ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ဆန္ဒပြပြီး အပြန်လမ်းတွင် ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို လက်နက်ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးမှာ အသက် ၂၀ အရွယ် မောင်ဟိန်းအောင်ဆက်နှင့် အသက် ၁၇ နှစ်အရွယ် မောင်ရဲသုဝေ လင်းတို့ ဖြစ်သည်။
၎င်းတို့ နှစ်ဦးသည် မေ ၁၁ ရက်က မူဆယ်မြို့တွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး နေအိမ်သို့ အပြန်တွင် အရပ်ဝတ် စစ်သားများနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီ၏ အာဘော်များကို ထုတ်လွှင့်နေသည့် မြန်မာ့အသံသတင်းဌာန၏ မေလ ၁၂ ရက် ည ၈ နာရီသတင်းတွင် မောင် ဟိန်းအောင်ဆက်နှင့် မောင်ရဲသု ဝေလင်းတို့ကို ဖမ်းဆီးစစ်ဆေးထားချက်အရ ဟိုနားရပ်ကွက်အတွင်းမှ နေအိမ် တအိမ်ကို ဝင်ရှာရာတွင် M-22 သေနတ် ၅ လက်၊ ကျည်အိမ် ၅ ခု၊ ကြိုးဆွဲ လက်ပစ်ဗုံး ၁၆ လုံးနှင့် ၇.၆၂ ကျည် ၃၁၅ တောင့်တို့ကို သိမ်း ဆည်းမိကြောင်း သတင်း ထုတ်ပြန်ထားသည်။
စစ်တပ်ပိုင် မြဝတီသတင်းဌာနကလည်း ၎င်းတို့ ၂ ဦးကို M-22 သေနတ် ၅ လက်၊ လက်လုပ်မိုင်း ၁၆ လုံးနှင့်အတူ ဖမ်းဆီးရရှိ ပါသည်ဟု သတင်း ထုတ်ပြန်ထားသည်။
မောင်ရဲသုဝေလင်း၏ မိသားစုဝင်တဦးက “မောင်လေးက ၁၀ တန်းကျောင်းသားပါ။ ဖမ်းခံရတုန်းက ဆိုင်ကယ်နဲ့ လူနဲ့ပဲ ဖမ်းခံ ရတာ။ သတင်းမှာ ပါလာတော့မှ လက်နက်တွေနဲ့ မိတယ်ဆိုတာ လုံးဝ မဟုတ်ဘူး။ အိမ်ထဲက လူတွေလည်း အကုန်ထွက် ဆိုလို့ ရတယ်။ ဒီကလေးက အေးအေးဆေးဆေးနေတဲ့ ကလေးတယောက်ပါ။ သူ့ကို လက်နက်တွေနဲ့ ပတ်သက်နေတယ်ဆို တာ စွပ်စွဲခံရတာပါ” ဟု ပြောသည်။
မိသားစုဝင်များက မူဆယ်မြို့ရဲစခန်းသို့ လိုက်သွားရာတွင် ဖမ်းဆီးခံရထားရသည့် လူငယ်နှစ်ဦးကို ရိုက်နှက်ထားသဖြင့် မျက် နှာများ ဖူးယောင်နေသည့် အနေအထားဖြင့် တွေ့မြင်ခဲ့ရသည်ဟု သိရသည်။
မောင်ဟိန်းအောင်ဆက်နှင့် မောင်ရဲသုဝေလင်းတို့ကို ဆန္ဒပြပြီး အပြန်လမ်းတွင် ဖမ်းဆီးသွားသော်လည်း ယခုအခါ လက် နက်ခဲယမ်းများနှင့် အတူ ဖမ်းမိထားသည်ဟု စွပ်စွဲထားခြင်းများကြောင့် တရားမျှတမှု မရှိဘဲ ကြီးလေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုခံရမည်ကိုလည်း စိုးရိမ်သည်ဟု အဆိုပါ မိသားစုဝင်က ဆိုသည်။
ဖမ်းဆီးခံထားရသည့် လူငယ် ၂ ဦးဘက်မှ အမှုလိုက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြူဖြူဝင်းက ၎င်း၏အမှုသည် နှစ်ဦးထဲတွင် မောင်ရဲသုဝေလင်းသည် အသက် ၁၈ နှစ် မပြည့်သေးသဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအရ တရားရုံးတွင် လျှောက်ထားကာ ခံဝန်ဖြင့် မိဘအုပ်ထိန်းမှုအောက်တွင်ထား၍ ကလေးသူငယ်ဆိုင်ရာ တရားရုံးတွင်သာ အမှု စစ်ဆေးရမည်ဟု ဆိုသည်။
