မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများတွင် လုပ်ကိုင်နေသည့် ပြည်ပဆက်သွယ်ရေး အမှုဆောင်များကို ခွင့်ပြုချက် မရှိဘဲ နိုင်ငံမှ ထွက်ခွာသွားခြင်း မပြုရန် စစ်ကောင်စီက ပြောကြားထားကြောင်း Reuters သတင်းတပုဒ်က ဆိုသည်။
ထိုကိစ္စကို တိုက်ရိုက်သိသူတဦးကို ကိုးကားပြီး သတင်းက မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လလယ်က ထုတ်ပြန်သည့် လျှို့ဝှက်အမိန့်အရ မြန်မာနိုင်ငံသား ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ အဆင့်မြင့် ဆက်သွယ်ရေး အမှုဆောင်များသည် နိုင်ငံမှ ထွက်ခွာရန် အထူးခွင့်ပြုချက် တောင်းခံရမည်ဟု ဆိုသည်။
အဆိုပါ စာထွက်လာပြီးနောက် တပတ်ခန့်အကြာတွင် ဆက်သွယ်ရေး ကုမ္ပဏီများထံသို့ နောက်ထပ် စာတစောင် ထပ်မံ ပေးပို့ခဲ့ကာ ထိုစာ၌ ယခင်က တပ်ဆင်ခိုင်းထားသည့် ကြားဖြတ်စောင့်ကြည့်ရေး နည်းပညာများကို ဇူလိုင်လ ၅ ရက် နောက်ဆုံးထားကာ အပြည့်အဝ တပ်ဆင်ရန် ညွှန်ကြားထားကြောင်း သိရသည်။
ထိုနည်းပညာများသည် ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက် အသုံးပြုမှုများကို ကြားဖြတ် ထောက်လှမ်းနိုင်မည်ဖြစ်ပြီး အသုံးပြုသူများကို ခြေရာခံသည့် နည်းပညာများဖြစ်သည်ဟု သတင်းက ဆိုသည်။
ထောက်လှမ်းရေး နည်းပညာများ တပ်ဆင်ရန် စစ်ကောင်စီက ဆက်သွယ်ရေး ကုမ္ပဏီများကို ဖိအားများပေးနေပြီးနောက် ထိုသို့ ညွှန်ကြားချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်ကောင်စီသည် ၎င်းကို ဆန့်ကျင်ကန့်ကွက် တော်လှန်နေမှုများနှင့် နေ့စဉ် ကြီးထွားနေသော ပုန်ကန်မှုများကို ရင်ဆိုင်နေရလျက် ရှိသည်။
ထိုထောက်လှမ်းရေး နည်းပညာများကို မည်မျှအထိ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင် အသုံးပြုနေသည်ကို Reuters အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသော်လည်း နော်ဝေး Telenor နှင့် ကာတာ Ooredoo တို့သည် ထိုညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာခြင်း မရှိကြောင်း သတင်းရင်းမြစ် ၄ ခုကို ကိုးကား၍ သတင်းက ဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်ကောင်စီက စတင်လုပ်သော လုပ်ရပ်များတွင် အင်တာနက် ဖြတ်တောက်ခြင်း ပါဝင်ပြီး ယခုအချိန်အထိ အပြည့်အဝ ပြန်လည် ထူထောင်ရခြင်း မရှိသေးဘဲ ပိတ်ပင်ရမည့် ဝက်ဘ်ဆိုက်များနှင့် တက်ကြွလှုပ်ရှားသူများ၏ ဖုန်းနံပါတ်များကို ဆက်သွယ်ရေး လုပ်ငန်းများအား ပေးပို့ထားသည်။
ထိုသို့သော လုပ်ရပ်များကြောင့် တခါက ကမ္ဘာတွင် တိုးတက်မှု အမြန်ဆုံး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အနာဂတ်သည် မရေမရာ ဖြစ်နေသည်။
၎င်းတို့၏ မြန်မာနိုင်ငံမှ လုပ်ငန်းများ၏ အနာဂတ်ကို အကဲဖြတ်နေကြောင်း Telenor က သောကြာနေ့တွင် ပြောကြားသည်။ Telenor သည် မြန်မာမှ လုပ်ငန်းများကို ရောင်းချရန် စဉ်းစားနေသည်ဟု ရင်းမြစ်တခုက ဆိုသည်။
ကိုးကား။ ။ Reuters သတင်းဌာနမှ Myanmar’s junta bans telecom executives from leaving
You may also like these stories:
တယ်လီနောမြန်မာကို ရောင်းချရန် ပြင်ဆင်နေဟု ဆို
တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ
စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေသော နိုင်ငံတကာ နည်းပညာကုမ္ပဏီများ