲမှူးမြင့်နိုင်က တရားလိုပြုလုပ် တိုင်တန်းခဲ့ခြင်းဖြစ်သည်။
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တွင် “မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တခုခုကြောင့် ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာ ကျရောက်နိုင်သည်ကို သိလျက်နှင့် တမင်ပြုလုပ်မှုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လျှင်(သို့) ဖြစ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။
ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား ဖမ်းဆီးထိန်း သိမ်းပြီးနောက် ဒု သမ္မတ(၁) ဦးမြင့်ဆွေက ယာယီသမ္မတ အနေဖြင့် ဥပဒေကဲ့သို့ အာဏာတည် သောအမိန့်(၁/၂၀၂၁) ထုတ်ပြန်ခဲ့ပြီး တနှစ်သက်တမ်းရှိ အရေးပေါ် အခြေအနေ ကြေညာကာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့အား တပ်မတော် ကာကွယ်ရေး ဦးစီချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်းခဲ့သည်။
အာဏာရရှိပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအား ဖေဖော်ဝါရီ၂ ရက်က ဖွဲ့စည်းခဲ့သည်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ ရလဒ်လက်ခံရန် တပ်မတော်ကို နိုင်ငံရေးပါတီများတိုက်တွန်း
အရပ်သားခေါင်းဆောင်များကို ချက်ချင်းလွှတ်ရန် ဩစတြေးလျနှင့် အမေရိကန် တိုက်တွန်း
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်