မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၁ ရက်) နံနက် ၉ နာရီခွဲမှ စတင်၍ စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲခဲ့ရာ ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းမှ အဖမ်းခံရသည့် လူငယ် ၂ ဦးအား ပြန်ထုတ်ပေးရန် ပြည်သူ လူထုက ပခုက္ကူ-မြိုင်လမ်းမပေါ်ရှိ မြိုင်ရဲစခန်းအနီး ထိုင်သပိတ်ပြုလုပ်ရင်း တောင်းဆိုနေစဉ် နံနက် ၉ နာရီခွဲတကြိမ်၊ ၁၀ နာရီ ၁၅ မိနစ်တွင်တကြိမ် မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ် ဖြိုခွင်းခံခဲ့ရခြင်း ဖြစ်သည်။
ဖြစ်စဉ်တွင် မျက်မြင်တွေ့ရှိသူ တဦးက “သပိတ်စချင်းမှာပဲ အဆွဲခံလိုက်ရတယ်။ လူငယ်တွေ ဝိုင်းပြီးတော့မှ ဒီကလေး ၂ ယောက် လွတ်မြောက်ရေးကို တောင်းဆိုကြတယ်။ မြို့နယ်ကသိပြီး ရွာကလူတွေကလည်း အုံနဲ့ကျင်းနဲ့ တက်လာတယ်။ အဲဒီမှာ ပစ်ခတ်မှု စဖြစ်တာပဲ။ ၁၁ လောက်မှာ တော်တော်လေး အခြေအနေ ဆိုးသွားတယ်” ဟု ပြောပြသည်။
ပထမတကြိမ် ပစ်ခတ်မှုတွင် ၁ ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး နောက်ထပ် တကြိမ် ပစ်ခတ်မှုတွင် ၅ ဦး ထပ်မံ သေဆုံးခဲ့ရာ စုစုပေါင်း ၆ ဦး သေဆုံးခဲ့ကြောင်း၊ ၂ ဦးမှာ ဦးခေါင်းထိကျည်ထိကာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ ကျန် ၄ ဦးမှာ လူမှု ကူညီရေးအသင်း မော်တော်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောသည်။
ဒဏ်ရာရသူ ၇ ဦးမှ ၁၀ ဦးကြားရှိနေပြီး လူမှုကူညီရေးအသင်းများက ကုသပေးနေကြောင်း၊ ၁ ဦးမှာ စိုးရိမ်ရသည့်အတွက် မုံရွာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပြည်သူလူထုအား ထပ်မံ အဆုံးရှုံး မခံနိုင်တော့သည့်အတွက် လူစုခွဲနေပြီဖြစ်ကြောင်း ဆန္ဒပြရာတွင် ပါဝင်သူတဦးက ပြောသည်။
၎င်းက “စိတ်ထဲမကောင်းဘူး။ ရင်လည်းနာတယ်။ ကျနော်တို့ ပြည်သူတွေကို အဲဒီလောက်ကြီး ရက်ရက်စက်စက် မလုပ် သင့်ဘူး။ ကျနော့် ရှေ့တင် ဦးနှောက်တွေရော ပွင့်ထွက်သွားတာ။ မျက်ရည်တောင်ကျတယ်” ဟု ပြောဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြိုင်မြို့နယ်ရှိ ပြည်သူလူထုက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုများကို နေ့စဉ် ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယနေ့တွင်မှ ပထမဆုံး အကြမ်းဖက် ပစ်ခတ် ဖြိုခွဲခံရကာ ပြည်သူ ၆ ဦး သေဆုံးခဲ့ ခြင်း ဖြစ်သည်။
ယနေ့ နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုများကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်း ဖက် ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်လျက်ရှိရာ ဧရာဝတီက လက်ရှိ အတည်ပြုနိုင်သည့် စာရင်းများအရ မြိုင်မြို့နယ်မှ ၆ ဦး အပါအဝင် မြောက်ဒဂုံမှ ၁ ဦး၊ ပဲခူးမှ ၁ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၂၀ ဦးခန့် ရှိကြောင်း သိရသည်။
You may also like these stories:
ရဲနှင့် တပ် အလုံလမ်း Car Service ကို ဝင်ရောက်ဖျက်ဆီး၊ ဝန်ထမ်း ၁၀ ဦးကို ဖမ်းသွား
ဖားကန့်မှ စစ်တပ်စခန်း KIA ဝင်တိုက်