သတင်း

ကိုဗစ်ချေးငွေ ပြန်ဆပ်ချိန် နီးလာသော်လည်း လုပ်ငန်းရှင်များ ဆပ်နိုင်စွမ်း မရှိသေး

Want create site? Find Free WordPress Themes and plugins.

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ သက်တမ်အတွင်း၌ ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ထုတ်ချေးပေးထားသော ကုစားရေး ချေးငွေများကို ပြန်ဆပ်ရန် စီးပွားရေး လုပ်ငန်းရှင် အများအပြား အခက်အခဲကြုံနေကြောင်း သိရသည်။

အဆိုပါ ချေးငွေကို အတိုးနှုန်း ၁ ရာခိုင်နှုန်းဖြင့် ၁ နှစ် သက်တမ်း ကုန်ထုတ်လုပ်ငန်းများမှ ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင် သော ကဏ္ဍ ၉ ခု မှ စီးပွားရေး လုပ်ငန်းပေါင်း ၆ ထောင်ကျော်ကို ကျပ်ဘီလီယံ ၂၀၀ ကျော် ထုတ်ချေးပေးထား ခြင်းဖြစ်သည်။

ထိုချေးငွေ ပထမအကြိမ် ကျပ် ဘီလီယံ ၁၀၀ ကျော်ကို လက်ခစား အထည်ချုပ် လုပ်ငန်းများ(CMP)၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် အသေးစား အလတ်စား လုပ်ငန်းကဏ္ဍ ၃ ခုမှ လုပ်ငန်းပေါင်း ၃၃၀၀ ကျော်ကို ၂၀၂၀ ဧပြီလ ၂၀ ရက်မှ စတင်ပြီး ထုတ်ချေးပေးခဲ့သည်။

ပထမအသုတ် ချေးငွေ ရယူထားသော စီးပွားရေး လုပ်ငန်းရှင်များသည် ချေးငွေ ၁ နှစ် သက်တမ်း ပြည့်ပြီဖြစ်သည်။ သို့သော် လည်း ချေးငွေများကို ပြန်ဆပ်မည့် ကာလကို စစ်ကောင်စီဘက်က အချိန် ၆ လ ထပ်တိုးပေးကြောင်း မတ်လအတွင်းက ထုတ်ပြန် ကြေညာခဲ့သည်။

ထိုသို့ ချေးငွေဆပ်ရမည့်အချိန်ကို ၆ လ သက်တမ်း တိုးပေးထားသော်လည်း ယခုအခါ ၃ လကျော်သာ ကျန်တော့သဖြင့် ပြန်ဆပ်ရမည့်ကာလမှာ နီးလာပြီဖြစ်သည်။

လက်ရှိ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လုပ်ငန်းများ ပုံမှန် မလည်ပတ်နိုင်သေးခြင်း၊ ဘဏ်များ၌ ငွေသားထုတ်ယူမှု အခက်အခဲ ဖြစ်ခြင်း၊ လောင်စာဆီနှင့် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်ခြင်း၊ ဈေးကွက် ဝယ်လိုအားကျဆင်းတို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအများစုသည် ရပ်တည်ရန်ပင် အခက်အခဲ ဖြစ်နေကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ဧရာဝတီသို့ ပြောသည်။

ကိုဗစ် ကုစားရေး ချေးငွေများကို လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင်သည့် အချိန်မှသာ လုပ်ငန်းများအနေဖြင့် ပြန်လည် ပေးဆပ်နိုင်စွမ်းရှိနိုင်ကြောင်း၊ လက်ရှိ အချိန်တွင် စီးပွားရေး လုပ်ငန်းအများစုသည် လုပ်ငန်းဆက်လက်ရပ်တည်နိုင်ရေးကိုပင် ကြိုးစားနေရကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ကျနော်တို့ အသင်းဆီ ပြန်ဆပ်ဖို့ အခက်အခဲ ရှိတယ်ဆိုပြီး တရားဝင် စာတင်တာမျိုး မရှိသေးဘူး။ ဒါက ၆ လ သက် တမ်း တိုးထားကြောင့်လည်း ဖြစ်မယ်။ ဒါပေမယ့် ကျနော်တို့နဲ့ သိရသလောက်ဆိုရင် ဒီချေးငွေ ယူထားတဲ့ လုပ်ငန်းတော် တော် များများက အခုချိန်မှာ ပြန်ဆပ်ဖို့ အခက်အခဲရှိနေကြတယ်” ဟု ဆိုသည်။

