နိုင်ငံသားများ၏ ပြောဆိုဆက်သွယ်မှုများကို စစ်တပ်က ဝင်ရောက်နားထောင်နိုင်ရေး ကြားဖြတ်ထောက်လှမ်းမှုဆိုင်ရာ စပိုင်ဝဲများ (intercept spyware) တပ်ဆင်ရန် နိုင်ငံမှ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုပေးသော လုပ်ငန်းများကို အာဏာသိမ်းသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်မီလများကပင် ညွှန်ကြားထားကြောင်း ထိုအစီအစဉ်ကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်များက Reuters သတင်းဌာနသို့ပြောကြားခဲ့သည်။
ထိုနည်းပညာအရ စစ်တပ်သည် ဖုန်းခေါ်ဆိုမှုများ၊ စာတိုပေးပို့မှုများနှင့် အီးမေးလ်အပါအဝင် အင်တာနက်အသုံးပြုမှုများနှင့် အသုံးပြုသူများ၏ တည်နေရာများကို ဆက်သွယ်ရေးနှင့် အင်တာနက်လုပ်ငန်းများ၏ အကူအညီမပါဘဲ သိရှိနိုင်ကြောင်း ထိုသတင်းရင်းမြစ်များပြောသည်။
ထိုညွှန်ကြားချက်များသည် အီလက်ထရောနစ်ထောက်လှမ်းရေးစနစ်များ ဖြန့်ကျက်ပြီး နိုင်ငံရေးအတိုက်အခံများကို စောင့်ကြည့်ရန်၊ ဆန္ဒပြပွဲများကို ဖြိုခွဲရန်နှင့် အနာဂတ်တွင် အစိုးရဆန့်ကျင်သည့် မည်သူမဆို၏ လမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်မှန်းချက်ဖြင့် အင်တာနက်ကို ထိန်းချုပ်ရေး စစ်တပ်၏ ကြိုးစားအားထုတ်မှု တစိတ်တပိုင်းဖြစ်သည်။
ထိုအမိန့်ကိုပေးသည့် အရပ်ဖက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဆုံးဖြတ်ချက်ချမှတ်သူများသည် စစ်အရာရှိဟောင်းများဖြစ်ကြောင်း ထိုကိစ္စကို သိသည့် ဆက်သွယ်ရေးကဏ္ဍမှ အမှုဆောင်တဦးနှင့် အခြားသူတဦးတို့ကပြောသည်။
“သူတို့က ဒါကို အရပ်သားအစိုးရက ခိုင်းတဲ့ပုံစံနဲ့ ညွှန်ကြားတာ။ ဒါပေမယ့် စစ်တပ်က ထိန်းချုပ်ထားမှန် ကျနော်တို့ကသိတယ်။ ငြင်းပယ်လို့မရဘူးလို့လည်း ကျနော်တို့ကိုပြောတယ်” ဟု ထိုလုပ်ငန်းအမှုဆောင်ကဆိုသည်။ ထိုအစည်းအဝေးတွင် စစ်တပ်ထိန်းချုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများလည်း တက်ရောက်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသုံးပြုသည့် ထိုကြားဖြတ် စပိုင်ဝဲများအကြောင်းသိသူ တဒါဇင်ကျော်ကို Reuters သတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သည်။ စစ်ကောင်စီက လက်စားချေမည်ကို စိုးရိမ်သောကြောင့် ထိုသူများအားလုံးက ၎င်းတို့၏ အမည်များကို မထုတ်ဖေါ်ရန်ပြောဆိုသည်။
