သတင်းတို

တွံတေး အုပ်ချုပ်ရေးမှူး အဂတိမှု ၂ မှုဖြင့် အရေးယူခံရ

ရန်ကုန်တိုင်း တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းသည် အဂတိ လိုက်စားမှု ၂ မှုဖြင့် အရေးယူ စစ်ဆေး ခံနေ ရကြောင်း သိရသည်။

၎င်းကို မြေယာပြဿနာ လာဘ်စားမှုဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ် အရက်လိုင်စင်နှင့် ပတ်သက်ပြီး အဂတိ လိုက်စား ကြောင်း ထပ်မံပေါ်ပေါက်သဖြင့် သီးခြားအမှုဖွင့်ကာ အရေးယူမည်ဖြစ်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC)မှ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

ဦးကျော်စိုးက“၆လပိုင်းမှာ မြေယာမှုမှာ အဂတိလိုက်စားမှုရှိလို့ တရားစွဲဖို့ ဆောင်ရွက်နေတာမှာ ယစ်မျိုးလိုင်စင် နဲ့ ပတ်သက်ပြီး တိုင်ကြားလာတာပေါ့၊ ဒီမှာလည်း စစ်ဆေးပေါ်ပေါက်လို့ သီးခြားအမှုဖွင့်ပြီး ထပ်အရေးယူမှာပါ”ဟု ဧရာဝတီ သို့ ပြောသည်။

ဦးမိုးခိုင်ထွန်းသည် တွံတေးမြို့နယ် ခလောက်ကျိုက်ကွင်း ကျေးရွာအုပ်စုအတွင်း မြေယာ အငြင်းပွားမှုတွင် နစ်နာသူ ထံမှ ကျပ် ၁၂၅ သိန်း တောင်းယူမှုကြောင့် ဇွန်လ ၂၁ ရက်နေ့က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် တွံတေး မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ခံထားရသူဖြစ်သည်ဟု ဆိုသည်။

တွံတေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်း အနေဖြင့် D1A အရက်လိုင်စင် လျှောက်ထားရန် ကိစ္စနှင့် ပတ်သက်၍ ယစ်မျိုး လိုင်စင် ရရှိသူများထံမှ ကျပ် ၅ သိန်း၊ ခေါင်ရည်လိုင်စင် CFL-2 လိုင်စင်ကိစ္စ ကူညီရန်အတွက် ကျပ် ၁ သိန်း ၅ သောင်း၊ သြင်္ကန် အတွက်ဟု အကြောင်းပြကာ ယစ်မျိုးလိုင်စင် ရရှိသူထံမှ ကျပ် ၂ သိန်းတို့ကို လက်ခံရယူခဲ့ ကြောင်း ACC က ဇူလိုင် ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ဦးမိုးခိုင်ထွန်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့်ပင် သီးခြား အမှု ဖွင့်ကာ တရား စွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်စိုးက ပြောသည်။

You May Also Like These Stories:

အဂတိမှုဖြင့် ကျေးလက်လမ်း ဦးစီးဌာန စာရေးမကို ထောင် ၄ နှစ် ချမှတ်

အကျင့်ပျက်ခြစားမှု သံသယဖြင့် တရားသူကြီး၊ အုပ်ချုပ်ရေးမှူးများ အပါအဝင် ဝရမ်းထုတ်ခံရသူ ၂၀ ခန့်ရှိ  

နေပြည်တော် စည်ပင် ဌာနမှူးအား အဂတိမှုဖြင့် ထောင် ၃ နှစ် ချမှတ်

Loading