အာဏာသိမ်း စစ်ကောင်စီသည် တန်ချိန်ထောင်ချီသော တရားမဝင်သစ်များကို နိုင်ငံတကာဈေးကွက်အား ရောင်းချခြင်းအားဖြင့် ၎င်းတို့၏ “အာဏာသိမ်းမှု စရိတ်”အတွက် နိုင်ငံခြားငွေရှာရန် ကြိုးစားနေကြောင်း နိုင်ငံတကာ အဖွဲ့တခုဖြစ်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ Environmental Investigation Agency (EIA) က ထုတ်ပြန်ခဲ့သည်။
EIA မှ သစ်တောရေးရာ လှုံ့ဆော်ဆောင်ရွက်နေသူများက မြန်မာနိုင်ငံ၏ သစ်ရောင်းချမှုများအားလုံးအား ချုပ်ကိုင်သည့် အစိုးရပိုင် မြန်မာ့သစ်လုပ်ငန်းက သစ်လေလံပွဲတခု မကြာမီ ကျင်းပမည် ဖြစ်ပြီး ယခင် တရားဝင် NLD အစိုးရ သက်တမ်းအတွင်း ဖမ်းဆီးရခဲ့သော တရားမဝင် သစ်တန်ချိန် ၂၀၃,၂၀၉ တန်လည်း ပါဝင်ရောင်းချမည်ဟု ဆိုသည်။
“နိုင်ငံပိုင် လုပ်ငန်းတခုက အခုလို ရောင်းချတာဟာ စစ်အစိုးရက မြန်မာပြည်သူတွေကို ရက်ရက်စက်စက် ဆက်လက် ဖိနှိပ်ထားဖို့ အသည်းအသန်လိုအပ်နေတဲ့ နိုင်ငံခြားငွေ ရှာပေးဖို့ကလွဲလို့ တခြားအကြောင်း မရှိနိုင်ပါဘူး” ဟု EIA ၏ သစ်တောရေးရာ လှုံ့ဆော်ဆောင်ရွက်မှု ခေါင်းဆောင် ဖိတ်သ် ဒိုဟာတီက ပြောဆိုသည်။
“ဒါဟာ စစ်အစိုးရက အခုလို မြန်မာ့သစ်တွေကို အသုံးချပြီး သူ့ကိုယ်သူ ထောက်ပံ့ဖို့နဲ့ ရက်စက်စွာ အုပ်ချုပ်ဖို့ လုပ်နေတယ် ဆိုတဲ့ EIA ရဲ့ စွပ်စွဲချက်တွေကို ထပ်ဆင့် အတည်ပြုပေးတာပဲ ဖြစ်ပါတယ်” ဟုလည်း ဆိုသည်။
ယင်းသို့ တရားမဝင်သစ်များကိုပါ ရောင်းချရန် စီစဉ်လာခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက လူ ၈၀၀ ရာကျော် သတ်ဖြတ်ခဲ့ပြီး ဖြစ်သော အာဏာသိမ်း စစ်ကောင်စီကို ပစ်မှတ်ထား အရေးယူပိတ်ဆို့လာခဲ့အပြီး ဖြစ်သည်။
ပြီးခဲ့သည့် ရက်များအတွင်း မြန်မာစစ်ကောင်စီခန့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးခင်မောင်ရီကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှု စာရင်းတွင် ထည့်သွင်းလိုက်သည်။ EIA အဆို အဆိုပါဝန်ကြီးဌာနသည် သစ်ရောင်းချခြင်းမှ “တိုက်ရိုက် အကျိုးအမြတ်” ရနေသည်။
EIA အဆိုအရ မြန်မာ့သစ်လုပ်ငန်း လေလံပွဲတွင် လေလံပေး ဝယ်ယူမည့် သစ်ကုန်သည်များသည် စရံငွေ အမေရိကန်ဒေါ်လာ တသောင်း ပေးသွင်းရကြောင်း သိရသည်။ သို့သော် စရံငွေ သွင်းထားသူက လွဲ၍ ငွေကြေးလွှဲပြောင်းမှု လုပ်ငန်းစဉ်အားလုံး ပွင့်လင်းမြင်သာမှု မရှိဟု EIA က ဆိုသည်။
“အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က မြန်မာ့သစ်လုပ်ငန်းနဲ့တကွ တခြားသက်ဆိုင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို စီးပွားရေးဒဏ်ခတ်ပြီးပြီ ဆိုတော့ ဒီလေလံပွဲဝင်ပြီး အမေရိကန်ဒေါ်လာ ပေးသွင်းလိုက်တဲ့ ကုန်သည်တိုင်းဟာ သိသိကြီးနဲ့ တရားမဝင်သစ်ကို လက်ဝယ်ရရှိဖို့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တဲ့ စည်းကမ်းကို ချိုးဖောက်တာပဲ ဖြစ်ပါလိမ့်မယ်” ဟု ဖိတ်သ် ဒိုဟာတီက ဖြည့်စွက် ပြောကြားသည်။
“ပဋိပက္ခတွေ ဖြစ်နေတဲ့ ဒေသကထွက်တဲ့ သစ် ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ တရားမဝင်ပဲ ဒီလိုဖြစ်နေတဲ့ မြန်မာနိုင်ငံကနေ ဝယ်ယူတင်သွင်းဖို့ ကြိုးစားတာဟာ အဲဒီနိုင်ငံရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေကို ပေါ်ပေါ်ထင်ထင် အမြတ်ထုတ်ဖို့ ကြိုးစားတာပဲ ဖြစ်သွားပါလိမ့်မယ်” ဟုလည်း ဆိုသည်။
ဥရောပသမဂ္ဂနှင့် ဗြိတိန်နိုင်ငံများအနေနှင့်လည်း အမေရိကန်နှင့် ကနေဒါတို့ကဲ့သို့ မြန်မာနိုင်ငံမှ ကျွန်းသစ်ရောင်းဝယ်မှုကို ပိတ်ဆို့ ဒဏ်ခတ်ရန် EIA က တောင်းဆိုသည်။
မြန်မာနိုင်ငံတွင် သစ်လုပ်ငန်းလုပ်ငန်းနှင့် ဆက်စပ်နေသည့် အကျင့်ပျက်ခြစားမှုများက ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေခဲ့သည်။
မြန်မာနိုင်ငံ၏ သစ်တောများသည် အလွန်လူကြိုက်များသည့် သစ်ပင်များ (ပရိဘောဂနှင့် ရွက်လှေလုပ်ငန်းများတွင် အထူး တန်ဖိုးရှိသည့် မြန်မာ့ကျွန်းသစ်များ) ရှိနေခြင်းကြောင့် အလွန်အကျွံ ခုတ်လှဲ ထုတ်ယူခြင်း ခံခဲ့ရသည်။
မြန်မာနိုင်ငံမှ သစ်များဝယ်ယူမှု အများဆုံးမှာ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြပြီး ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်နှင့် သစ်ခွဲသား ထုတ်လုပ်မှုက စုစုပေါင်း ကုဗမီတာ ၄.၀၄ သန်း (ကုဗပေ ၁၄၃ သန်း) နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၇၉ ဘီလီယံ ရှိခဲ့ကြောင်း EIA ၏ အစီရင်ခံစာ တစောင် အရ သိရသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီက အပြည်ပြည်ဆိုင်ရာနယ်ပယ်တွင် မရေမတွက်နိုင်သော အဆင်အခြင်မဲ့ တရားမဝင် အလေ့အထများကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှု အများအပြား ပြုလုပ်ခဲ့သည်။ သို့သော်လည်း ယင်းကြိုးပမ်းချက်များက ယခုအခါ ရေစုံမြောမည့် အနေအထားဟု EIA က ဆိုသည်။
You may also like these stories:
ရာထူးမှ ထုတ်ခံရသည့် သစ်တော CDM ဝန်ထမ်းများ အကြွေးပါ အတောင်းခံနေရ
စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်