ထိုကိစ္စကို ဝေဖန်ပြောကြားပေးရန် စစ်ကောင်စီ၏ ကိုယ်စားလှယ်များအပြင် အရပ်သား အစိုးရသစ်ဖွဲ့စည်းရန် ကြိုးစားနေသည့် နိုင်ငံရေးသမားများ၏ ကိုယ်စားလှယ်များကို Reuters သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။
အများပြည်သူသို့ ထုတ်ပြန်ခြင်းမရှိသည့် ယခင်ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ ၂၀၁၉ နှင့် ၂၀၂၀ ဘဏ္ဍာငွေခွဲဝေမှု စာရွက်စာတမ်းများတွင် ကြားဖြတ်စပိုင်ဝဲ ထုတ်ကုန်များနှင့် အစိတ်အပ်ိုင်းများသာမက အဆင့်မြင့်ဒေတာ ထုတ်ယူရေးနှင့် ဖုန်းထောက်လှမ်းရေး နည်းပညာများ ဝယ်ယူရန် ဒေါ်လာ ၄ သန်း ချထားပေးကြောင်း အသေးစိတ်များပါသည်။ ထိုဘဏ္ဍာငွေခွဲဝေမှု စာရွက်စာတမ်းများကို တက်ကြွလှုပ်ရှားသူအဖွဲ့ဖြစ်သည့် Justice for Myanmar မှ ရရှိခဲ့ခြင်းဖြစ်ပြီး Reuters သတင်းဌာနကလည်း သီးခြားအတည်ပြုနိုင်ခဲ့သည်။
ထိုသို့ကြားဖြတ်မှုများ တပ်ဆင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အစိုးရမှ စစ်ဖက်အဆင့်မြင့် ပုဂ္ဂိုလ်များ မည်သည့်အတိုင်းအတာအထိ ပတ်သက်သည်ကို Reuters အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။
“ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်း” ဆိုသည့်စိတ်ကူးမျိုးကို မြန်မာအာဏာပိုင်များက ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် စတင်ပြောဆိုလာသော်လည်း ထိုသို့သော နည်းပညာမျိုးတပ်ဆင်ရန် ဖိအားပေးမှုကို ၂၀၂၀ နှောင်းပိုင်းရောက်မှသာ ပြုလုပ်ကြောင်း သတင်းရင်းမြစ် အများအပြားကပြောပြီး ထိုကိစ္စကို မည်သူကိုမျှ မပြောရန်လည်း သတိပေးထားသည်ဟု ဆိုသည်။
ထိုကြားဖြတ်စီမံချက်များအကြောင်းကို တယ်လီနောမှ ၎င်း၏ မြန်မာစီးပွားရေးနှင့်ပတ်သက်သည့် နှစ်ပတ်လည် အစီရင်ခံစာတွင် လူသိရှင်ကြား စတင်ပြောကြားသည်။ တယ်လီနောသည် နိုင်ငံလူဦးရေ ၅၄ သန်းအနက် အသုံးပြုသူ ၁၈ သန်းရှိသည့် အကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်းတခုဖြစ်သည်။
အဆိုပါ “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်း”သည် မြန်မာနိုင်ငံတွင် သုံးစွဲသူ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ကာကွယ်ရန် လုံလောက်သော ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ မရှိသောကြောင့် ကိစ္စတခုခြင်းအလိုက် အတည်ပြုချက်မယူဘဲ ဆက်သွယ်ရေးအော်ပရေတာနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူ တဦးချင်း၏ စနစ်များကို တိုက်ရိုက်ဝင်ရောက်နိုင်သည့်အတွက် စိုးရိမ်ပူပန်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ တယ်လီနော ဝက်ဆိုက်မှ ရှင်းလင်းကြေညာချက်တွင် ဖေါ်ပြထားသည်။