ဒေါ်ဖြူဖြူဝင်းက “ဒီကလေးတွေကတော့ လက်နက်နဲ့ အမှု မပါသေးဘူး။ ၅၀၅ နဲ့ပဲ ချုပ်ရမန်ယူထားတယ်။ လက်နက်နဲ့ ပတ်သက်လို့တော့ ရမန်ကို မယူထားဘူး။ လက်နက်မိတဲ့ အိမ်က တရားခံပြေး ရှိတယ်။ ဒီတရားခံပြေးကိုပဲ လက်နက်နဲ့ ပတ်သက်တဲ့ ချုပ်မိန့် တောင်းထားတယ်။ ဖမ်းဝရမ်းထုတ်မှာပေါ့။ ကလေးနှစ်ယောက်ကိုတော့ လောလောဆယ် ၅၀၅ ပါပဲ။ ဒါပေမယ့် နောက်ထပ်လည်း ဖြစ်ရင်လည်း ဖြစ်လာနိုင်တယ်။ ပြောလို့တော့ မရသေးပါဘူး” ဟု ပြောသည်။
ထိုအမှုကို လာမည့် မေလ ၂၆ ရက်တွင် ရုံးထုတ် စစ်ဆေးမည်ဟု သိရသည်။
ဖမ်းဆီးခံထားရသူ၂ ဦး၏ သူငယ်ချင်း မောင်စိုင်းနောင်ကလည်း “ကျနော်တို့က အမြဲ တွဲပြီး ဆန္ဒပြနေတာပါ။ သူတို့က လက် နက်ခဲယမ်းတွေ ဖွက်ထားတယ်။ သိမ်းထားတယ်ဆိုတာ လုံးဝ မဟုတ်ဘူး။ အဲဒီ လက်နက်တွေမိတဲ့ အိမ်က တခြား နေရာ တနေရာ ဖြစ်ပါတယ်။ သူတို့နဲ့ ဘာမှ မသက်ဆိုင်တာကို ဆွဲပြီး ချိတ်ထားတာ” ဟု ပြောသည်။
မောင်ဟိန်းအောင်ဆက်နှင့် မောင်ရဲသုဝေလင်းတို့ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ဧရာဝတီက မူဆယ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မူဆယ်မြို့နယ်ရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်တဦးကို ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပါ။
မူဆယ်မြို့တွင်း ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့ထိ စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြခြင်းကြောင့် ဖမ်းဆီးခံရသည့် လူငယ်ဦး ရေ ၅၀ ထက် မနည်း ရှိသည်။
စစ်တပ်က အာဏာသိမ်းခြင်းကို နိုင်ငံတဝှမ်းရှိ လူထုက ဆန့်ကျင်ဆန္ဒပြနေကြရာ ဖေဖော်ဝါရီမှယနေ့ထိ ဖမ်းဆီးခံထားရသူ ဦးရေ ၃၈၀၀ ကျော် ရှိနေပြီး အများစုကို အများပြည်သူ အကျိုးပျက်စီးစေမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၅ -က ဖြင့် စစ် ကောင်စီက တရားစွဲဆိုထားသည်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ပြုလုပ်သည့် လူငယ်အများစုကို ဖမ်းဆီးမိပါက ပုဒ်မ ၅၀၅- က ဖြင့် အမှုဖွင့်သော်လည်း အချို့ လူငယ်များကို နိုင်ငံတော်အား ဆန့်ကျင်ခြင်း၊ အကြမ်းဖက်မှု လုပ်ရပ်များ လုပ်ဆောင်ရန် ကြံစည်ခြင်း စသည့် ပြစ်ဒဏ်ကြီး လေးသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားခြင်းများလည်း ရှိသည်။
စစ်ကိုင်းတိုင်း မုံရွာမြို့တွင် လူငယ်ခေါင်းဆောင်တဦး ဖြစ်သည့် ကိုဝေမိုးနိုင်ကိုလည်း ဧပြီ ၁၅ ရက်က ဆိုင်ကယ်သပိတ်ပြု လုပ်နေစဉ် ကားဖြင့်တိုက်ကာ ဖမ်းဆီးသွားခဲ့ပြီး တရားစွဲဆိုရာတွင် တပ်မတော်အပေါ် အကြည်ညိုပျက်စေမှု အပြင် ဓားပြမှု၊ လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ မတရား ဖမ်းဆီးချုပ်နှောင်ထားမှု စသည့် ပုဒ်မ စုစုပေါင်း ၁၀ ခုဖြင့် တရားစွဲဆို ထားသည်။
You may also like these stories:
ချောင်းဦး GZ လူငယ်များနေရာ စစ်တပ်စီးနင်း၊ ထိခိုက်မှုများရှိ
အသက်မပြည့်သေးသည့် ထားဝယ်လူငယ် ၃ ဦးကို ခံဝန်ဖြင့် ပြန်လွှတ်ပေး
တလုပ်မြို့ကို အင်အားသုံးစီးနင်း လူငယ် ၆ ဦးအပါ ရွာသားအများအပြားကို ဖမ်းဆီး