တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကန်ဖျားလမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ် မီနီဘဏ်ခွဲ တွင် ယနေ့ နေ့လည် ၂ နာရီတွင် လူငယ်တဦးက သေနတ်ဖြင့် ခြိမ်းခြောက်ကာ ငွေကျပ် သိန်း ၂၇၀ ကျပ်ပါ ငွေထုတ်ကို လုယူထွက်ပြေး သွားကြောင်း KBZ ဘဏ်မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုသည်။
“Customer တယောက်က ငွေအပ်ဖို့အတွက် ကောင်တာပေါ် တင်ထားတဲ့ ငွေကျပ် သိန်း ၂၇၀ ပါ အထုတ်ကို သေနတ်ပြ ပြီး လုသွားတာပါ။ လူငယ်ပါပဲ။ သူတယောက်တည်းပဲ လုယူပြီးတာနဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားလို့ ရဲစခန်းကို တိုင်ထားပါပြီ” ဟု ဘဏ်တာဝန်ရှိသူက ပြောသည်။
ငွေထုပ် လုယူသွားသူကို ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပြီဖြစ်ကြောင်း၊ ဘဏ်မှ ရိုက်ကူးထားသည့် CCTV မှတ်တမ်းများကို လည်း မြိတ်မြို့မ ရဲစခန်းသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်အတွင်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ငွေလဲကောင်တာ တခုတွင်လည်း လူ ၂ ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်မှု၊ ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ရက်ကလည်း စမ်းချောင်းမြို့နယ်၊ မြေနီကုန်း မြောက်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် MS Group Money Exchange နိုင်ငံခြားငွေလဲလှယ်ကောင်တာတွင် အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်ကာ လုယက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။