တယ်လီနောအပြင် ထိုသို့လုပ်ဆောင်ခံရသည့် ကုမ္ပဏီများတွင် အခြားဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုလည်း ပါဝင်သည်။ ၎င်းတို့မှာ အစိုးရကျောထောက်နောက်ခံပြု ဆက်သွယ်ရေး လုပ်ငန်းကြီး MPT ၊ မြန်မာစစ်တပ်နှင့် ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနက ပ်ိုင်သည့် Viettel တို့၏ ဖက်စပ်လုပ်ငန်း Mytel ၊ ကာတာနိုင်ငံမှ အော်ရီဒူး တို့ပါဝင်သည်။ MPT နှင့် Mytel တို့သည် ယခုအခါ စစ်ကောင်စီ၏ အပြည့်အဝထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များက ဆိုသည်။ အင်တာနက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်း တဒါဇင်ခန့်လည်း ရှိသေးသည်။
ယခုသတင်းအတွက် Reuters ကမေးမြန်းသည်များကို တယ်လီနောက ၎င်းတို့၏ ဝန်ထမ်းများလုံခြုံရေးကို ကိုးကားပြီး မေးခွန်းများကို ဖြေကြားခြင်းမရှိပေ။
ဝေဖန်ပြောကြားပေးရန် MPT, Mytel နှင့် အော်ရီဒူးတို့ကို မေတ္တာရပ်ခံခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိပေ။ လုပ်ငန်းနှစ်ခုပေါင်းပြီး MPT တွင် ဒေါ်လာ ၂ သန်းရင်းနှီးမြှုပ်နှံကြောင်း ၂၀၁၄ ခုနှစ်ကကြေညာခဲ့သည့် ဂျပန်ကုန်သွယ်ရေးလုပ်ငန်း ဆုမိတိုမို ကော်ပိုရေးနှင့် ဝါယာလက် ဆက်သွယ်ရေးလုပ်ငန်း KDDI တို့ကလည်း ဝေဖန်ပြောဆိုရန် ငြင်းဆန်သည်။ Viettel ကလည်း တစုံတရာအကြောင်းပြန်ကြားခြင်းမရှိပေ။
အစိုးရအများအပြားတို့သည် ရာဇဝတ်သားများကို ဖမ်းဆီးနိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးဌာနများက ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်ခြင်းကို ခွင့်ပြုကြသည်။ သို့သော် ဒီမိုကရေစီနိုင်ငံအများစုနှင့် အချို့သော အာဏာရှင်အစိုးရများသည်ပင် ဥပဒေရေးရာလုပ်ငန်းစဉ်တခု မပြုလုပ်ဘဲ ထိုသို့သော နည်းပညာများကို အသုံးမပြုကြကြောင်း ဆိုက်ဘာလုံခြုံရေး ကျွမ်းကျင်သူများပြောသည်။ သို့သော် မြန်မာစစ်တပ်သည် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ကာကွယ်ရန် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အကာအကွယ်မရှိဘဲ ထိုသို့ကျူးကျော်သည့် ဆက်သွယ်ရေး စပိုင်ဝဲများကို တ်ိုက်ရိုက် ပြုလုပ်နေသည်ဟု လုပ်ငန်းအမှုဆောင်များနှင့် တက်ကြွလှုပ်ရှားသူများက ဆိုသည်။
အာဏာသိမ်းချိန်မတိုင်မီကပင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရအတွင်းတွင် လွန်စွာကြီးမားသည့် သြဇာကို ဆုပ်ကိုင်ထားသည်။ လွှတ်တော်ကိုယ်စားလှယ် နေရာအားလုံး၏ ရွေးကောက်ခံစရာ မလိုသော ၂၅ ရာခိုင်နှုန်းကို ရထားပြီး အဓိကျသည့် ဝန်ကြီးဌာနအများအပြားကိုလည်း ထိန်းချုပ်ခွင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးထားသည်။ ထို့အပြင် မြန်မာစစ်တပ်သည် ဆက်သွယ်ရေးနှင့် အခြားဝန်ကြီးဌာနများတွင်လည်း စစ်အရာရှိဟောင်းများကို ခန့်ထားခြင်းဖြင့် ကျယ်ကျယ်ပြန့်ပြန့် သြဇာလွှမ်းမိုးနိုင်သည်။ အာဏာသိမ်းပြီးနောက်တွင်မူ စစ်တပ်က အရာရာကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။
ခြေရာခံခြင်းနှင့် သတင်းအချက်အလက် ကြားဖြတ်ရယူခြင်း
စောင့်ကြည့်ထောက်လှမ်းရေးစနစ်နှင့်ပတ်သက်ပြီး သိရှိနားလည်သည့် လုပ်ငန်းများမှ သတင်းရင်းမြစ် ၃ ခု၏ အဆိုအရ ဆက်သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း အားလုံးသည် ကြားဖြတ်စပိုင်ဝဲများကို အပြည့်အဝတပ်ဆင်ခြင်း မရှိကြောင်း သိရသည်။ စပိုင်ဝဲများကို မည်မျှ ကျယ်ကျယ်ပြန့်ပြန် တပ်ဆင်ဖြန့်ကျက်ထားသည်နှင့်ပတ်သက်ပြီး Reuters သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
သို့သော် စစ်တပ်နှင့် ထောက်လှမ်းရေးဌာနများသည် ဆင်းကဒ်များကို ခြေရာခံမှုနှင့် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှု တစုံတရာလုပ်နေကြောင်း အထက်ပါ သတင်းရင်းမြစ်များအနက် နှစ်ခုကပြောသည်။ ဖုန်းခေါ်ဆိုမှုများကို အခြားနံပါတ်များသို့ လွှဲပြောင်းပေးခြင်းနှင့် တဖက်သို့ ဖုန်းဝင်သည့် အသံမကြားရဘဲ တိုက်ရိုက်ချိတ်ဆက်မိခြင်းများသည် ကြားဖြတ်နားထောင်သည့် လက္ခဏာများအနက် အချို့ဖြစ်ကြောင်း ရင်းမြစ်တခုကပြောသည်။
ဆန္ဒပြပွဲများတွင် ပါဝင်သူများကို စွဲဆိုသည့် အမှုများအကြောင်း သိရှိသည့် သတင်းရင်းမြစ်များ၏ အဆိုအရ ၎င်းတို့ကို ထောင်ချရာတွင် စပိုင်ဝဲများ သုံးထားသည့် အထောက်အထားများကို သက်သေအဖြစ် သုံးကြောင်း သိရသည်။ ထိုပြောဆိုချက်ကို အထောက်အကူပြုသည့် မည်သည့်စာရွက်စာတမ်းမျှ Reuters က မတွေ့ရသေးပေ။
ဖုန်းနံပါတ်များကို ခြေရာခံလိုက်နေကြောင်း စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော်လည်း ဆန္ဒပြသူများကို လိုလားသူများက သူတို့ကို သတိပေးကြောင်း အတိုက်အခံများ၏ စင်ပြိုင်အစိုးရကို ကူညီနေသည့် အဆင့်မြင့် နိုင်ငံဝန်ထမ်းတဦးကပြောသည်။
