တွံတေးမြို့နယ်ရှိ ကျေးရွာများသို့ စစ်တပ်နှင့်ရဲ ဝင်ရောက်ပြီး နေအိမ်အချို့ရှိ သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများကို လုယက် သွားကြောင်း ဒေသခံများထံက သိရသည်။
တွံတေးမြို့နယ်၊ ဘုရားကြီး စံပြကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာတို့မှ နေအိမ်အချို့သို့ ဝင်ရောက်ကာ ငွေသားများ၊ ရွှေထည် လက်ဝတ် ရတနာပစ္စည်းများ၊ ကင်မရာ စသည့် လူ့အသုံးအဆောင် ပစ္စည်းများ၊ စားနပ်ရိက္ခာများကို သေနတ်ပြခြိမ်းခြောက် လုယက်ယူငင်သွားကြောင်း သိရသည်။
ဘုရားကြီး စံပြကျေးရွာရှိ နေအိမ် ၁ လုံးမှ ဗီရိုအတွင်း သိမ်းဆည်းထားသည့် ငွေသား ကျပ် ၁၀ သိန်း၊ စုစုပေါင်း ၂ ကျပ် သားရှိ လက်ကောက် ၅ ကွင်း၊ ကျပ် ၉ သိန်းဝန်းကျင် တန်ဖိုးရှိ စိန်လက်စွပ် ၁ ကွင်း၊ ရွှေ ၁ ကျပ်သားရှိ လက်စွပ် ၁ ကွင်း၊ ၅ မူးသား ဆွဲကြိုး ၁ ကုံး၊ ၅ မူးသား နားကပ် ၁ ရံ၊ ၅ မူးသား လက်စွပ်မောင်းကွင်း ၁ ကွင်း၊ သိန်း ၂၀ တန်ဖိုးရှိ ကင်မရာ ၁ လုံး၊ ကျပ် ၁၀ သိန်းဝန်းကျင် တန်ဖိုးရှိ iPad ၁ လုံး၊ နာရီ ၂ လုံး တို့ကို မတ်လ ၁ရ ရက်က လုယက် ယူဆောင်သွား ကြောင်း လုယူခံခဲ့ရသူ အိမ်ရှင်ထံက သိရသည်။
အဆိုပါ အိမ်ပိုင်ရှင်က “အိမ်ထဲကို ဝင်လာပြီးတော့ ရေခဲမုန့်တွေလည်း ယူတယ်။ ပိုက်ဆံ ထည့်ထားတဲ့ အိုးပါ ယူသွားတာ။ စျေးဆိုင်မှာ စျေးရောင်းလို့ ရတဲ့ ပိုက်ဆံ ဘယ်လောက်လဲတောင် မရေရသေးဘူး။ ရေခဲမုန့် ဆိုင်ဖွင့်ထားတာကိုး။ စုစုပေါင်း သိန်း ၁၀၀ အထက်မှာပဲ ရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ဒီပစ္စည်းတွေ ပေးဆပ်လိုက်ရတာနဲ့ တန်တဲ့ အောင်မြင်မှုပေါ့။ ဒီမိုကရေစီ ရရှိတယ်ဆိုရင် ကျနော်တို့ ပစ္စည်းတွေ ဆုံးရှုံးတာ တန်တယ်လို့ပဲ သတ်မှတ်တယ်။ အလဟသတော့ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ဓားပြကို တိုက်တာ” ဟု ပြောသည်။
အလားတူ ယင်းကျေးရွာရှိ အခြားနေအိမ် ၁ အိမ်ထံမှလည်း ငွေသား ၁၉ သိန်းနှင့် ၁၅ သိန်း တန်ဖိုးရှိ ဂတ်စ်ဆိုင်ဖွင့်ထား သည့် ဂတ်စ်အိုးများ၊ ဂတ်စ်မီးဖိုများ၊ နေအိမ်တွင် ရောင်းချရန် ဝယ်ယူထားသည့် သိန်း ၃၀ တန်ဖိုးရှိ ငါးခြောက်နှင့် ပုဇွန် ခြောက်များ၊ ကျပ် ရ သိန်းခန့် တန်ဖိုးရှိ ရွှေထည်ပစ္စည်းအချို့ကို လုယက်သွားကြောင်း လုယက်ခံရသူ အိမ်ရှင်ထံမှ သိရ သည်။
“အိမ်ကို အသားလွတ် ဓားပြ ဝင်တိုက်တာ။ ကျနော်အိမ်ရှေ့ တည့်တည့်ကို ကားရပ်ပြီဆိုတာနဲ့ အိမ်ထဲကို သေနတ်ပစ်ပြီး ဝင်တာ။ အိမ်တံခါးကိုလည်း သေနတ်နဲ့ ပစ်ဖွင့်သွားတယ်။ အိမ်ထဲက ရှိသမျှ အကုန်ယူသွားတာ” ဟု အဆိုပါအိမ်ရှင်က ပြောသည်။
ဇီးဖြူကုန်းရွာတွင် ယနေ့ မတ်လ ၁၈ ရက်က လုယက်ခံရသူ အိမ်ရှင်တဦးကလည်း ငွေသား ၁၅ သိန်း၊ ရေခဲသေတ္တာ အတွင်းမှ စားသောက်ဖွယ်ရာများ၊ ဗီရိုအတွင်း စာရွက်စာတမ်းများကို ရယူပြီး အိုးခွက်ပန်းကန်များကို ရိုက်ခွဲသွားကြောင်း နှင့် ရွာအတွင်းမှ အခြားအိမ်များကိုလည်း ဝင်ရောက် ဖျက်ဆီးသွားကြောင်း ပြောသည်။
တွံတေးမြို့နယ် ကျေးရွာအသီးသီးမှ တက်ကြွလှုပ်ရှားသူများ၊ အားပေးကူညီသူများ၊ ပံ့ပိုးကူညီသူများ၏ နေအိမ်များကို ရွေးချယ် ဝင်ရောက် ဖျက်ဆီးခြင်း၊ လုယူခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
အလားတူ တွံတေးမြို့နယ်ရှိ ကြုံလမု၊ အမ္မတီ၊ တမွတ်၊ တွံတေးဝ စသည့် ရွာများကိုလည်း ယနေ့တွင် လက်နက်ကိုင်အဖွဲ့ များက ကား ၄ စီးဖြင့် ဝင်ရောက်ခဲ့ပြီး အနည်းဆုံး ၅ အိမ်ခန့်ကို တံခါးချိုးဖျက်ကာ ဝင်ရောက် စီးနင်းရှာဖွေဖျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ဖားကန့် နမ့်မှော်ရဲစခန်းကို KIA ပစ်ခတ်