ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ဘုရားကြီးတိုက်နယ် ဘောနက်ကြီး ကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ရင်း များ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခံရသည် ဟု စစ်ကောင်စီက သတင်း ထုတ်ပြန်ထားသည်။
မတ် ၁၈ ရက် မနက်အစောပိုင်းက ဖြစ်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ၎င်းတို့၏ နယ်မြေခံတပ်ရင်း နယ်မြေနှင့် ပတ်ဝန်း ကျင်တလျှောက်တွင် ၄ လုံး ကျပေါက်သည် ဟု စစ်ကောင်စီက ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပစ်ခတ်သူများမှာ မည်သူများ ဖြစ်သည်ကို မသိသော်လည်း ၎င်းတို့ကို လှမ်းပစ်ခတ်သည့် နေရာမှာ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး ဘေးရှိ ဝါးကတုတ် ဆည်နှင့် အနီးတဝိုက်မှ ဖြစ်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
စစ်ကောင်စီ ထုတ်ပြန်ထားသည့် ပစ်ခတ်ခံရသည့် နေရာဟူသည့် ဘောနက်ကြီးကျေးရွာသည် ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး ဘေးတွင် တည်ရှိသည့် ကျေးရွာ ဖြစ်သည်။
ဧရာဝတီမှ ပဲခူးမြို့နယ်အတွင်း အခြေစိုက် လှုပ်ရှားသည့် ကရင်အမျိုးသားရေး လှုပ်ရှားသူများ၊ ကရင်အရပ်ဘက် အဖွဲ့ အစည်းများကို ဆက်သွယ်မေးမြန်းရာ ဘောနက်ကြီးကျေးရွာအနီး ပေါက်ကွဲမှု ဖြစ်သည် ဟူသည်ကို မကြားမိကြောင်း ပြောဆိုကြသည်။
ပဲခူး အခြေစိုက် ကရင်အမျိုးသားရေး တက်ကြွလှုပ်ရှားသူ တဦးက “ဘောနက်ကြီးဆိုတာ ဘုရားကြီး လမ်းဆုံနားမှာပဲ။ ဘာ မှ မကြားရပါဘူး။ ကောလဟလလို့ပဲ ကျနော်တို့က ထင်ပါတယ်။ နောက်ပြီး ပဲခူးအနောက်ဘက် မင်းလှမှာလဲ အဲဒီလို ပေါက်ကွဲမှုပဲ ဖြစ်သလိုလို လှမ်းမေးကြတာ ရှိတယ်။ ဒီမှာလည်း ဘာမှ မဖြစ်ပါဘူး” ဟု ပြောသည်။
ဘုရားကြီးမြို့ရှိ ဒေသခံအချို့ကို ဆက်သွယ် မေးမြန်းရာတွင်လည်း အချို့က အမြန်လမ်းနားမှ ပေါက်ကွဲသံကြားရ ကြောင်း ပြောဆိုပြီး အချို့ကလည်း ပေါက်ကွဲမှု ဖြစ်သည်ကို မသိရှိပါဟု ဆိုကြသည်။
ဘုရားကြီးမြို့တွင် နေထိုင်သူတဦးက “မနက်အစောပိုင်း ၂ နာရီလောက်မှာတော့ ပေါက်ကွဲသံ ကြားရတယ်။ လူထိခိုက် လား ဘာလားတော့ မသိပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက ထုတ်ပြန်ထားသည့်ထဲတွင် ပဲခူးတနေရာတည်းသာ တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ မွန်ပြည်နယ် မော်လမြိုင် မြို့တွင်လည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်ရန် ကြံစည်သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သည်ဟု ဆိုထားသည်။
မော်လမြိုင်မြို့ ရွှေနတ်တောင်ပေါ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်ရန်အတွက် တပ်ဆင်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံး နှစ်လုံးကို စစ်တပ်က သိမ်းဆည်းမိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။
မွန်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားသည့် မွန်ပြည်သစ်ပါတီ (NMSP) ကို ဆက်သွယ်မေးမြန်းရာ NMSP ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးနိုင်အောင်မငေးက မော်လမြိုင်တွင် ရှော့တိုက်ဒုံး နှစ်လုံး တွေ့သည့် ကိစ္စကို လူမှုကွန်ရက် စာမျက်နှာပေါ်မှ တဆင့်သိရပြီး ၎င်းတို့နှင့်လည်း သက်ဆိုင်ခြင်း မရှိပါဟု ပြောသည်။
ဦးနိုင်အောင်မငေးက “ကျနော်တို့ တပ်နဲ့ မော်လမြိုင်နဲ့က တော်တော်ကို ဝေးတယ်။ ကျနော်တို့ အုပ်ချုပ်မှုခွင်က ဟိုး ရေး ဘက်ခြမ်း၊ ကြာအင်းဆိပ်ကြီးဘက်ခြမ်း ဆိုတော့ တော်တော် အလှမ်းဝေးတယ်။ ဒီကိစ္စ ဘယ်လိုဖြစ်လဲ၊ ဘယ်သူလုပ်လဲ ဆိုတာကတော့ ကျနော်တို့လည်း အစ ရှာမရပါဘူး” ဟု ပြောသည်။
NMSP နှင့် စစ်တပ်ကြား မြေပြင်တွင်လည်း ပဋိပက္ခ တစုံတရာ မရှိဘဲ နှစ်ဖက်တပ်များ၏ မြေပြင်ဆက်ဆံရေးမှာလည်း အဆင်ပြေပါသည် ဟု ဦးနိုင်အောင်မငေး က ဆိုသည်။
စစ်တပ်က ၎င်းတို့ကို ပဲခူးတွင် ပစ်ခတ်ပြီး မော်လမြိုင်တွင်လည်း ပစ်ခတ်ရန် ကြံစည်သည့် အဖွဲ့များကို သိရှိရန်အတွက် စိစစ်နေသည်ဟု ထုတ်ပြန်ထားပြီး တိုက်ခိုက်သူများမှာ မည်သူမည်ဝါမှန်း မသိသော်လည်း ၎င်းတို့ကို ပစ်ခတ်သူများသည် အကြမ်းဖက်အုပ်စုများ ဖြစ်သည်ဟု စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် သုံးနှုန်းရေးသားထားသည်။
You may also like these stories:
တွံတေးတွင် စစ်တပ်နှင့်ရဲက သိန်းရာချီ တန်ဖိုးရှိ ပစ္စည်းများ လုယက်
ဖားကန့် နမ့်မှော်ရဲစခန်းကို KIA ပစ်ခတ်
ရာဇဝတ်မှုကျူးလွန်သည့် သက်သေခံများပို့ရန် UN ကြေညာချက် ဥရောပနိုင်ငံများ ကြိုဆို