“ကျနော်တို့မှာ ဆင်းကဒ်ကို တချိန်လုံးပြောင်းသုံးနေရတယ်” ဟု ထိုအဆင့်မြင့် နိုင်ငံဝန်ထမ်းကပြောသည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ လုံခြုံရေးဆိုင်ရာ ဓါတ်ခွဲခန်းနှင့် အခြား နည်းပညာကျွမ်းကျင်သူ ၃ ဦး၏ အဆိုအရ အစိုးရ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုဆိုင်ရာ စာရွက်စာတမ်းများတွင် ဖေါ်ပြထားသည့် ကြားဖြတ်သတင်းရယူသည့် ပစ္စည်းများသည် မည်သူ့ထံဖုန်းခေါ်ထားသည်၊ မည်သည့်အချိန်တွင်ခေါ်သည်နှင့် မည်မျှကြာကြာ စကားပြောသည်ဆိုသည့် အချက်အလက် အများအပြားကိုသာမက ပစ်မှတ်ထားသည့် အကြောင်းအရာများကို ကြားဖြတ် ရယူနိုင်စွမ်းရှိကြောင်း သိရသည်။
လိုင်းကြိုးများကို ဖြတ်ပြီး ဖုန်းများကို ပိတ်
ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ပထမဆုံးလုပ်ဆောင်သည့် လုပ်ရပ်များတွင် လက်နက်ကိုင်စစ်သားများကို တနိုင်ငံလုံးရှိ ဒေတာစင်တာများသို့ စေလွှတ်လိုက်ပြီး အင်တာနက်ကေဘယ်ကြိုးများကို ဖြတ်တောက်လိုက်ခြင်း ပါဝင်ကြောင်း လုပ်ငန်း ၃ ခုမှ ဝန်ထမ်းများက ပြောကြားခဲ့ပြီး ဖြတ်တောက်ထားခံရသော ကေဘယ်ကြိုးများ၏ ဓါတ်ပုံများကိုလည်း ပြသခဲ့သည်။
ဝန်ထမ်းက ငြင်းဆန်သည့် ဒေတာစင်တာတခုတွင် စစ်သားများက ဝန်ထမ်းများကို သေနတ်များဖြင့်ထောက်ကာ မော်နီတာများကို ရိုက်ခွဲပြီး ခြိမ်းခြောက်ကြောင်း ထိုကိစ္စကို သိရှိသည့် သတင်းရင်းမြစ်တခုကပြောသည်။
အင်တာနက်ကို နာရီပိုင်းအတွင်း ပြန်လည်ထိန်းသိမ်းပေးသော်လည်း စစ်တပ်သည် ညစဉ်အင်တာနက်ဖြတ်တောက်မှုများ စတင်လုပ်ကိုင်သည်။ ရက်ပိုင်းအတွင်းတွင် တက်ကြွလှုပ်ရှားသူများ၊ စစ်ကောင်စီဆန့်ကျင်သူများနှင့် လူ့အခွင့်အရေး ရှေ့နေများ၏ ဖုန်းနံပါတ်များကို စာရင်းနှင့်တကွ ဆက်သွယ်ရေးလုပ်ငန်းများသို့ပေးပြီး ပိတ်ဆို့စေကြောင်း ထိုကိစ္စကို သိရှိသည့် ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ် ၃ ခုကပြောသည်။ ထိုအမိန့်များအကြောင်းကို ယခင်က သတင်းဖေါ်ပြခြင်း မရှိကြပေ။
သုံးစွဲသူများစာရင်းကိုလည်း ဆက်သွယ်ရေးအော်ပရေတာများက အာဏာပိုင်များကို ဥပဒေအရပေးအပ်ရကြောင်းလည်း ထိုသတင်းရင်းမြစ်များက ဆိုသည်။
အချို့ဝက်ဆိုက်များကို ပိတ်ရန်လည်း စစ်တပ်က အမိန့်ပေးည်ဟုဆိုသည်။ နိုင်ငံလူဦးရေ၏ ထက်ဝက်က အသုံးပြုပြီး ဆန္ဒပြပွဲစီစဉ်သူများအတွက် လျှင်မြန်စွာ အရေးပါလာသည့် Facebook သည် ပထမဆုံး ပိတ်ဆို့ခံရသည့် စာရင်းတွင် ပါဝင်ပြီး ထိုစာမျက်နှာ၏နောက်တွင် သတင်းဆိုက်များနှင့် အခြားလူမှုကွန်ရက် မီဒီယာပလက်ဖေါင်းများ ပါဝင်သည်။
မတ်လတွင် ဆန့်ကျင်မှုများ ကြီးထွားလာသောအခါ စစ်တပ်သည် မိုဘိုင်းဖုန်းမှ အင်တာနက် အသုံးပြုခြင်းကို လုံးဝပိတ်ပင်လိုက်ပြီး မြန်မာနိုင်ငံနေရာအများစုတွင် အင်တာနက် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။
“လုပ်ငန်းတွေအနေနဲ့ အမိန့်ကိုနာခံရတယ်။ အားလုံးသိတဲ့အတိုင်းပဲ မနာခံရင်း သေနတ်တွေနဲ့ဝင်လာပြီး ဝါယာကြိုးတွေကို ဖြတ်တောက်မယ်။ အဲဒါက ကြားဖြတ်တာထက်တောင် ပိုထိရောက်တယ်” ဟု ဆက်သွယ်ရေးလုပ်ငန်း သတင်းရင်းမြစ်တခုက ဆိုသည်။
ထိုလုပ်ရပ်များကို ဆန့်ကျင်သည့် တယ်လီနောနှင့် အော်ရီဒူးသတင်းရင်းမြစ်များကို တိတ်တိတ်နေလျှင်နေ မနေလျှင် ၎င်းတို့ကုမ္ပဏီများ၏ လိုင်စင်ကို ရုတ်သိမ်းမည်ဖြစ်ကြောင်း ပြောထားသည်ဟု သတင်းရင်းမြစ် ၄ ခုက ဆိုသည်။
စစ်တပ်၏ ထိန်းချုပ်မှု တင်းကျပ်လာ
၁၉၆၃ ခုနှစ်မှ ၂၀၁၁ အထိ နိုင်ငံကို အုပ်ချုပ်သည့် ယခင် စစ်အုပ်စုများအောက်တွင် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများ၏ ကြိုးဖုန်းများကို ကြားဖြတ်နားထောင်ပြီး ထိုစဉ်က စမတ်ဖုန်းလည်း လွန်စွာရှားသည်။
မြန်မာနိုင်ငံ တံခါးဖွင့်လာသောအခါ နိုင်ငံသည် မွေးကင်းစသာဖြစ်သော်လည်း အောင်မြင်နေသည့် ဒစ်ဂျစ်တယ် စီးပွားရေးဖြင့် ဆက်သွယ်ရေးလောက၏ အောင်မြင်မှုဇာတ်လမ်းတပုဒ်ဖြစ်လာသည်။ မိုဘိုင်းဖုန်းအသုံးပြုမှုသည် ၂၀၁၁ ခုနှစ်က လူဦးရေ၏ ၆.၉ ရာခိုင်နှုန်းသာသုံးသော မြောက်ကိုရီးယားပြီးလျှင် ကမ္ဘာတွင် ဒုတိယအနည်းဆုံးဖြစ်နေရာမှ ၂၀၂၀ ခုနှစ်တွင် ၁၂၆ ရာခိုင်နှုန်းသို့ ခုန်တက်သွားသည်။
နိုင်ငံတဝန်း စောင့်ကြည့်ထောက်လှမ်းရန် အရပ်သားအစိုးရ၏ ပထမဆုံး လူသိသော လုပ်ဆောင်မှုမှာ ၂၀၁၈ ခုနှစ်ကဖြစ်ပြီး လူမှုကွန်ရက်မီဒီယာ စောင့်ကြည့်ရေးစနစ် ထူထောင်ကာ ပြည်ပအင်အားစုများ သြဇာလွှမ်းမိုးမှုကို တားဆီးရန် ရည်ရွယ်သည်ဟု အရပ်သားအစိုးရကပြောသည်။ ထိုနောက်တွင် ဆင်းကဒ်အများအပြားကို အသုံးပြုနေခြင်းသည် မလိုလားအပ်ကြောင်းနှင့် ဗဟိုအချက်အလက် ဒေတာဘေ့စ် လိုကြောင်းပြောပြီး လက်ဗွေရာနှင့် အခြား ဘိုင်အိုမက်ထရစ် ဆင်းကဒ်မှတ်ပုံတင်ရန် တွန်းအားပေးမှု လွန်ခဲ့သောနှစ်က ဖြစ်ပေါ်ခဲ့သည်။
ယခုအခါတွင်မူ အာဏာပိုင်များသည် ဆက်သွယ်ရေးလုပ်ငန်းများအပေါ် ထိန်းချုပ်ခွင့်အာဏာ ပိုမိုရရှိရန် ကြိုးစားနေကြသည်။
ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် ဆိုက်ဘာဥပဒေသစ်တခု အဆိုပြုသည်။ ထိုဥပဒေအရဆိုပါက အင်တာနက်နှင့်ဆက်သွယ်ရေးလုပ်ငန်းများသည် အသုံးပြုသူများ၏ ကျယ်ပြန့်သော အချက်အလက်မျိုးစုံကို ၃ နှစ်အထိ ထ်ိန်းသိမ်းထားရန် လိုအပ်မည်ဖြစ်ပြီး ညီညွတ်ရေး၊ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည်ဟု ယူဆသည့် မည်သည့် အကြောင်းအရာများကို မဆို ပိတ်ဆို့ရမည်ဖြစ်ပြီး မလိုက်နာသူများအတွက် ထောင်ဒဏ်အလားအလာများလည်း ပါသည်။
ဧပြီလ နှောင်းပိုင်းတွင် စစ်ကောင်စီသည် အချို့သော ဝက်ဆိုက်များနှင့် အပလီကေးရှင်းများကို ပြန်လည်ဖွင့်လှစ်ရန် ဆက်သွယ်ရေးလုပ်ငန်းများကို ပြန်လည်အမိန့်ပေးပြီး ပြည်တွင်းဘဏ်များ၏ အပလီကေးရှင်းများ ရှေ့ဆုံးမှပါကြောင်း ထိုဖြစ်ရပ်ကို သိသည့် လူ ၃ ဦးကပြောသည်။ မိုက်ခရိုဆော့ အော့ဖစ်၊ ဂူဂဲလ်၏ ဂျီမေးလ်၊ ဂူဂယ်ဒရိုက်နှင့် ယူကျုတို့ကိုလည်း ထိုစဉ်မှ စတင်ပြီး ပြန်ဖွင့်ပေးသည်။
ထိုသို့ပြန်ဖွင့်ပေးရသည့်အကြောင်းရင်းနှင့် ပတ်သက်ပြီး မေးမြန်းသည့်အခါ မိုက်ခရိုဆော့ဖ်အမှုဆောင်တဦးက ၎င်းတို့သည် မြန်မာအရာရှိများနှင့် မဆက်ဆံကြောင်းပြောသည်။ ဝေဖန်ပြောကြားပေးရန်မေတ္တာရပ်ခံခြင်းကို ဂူဂဲလ်က အကြောင်းမပြန်ပေ။
ထိုသို့သော လုပ်ရပ်များသည် တရုတ်တွင် Great Firewall ကို အသုံးပြုသကဲ့သို့ ၎င်းတို့လိုချင်သော ပုံစံအင်တာနက်မျိုးကို ထူထောင်ရန် စစ်ကောင်စီ၏ အားထုတ်မှု တစိတ်တပိုင်းဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူများပြောသည်။
“စစ်တပ်က အင်တာနက်ကို သူတို့အတွက် ဘေးကင်းဇုန်ဖြစ်အောင် လုပ်ချင်တာ။ ဒါပေမယ့် ကျနော်တို့ကတော့ ၅ နှစ်နောက်ပြန်ရောက်သွားတာပေါ့” ဟု ဆက်သွယ်ရေးလုပ်ငန်း အမှုဆောင်တဦးပြောသည်။
(Reuters သတင်းဌာနမှ How Myanmar’s military moved in on the telecoms sector to spy on citizens ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့ဒစ်ဂျစ်တယ် စီးပွားရေး ပြိုကွဲလုနီးဖြစ်နေ
အွန်လိုင်းအခြေပြု ကြော်ငြာလုပ်ငန်းများ ရပ်တည်ရေး ခက်ခဲလာ
တယ်လီနော မြန်မာ၏ အနာဂတ် ဘာလဲ ဘယ်လဲ
စစ်တပ်ဗဟိုပြု စီးပွားရေးအင်ပါယာသာ စစ်ဗိုလ်ချုပ်များ အလေးထားသည်