အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ မစ္စတာ Peter Maurer သည် အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဇွန်လ ၃ ရက်တွင် နေပြည်တော်၌ လာရောက် တွေ့ဆုံခဲ့ကြောင်း Nikkei Asia သတင်း အရ သိရသည်။
ICRC ဥက္ကဋ္ဌသည် မြန်မာစစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် နေပြည်တော်သို့ လာရောက်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌနှင့် ပထမဆုံးတွေ့ဆုံသည့် နိုင်ငံတကာ အဖွဲ့အစည်း ခေါင်းဆောင်လည်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲအတွင်း ICRC ဥက္ကဋ္ဌ Peter Maurer က မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း ICRC အဖွဲ့ကို ဝင်ရောက် လေ့လာခွင့်ပြုရန် အပါအဝင် ပဋိပက္ခဒေသများသို့ လူသားချင်း စာနာထောက်ထားမှု ကူညီခွင့် ပြုရေး တောင်း ဆိုခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီဥက္ကဋ္ဌက ICRC ဥက္ကဋ္ဌ၏ တောင်းဆိုချက်ကို တစုံတရာ တိကျသည့် အဖြေ မပေးခဲ့ကြောင်း Nikkei Asia အရ သိရသည်။
ICRC သည် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးနေပြီး မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် အခြေခံ လိုအပ်ချက်များ ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခံထားရသူများအား ၎င်းတို့၏ မိသားစုနှင့် အဆက်အသွယ် ရရှိနေစေရန် အကူအညီများပေးခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိနေပြီး၊ အကယ် ၍ မိသားစု ဝင်တဦးဦး ဖမ်းဆီးခံရပြီး အဆက်အသွယ်မရပါက ICRC ထံသို့ ဆက်သွယ် အကူအညီတောင်းနိုင်ရန် ဖုန်းနံ ပါတ်နှင့် အီးမေလ်းများကိုလည်း ဖြန့်ဝေထားသည်။
You may also like these stories:
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ
အာဏာသိမ်းမှု ၃ လအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကလေးသူငယ် ၇၃ ဦးမက သေဆုံးခဲ့