လက်ရှိ အချိန်တွင် ဘဏ်များ၌ ငွေသားထုတ်ယူနိုင်မှု အခက်အခဲရှိနေခြင်းကြောင့် လုပ်ငန်းလည်ပတ်နိုင်ရန်အတွက် အကန့် အသတ်များ ဖြစ်ပေါ်နေခြင်း၊ အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမြင့်တက်ခြင်းကြောင့် ပြည်ပမှ တင်သွင်းရ သော ကုန်ကြမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်သွား အခြေအနေ များကို လုပ်ငန်းကဏ္ဍ အားလုံးလိုလိုတွင် ရင်ဆိုင်နေကြရအောင်း ၎င်းက ဆိုသည်။

UMFCCI မှ ဗဟိုအလုပ်အမှုဆောင် လုပ်ငန်းရှင်က ဆက်လက်၍ “အခုက လုပ်ငန်းတွေက လုပ်ငန်းက သေချာမလည်နိုင်၊ ကုန်ကျစရိတ်တွေတက်ပြီး ထုတ်လုပ်မှုတွေ လုပ်ရပေမယ့် တဖက်မှာလည်း ဝယ်လိုအားက ကျနေပြန်ရော။ ဒီလို အခြေအနေ တွေကြားထဲမှာ တော်တော်ရုန်းကန်နေကြရတယ် ” ဟု ပြောဆိုသည်။

ကိုဗစ် ကုစားချေးငွေ ပထမအသုတ် ထုတ်ချေးပေးထားသော ကဏ္ဍ ၃ ခုထဲမှ တခုဖြစ်သည့် မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍမှ စီးပွားရေး လုပ်ငန်းများသည်လည်း ကိုဗစ် ဒုတိယလှိုင်း အလွန်ကာလကို မျှော်မှန်းကာ လုပ်ငန်း များ လည်ပတ်နိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း စစ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းခရီးသွားများပါ ရပ်ဆိုင်းသွားပြီးဖြစ်၍ ဝင်ငွေမရှိသလောက် ဖြစ်နေကြောင်း ခရီးသွားလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ အခုက ကျနော်တို့ ခရီးသွားကဏ္ဍဆိုရင် အားလုံး ရပ်တန့်နေတာလေ။ လတ်တလော သက်တမ်း တိုးပေးထားတာ ကြောင့်တော့ အဆင်ပြေတယ်။ ဒီ ၆ လ ပြီးသွားရင် အဆင်ပြေမှာလားဆိုရင် ဘယ်လိုမှ ဖြစ်နိုင်ဦးမှာ မဟုတ်ဘူး” ဟု ပြောဆို သည်။

မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍသည် လက်ရှိအခြေအနေများ ငြိမ်သက်လျှင်ပင် လုပ်ငန်းများ ပြန်လည်ပတ်ရန်အတွက် အချိန် အနည်းဆုံး ၁ နှစ်ခွဲ မှ ၂ နှစ်အထိ ပြန်လည် အရှိန်ယူရမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ ခရီးသွားလုပ်ငန်းရှင် “ခရီးသွားလုပ်ငန်းကဏ္ဍမှာ တော်တော်များများက ရပ်ကုန်ပြီ။ ကျန်ခဲ့တဲ့ ကုမ္ပဏီအနည်းစုက လည်း လေယာဉ်လက်မှတ် ရောင်းတဲ့ အလုပ်တခုပဲ ရှိတော့တယ်” ဟု ပြောဆိုသည်။

ပုံမှန် ဆက်လက် လည်ပတ်နိုင်ရေးနှင့် ရပ်တည်နေနိုင်ရန် ကြိုးစားနေရသော စီးပွားရေး လုပ်ငန်းများကို ချေးငွေပြန်ပေးဆပ်ရ မည့် ဝန်ထုပ်ဝန်ပိုး ထပ်ဖြစ်လာပါက လုပ်ငန်းအများစု ရပ်ဆိုင်းသွားနိုင်ပြီး အလုပ်လက်မဲ့ဦးရေများ မြင့်တက်သွားပါက နိုင်ငံ စီးပွားရေးသည် ယခုထက် ပိုမိုဆိုးရွားထိခိုက်သွားနိုင်မည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေကြကြောင်း သိရသည်။

You may also like these stories:

စစ်ကောင်စီကို ငွေချေးရန် တရုတ်နောက်ခံ အာရှဘဏ် တံခါးဖွင့်ထား

ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်

တရုတ်သို့ နယ်စပ်မှ ရေထွက်ကုန်နှင့် ဆန် တင်ပို့မှု ရပ်ဆိုင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading