စစ်ကိုင်းတိုင်း တမူးမြို့တွင် ယမန်နေ့ည ၇ နာရီခွဲခန့်က အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသခံများ အကြား ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီ တပ်ဘက်က ၃ ဦးသေဆုံးကာ ပြည်သူများဘက်က CDM စစ်သားတဦးလည်း သေဆုံးခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။
CDM စစ်သားတဦးလည်းဖြစ်သူ ကိုအောင်အောင်မှာ ယမန်နေ့ည ၇နာရီခွဲခန့်က ကွန်းတောင်တံတားအနီး သပိတ်စခန်း လုံခြုံရေး ယူနေစဉ် ကင်းလှည့်လာသည့် စစ်တပ်နှင့် တွေ့ကာ ပစ်ခတ်မှုဖြစ်ပြီး သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတဦးကဆိုသည်။
“ကွန်းတောင်တံတားအနီးက သပိတ်စခန်းမှာ စစ်ကောင်စီဘက်ကသူတွေက ကင်းသဘောမျိုးနဲ့ လျှောက်လာကြတာ။ သူက(ကိုအောင်အောင်) အဲဒီမှာ ကင်းပုန်းဝပ်နေတာပေါ့။ တွေ့တော့ ပစ်ခတ်မှု ဖြစ်ပြီး သူကျသွားတယ်” ဟု ၎င်းက ပြောသည်။
တမူးလုံခြုံရေးအဖွဲ့ Tamu Security Group (TSG) ကမူ ကိုအောင်အောင် သေဆုံးမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံရသည့် CDM စစ်သားတဦး အကြမ်းဖက် စစ်အုပ်စုကြောင့် ကျဆုံးခဲ့ပြီဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့သည်။
“TSG အတွက် အထောက်အကူ အများအပြားရခဲ့သည့် ထိုသူဟာ ဖမ်းဆီးခံရချိန်မှာ မိမိတို့ လျှို့ဝှက်ချက်တွေကို မေးမြန်းခံရကောင်း ခံရနိုင်ပေမယ့် ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသည်မှာ အသေအချာ အမှန်ပါ။ ထိုသူအတွက် TSG အဖွဲ့သားများမှ ဦးညွှတ်ပါတယ်။ မိမိတို့ အဆုံးထိ တိုက်ပွဲ ဝင်သွားပါမယ်” ဟု TSG က ဆိုထားသည်။
အလားတူ စစ်ကောင်စီ၏ စစ်သား ၃ဦး သေဆုံးရခြင်းမှာ ကွန်းတောင်တံတားအနီး ပစ်ခတ်မှုဖြစ်နေစဉ် ကျန်ဒေသခံ ကာကွယ်ရေး အဖွဲ့များက ည ၈ နာရီ ခွဲခန့်တွင် အိန္ဒိယ- မြန်မာ ချစ်ကြည်ရေး ဆောက်လုပ်ရေးလုပ်ငန်းခွင် BRTF (ဒေသအခေါ် ကုလားဆိုဒ်)တွင် တပ်စွဲထားသည့် စစ်သားများကို လက်ပစ်ဗုံးဖြင့် သွားရောက်ပစ်ခတ်ခြင်းကြောင့် ဖြစ်ကြောင်း TSG အဖွဲ့ဝင်များက ဆိုသည်။
“ကွန်းတောင်ဘက်ကို အလုံးအရင်း သူတို့သွားနေချိန် နောက်မှာကျန်ခဲ့တဲ့ နေရာကို သွားတိုက်တာ၊ သူတို့ကို ဗုံးနဲ့ လှမ်းပစ်ရာမှာ ၃ ဦးကတော့ သေသွားပြီး ၂ ဦးကို အရေးပေါ်အခြေအနေနဲ့ ထုတ်သွားတယ်လို့ မျက်မြင်တွေ က ပြောတာပါ” ဟုလည်း ၎င်းတို့က ပြောသည်။
ပြီးခဲ့တဲ့ ဧပြီ ၂ ရက် မနက်အစောပိုင်းကလည်း CDM ရဲတပ်သား ထန်ဟောက်ဂင်(ခ) ကိုကင်းကင်း ဆိုသူက ပြည်သူ အချို့အား ဦးဆောင်ကာ စစ်ကောင်စီတပ်များ တပ်စွဲထားသည့်နေရာအား လက်ဗစ်ဗုံးဖြင့် ဝင်ရောက် တိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးခဲ့သလို CDM ရဲတပ်သား ထန်ဟောက်ဂင်လည်း သေဆုံးခဲ့သည်။
အလားတူ ယမန်နေ့ ည တိုက်ခိုက်မှုတွင် CDM စစ်သားတဦးဖြစ်သည့် ကိုအောင်အောင် ကျဆုံးရခြင်းဖြစ်သည်၊ ကိုအောင်အောင် မှာ အစောပိုင်းကတည်းက CDM လှုပ်ရှားမှုတွင် ပါဝင် လာပြီး ပြည်သူများနှင့်ပူးပေါင်းကာ စစ်ကောင်စီတပ်များအား တိုက်ခိုက်နေသူ ဖြစ်ကြောင်းလည်း သိရသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ-အိန္ဒိယ နယ်စပ်၊ တမူးမြို့နယ် စစ်သားနှင့်ရဲ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းအများအပြား CDM ပါဝင်လျက်ရှိရာမှာ ပြည်သူများနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်များ အား ပြန်လည် တိုက်ခိုက်နေသည့် စစ်သားနှင့်ရဲ ၅၀ ခန့် ရှိနေကြောင်းလည်း ဒေသခံများထံက သိရသည်။
တမူးမြို့တွင် ဧပြီ ၁၂ ရက် စစ်တပ်က အပြင်းအထန်ဖြိုခွင်းပြီး နောက်ပိုင်းတွင် မြို့အတွင်း စစ်ဆေးမှုများ ပိုမိုများပြား လာသည့်အတွက် ဆန္ဒပြမှုများ နည်းပါးကာ ပစ်ခတ်မှုများလည်းမရှိခဲ့ရာက ယမန့်နေညတွင် ပစ်ခတ်မှုပြန်လည် ဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။
အလားတူ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင်လည်း ချင်းနယ်မြေ ကာကွယ်ရေးတပ် (Chinland Defense Force) များက ပစ်ခတ်သဖြင့် စစ်သား ၁၅ဦးခန့် သေဆုံးကြောင်း သိရသည်။
You may also like these stories:
စစ်အာဏာသိမ်းပြီးနောက် တရုတ်နယ်စပ်တွင် မြေရှားသတ္တု တရားမဝင်တူးဖေါ်မှုများ တိုးလာ
KIA နဲ့ စစ်တပ်အတွက် အရေးပါတဲ့ တရုတ်- မြန်မာနယ်စပ်က အလော့ဘွမ်စခန်း