နော်ဝေးဆက်သွယ်ရေးအော်ပရေတာ တယ်လီနောသည် ၎င်း၏ မြန်မာလုပ်ငန်းခွဲကို ရောင်းချရန် လေ့လာနေပြီး ထိုကိစ္စအတွက် Citi ဘဏ်ကို ငှားထားသည်ဟု TMT Finance က ကြာသပတေးနေ့တွင် ဖေါ်ပြသည်။
ဈေးကွက်အတွင်းမှ ကောလာဟလများကို ဝေဖန်မည် မဟုတ်ကြောင်း တယ်လီနော ပြောခွင့်ရသူတဦးကပြောပြီး Citi ကလည်း မှတ်ချက်ပေးရန် ငြင်းသည်။
လုံခြုံရေး၊ လူ့အခွင့်အရေးအခြေအနေများ ယိုယွင်း နေသောကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းများ၏ တန်ဖိုးကို ငွေစာရင်းမှ ပယ်ဖျက်ထားသည်ဟု တယ်လီနောက မေလက ကြေညာခဲ့သည်။ တယ်လီနော၏ မြန်မာမှ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းသည် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပြင်းပြင်းထန်ထန် ကန့်သတ်ခံထားရသည်။
အရောင်းအဝယ်အတွက် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီများ လိုက်နာရမည့် အရေးယူပိတ်ဆို့မှုများကို လိုက်နာရန် မလိုသော တရုတ်လုပ်ငန်းအချို့ကို ဖိတ်ခေါ်ထားကြောင်း TMT Finance ကဖေါ်ပြသည်။
ပြိင်ဖက် ပြည်ပဆက်သွယ်ရေးလုပ်ငန်းဖြစ်သော အော်ရီဒူးက တယ်လီနော၏ မြန်မာ လုပ်ငန်းများကို ဝယ်ယူရန် စိတ်ဝင်စားပြီး ရှေ့ဆက်ရန် ဘဏ္ဍာရေးအကြံပေးတဦးကို ငှားနေသည်ဟုလည်း TMT ကဖေါ်ပြသည်။
အော်ရီဒူးက ယင်းကိစ္စကို လတ်တလော ထုတ်ပြန်ခြင်း မရှိသေးပေ။
TMT Finance ၏ သတင်းသည် တိကျကြောင်း ထိုကိစ္စကို သိရှိသည့် အမည်မဖေါ်လိုသူ သတင်းရင်းမြစ်တခုကို ကိုးကားပြီး Reuters သတင်းက ရေးသည်။
တယ်လီနောသည် မြန်မာနိုင်ငံ လူဦးရေ သုံးပုံတပုံနှင့် ညီမျှသော သုံးစွဲသူ ၁၈ သန်းကို ဝန်ဆောင်မှုပေးနေသည်။ တယ်လီနောသည် ၂၀၁၄ ခုနှစ်တွင် မြန်မာသို့ စတင်ဝင်ရောက်ရှိပြီး အကြီးမားဆုံးရင်းနှီးမြှုပ်နှံသော လုပ်ငန်းများအနက်တခုဖြစ်သည်။
မြန်မာနိုင်ငံမှ ဝင်ငွေသည် လွန်ခဲ့သောနှစ်က တယ်လီနော၏ စုစုပေါင်း ဝင်ငွေ၏ ၇ ရာခိုင်နှုန်းရှိသည်။
ကိုးကား။ ။ Reuters မှ Norway’s Telenor eyeing sale of Myanmar unit – report
You may also like these stories:
တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ
တယ်လီနောမြန်မာကို အရှုံးစာရင်းပြထား
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