သတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနက်ဖြန် လုပ်မည်

မြန်မာ့အရေး ဆွေးနွေးမည့် အာဆီယံအသင်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မနက်ဖြန် မတ်လ ၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာခရစ်ရှ်နန်က ယနေ့ စင်ကာပူလွှတ်တော်သို့ ပြောရာတွင် “အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးကို မနက်ဖြန် ဗီဒီယိုကွန်ဖရင့်ကတဆင့် ပြုလုပ်ပါမယ်။ မြန်မာစစ်အာဏာပိုင်များရဲ့ ကိုယ်စားလှယ်ရဲ့ တင်ပြချက်တွေကို အဲဒီမှာ ကျနော်တို့ နားထောင်ကြပါမယ်”ဟု ပြောဆိုခဲ့သည်။

မြန်မာ စစ်အာဏာပိုင်များ၏ ကိုယ်စားလှယ်ဆိုသည်မှာ ဦးဝဏ္ဏမောင်လွင်ကို ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဟု ခေါ်ဝေါ်သုံးစွဲခြင်း မရှိပေ။

ယခု အစည်းအဝေးဖြစ်မြောက်စေရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ဦးဆောင်ကျိုးစားနေခဲ့သည်။

ဖေဖော်ဝါရီလ ၂၄ ရက်က အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး ဦးဝဏ္ဏမောင်လွင် ဘန်ကောက်သို့ ချက်ခြင်းသွားကာ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။

အာဆီယံအဖွဲ့ ဝင် အများအပြားက မြန်မာပြဿနာကို အဖွဲ့တွင်း ဆွေးနွေးမှုများ ပြုလုပ်ရေးကို တွန်းအားပေးနေသည်။

ပြီးခဲ့သောလ အတွင်း ပြုလုပ်သည့် ထိပ်သီး အစည်းအဝေးတွင် အင်ဒိုနီးရှားသမ္မတနှင့်မလေးရှား ဝန်ကြီးချုပ်တို့က မြန်မာ့အရေး အစည်းအဝေး တခုကို အဆိုပြုရန် သူတို့၏ နိုင်ငံခြားရေး ဝန်ကြီးများကို ညွှန်ကြားခဲ့ကြသည်။

စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတို့ကလည်း ဝန်ကြီး အဆင့် အလွတ်သဘော အစည်းအဝေးကို “တတ်နိုင်သမျှ အမြန်ဆုံး” ကျင်းပရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်းဆိုထားသည်။

You may also like these stories:

မြန်မာ့အာဏာသိမ်း အကျပ်အတည်း ထွက်ပေါက် အာရှက ကူညီနိုင်မလား

မြန်မာ့အရေး အာဆီယံနှင့် ဆွေးနွေးရန် အမေရိကန် စီစဉ်နေ

Loading