မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်မှုနှင့် သေဆုံးမှုများ မြင့်မားနေသည့်အချိန်တွင် စစ် ကောင်စီမှ စေတနာ့ ဝန်ထမ်းများနှင့် ဆရာဝန်များကို လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်နေသည်မှာ ကိုဗစ်ရောဂါ ကာကွယ်ကုသရေးတွင် အနှောင့်အယှက်ဖြစ်သည့် လုပ်ရပ်ဖြစ်ကြောင်း ဆရာဝန် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုသည်။
အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ရန်ကုန်မြို့မှ ဆရာဝန်တဦးက “သူတို့လည်း ဘာမှ မလုပ်ပေးနိုင်ဘဲနဲ့ ဘာလို့ လိုက်ဖမ်းဆီးနေလဲပေါ့။ မတရားတဲ့ လုပ်ရပ်တွေ လုပ်နေကြတယ်။ လူနာတွေက တော့ အရင်တုန်းကဆို ရောဂါပြင်းပြင်း မပြင်းပြင်း ဆေးရုံတက်လို့ ရတယ်။ အခုဆိုရင် အရမ်းဆိုးနေတဲ့သူတွေ တောင် အောက်ဆီဂျင်ရှူဖို့ မရှိဘူး ဖြစ်နေတယ်။ တော်တော်များများက လုံလောက်တဲ့ ကုသမှုမရလို့ သေနေ ကြတယ်။ အခုဆိုရင် နေမကောင်းတဲ့သူတွေက အိမ်တိုင်းလိုလိုမှာ ရှိနေတာ။ ဒါကို ဘာမှမလုပ်ပေးနိုင်ဘဲနဲ့ ဖမ်းဆီးနေတာတွေက အဓိပ္ပာယ်ကို မရှိဘူး” ဟုပြောသည်။
ဇူလိုင်လ ၁၉ ရက်က ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၆ ရပ်ကွက်တွင်ရှိသည့် Covid – 19 ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု အဖွဲ့မှ စေတနာ့ဝန်ထမ်း ဆရာဝန် ၅ ဦးကို စစ်ကောင်စီက ထောင်ချောက်ဆင်၍ ဖမ်းဆီးခဲ့ သည်။
ထို့ပြင် မန္တလေးမြို့ကျန်းမာရေးလောကတွင် ထင်ရှားသူတဦးဖြစ်သည့် အသက် ၃၀ အရွယ် ဒေါက်တာ ကျော် ကျော်သက်ကို ဇူလိုင်လ ၁၃ ရက်က မန္တလေးမြို့နေအိမ်တွင် ဝမ်းကွဲ အစ်ကိုဖြစ်သူနှင့်အတူ ရိုက်နှက် ဖမ်းဆီးခဲ့ ပြီး ဇူလိုင်လ ၁၆ ရင်တွင် မန္တလေးမြို့ရှိ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ သက်ဌေးအား စစ်ကောင်စီမှ ဖမ်းဆီးခဲ့ သည်။
ကိုဗစ်ရောဂါ ပြင်းထန်နေသည့် အချိန်တွင် လူနာများကို ကူညီကုသပေးလျက်ရှိသည့် ကျမ်းမာရေး စေတနာ့ ဝန်ထမ်းများအား ဖမ်းဆီးခြင်းကြောင့် လူနာများအတွက် အခက်အခဲများစွာ ကြုံတွေ့ရပြီး အသက်ဆုံးရှုံးမှုမြင့် တက်သည့် အကြောင်းရင်းတခုလည်း ဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုသည်။
“လူနာတွေကလည်းများ ဆရာဝန်တွေကလည်း ရှိမနေဘူး။ ဆေးရုံဆေးခန်းတွေကလည်း ပိတ်ထားကြတယ်။ အဲဒီအချိန်မှာ စေတနာ့ ဝန်ထမ်းလုပ်နေတဲ့ ဆရာဝန်တွေကို ဖမ်းတယ်ဆိုတာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုဗစ် ရောဂါဆိုတာ တနိုင်ငံလုံး ရင်ဆိုင်နေရတာ။ ဒီလိုရင်ဆိုင်နေရတဲ့ အခြေအနေမှာ ဆရာဝန်တွေရဲ့ အခန်းကဏ္ဍ က အရေးကြီးတဲ့ တနေရာအဖြစ် ပါတာပေါ့။ ဒါကို ဖမ်းဆီးတယ်ဆိုတော့ ဒီရောဂါကို ကာကွယ်ရာမှာ အနှောင့် အယှက် ပေးသလို ဖြစ်နေတယ်။ ကျနော်ကတော့ အဲဒီလို မြင်ပါတယ်” ဟု သံဖြူဇရပ်မြို့တွင် စေတနာ့ ဝန် ထမ်း အဖြစ် ဆောင်ရွက်နေသည့် ဆရာဝန်တဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ကိုဗစ်- ၁၉ တတိယလှိုင်းကြောင့် သေဆုံးသူဦးရေ မြင့်တက်နေသည့် အပေါ်ထိန်းချုပ်နိုင်ရေး ဆရာဝန်များ၊ ပရဟိတလူငယ်များအား ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်မှုများ ပြုလုပ် လျက်ရှိသည်။
သို့သော်လည်း တဖက်တွင် ပြည်သူများအား ကူညီ ကယ်ဆယ်ကုသပေးနေသည့် စေတနာ့ဝန်ထမ်းများ ကူညီ ပေးနေသူများ၊ ဆရာဝန်များအား ဖမ်းဆီးမှုများသည် ဆက်တိုက် ဆိုသလို လုပ်ဆောင်နေလျက်ရှိသည်။
ဇူလိုင်လ ၁၃ ရက်မှ ဇူလိုင်၂၁ ရက်ထိ ၉ ရက်အတွင်း ရန်ကုန်မြို့ရှိ ဆရာဝန် ၆ ဦးနှင့် မန္တလေးမြို့ရှိ ဆရာဝန် ၆ ဦး စုစုပေါင်း ၁၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
စစ်ကောင်စီက ဆရာဝန်များကို ဖမ်းဆီးခြင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်က မြင်းခြံမြို့စက်မှုဇုန်တွင် အောက်ဆီဂျင်ဖြည့်ပေးလျက်ရှိသည့် ဝပ်ရှော့ပိုင်ရှင်အပါအဝင် ပြည်သူ ၅ ဦးအား ဖမ်းဆီးခဲ့သေးသည်။
၎င်းတို့ကို ကိုဗစ်လုပ်ငန်းများတွင် စစ်ကောင်စီနှင့် မပူးပေါင်းခြင်းကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖမ်းဆီးခံ ရသူများ၏ နီးစပ်ရာများက ပြောသည်။
မြင်းခြံမြို့ဒေသခံတဦးက “ဒီဝပ်ရှော့က အခု အရေးပေါ်အခြေအနေမှာ အောက်ဆီဂျင်ဖြည့်ပေးနေတာ။ ပုံမှန်ဆို အဖြူရောင်လက်များ ပရဟိတအသင်းရယ်၊ ဧရာဝတီ သွေးအလှူရှင်အသင်းရယ်က ရေရှည်လုပ်ပေး နေတယ်။ သူတို့ကကျတော့ လိုအပ်ချက်အရ ဝင်ရောက်လုပ်ကိုင်ပေးကြတာပေါ့။ အဲဒါကို ဖမ်းသွားတာ” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးခံရသူများမှာ မြင်ခြံမြို့ စက်မှုဇုန် စံပယ်လမ်း အာကာစိုး ဝပ်ရှော့ပိုင်ရှင် ဦးစိုးအောင်၊ ၎င်း၏ ၂၆ နှစ်အရွယ် သားဖြစ်သူ အပါအဝင် အဆိုပါ ဝပ်ရှော့မှ ဝန်ထမ်း ၂ ဦးနှင့် အောက်ဆီဂျင်လာဖြည့်သူ ၁ ဦး တို့ကို စစ်ကောင်စီမှ အရပ်ဝတ်များဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးမှုများအပြင် ပြည်သူများ သွားရောက် တန်းစီသည့် အောက်ဆီဂျင် ဖြန့်ချိရေးနေရာများတွင်လည်း တားမြစ်ခြင်းများ ပြုလုပ်သည့်အပြင် ငွေကြေးတောင်းခံမှုများလည်း ရှိနေကြောင်း တန်းစီသူတချို့ထံက သိရ သည်။
လက်ရှိအချိန်တွင် ဆရာဝန်များအနေဖြင့် ကိုဗစ်ရောဂါအပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို လမ်း ညွှန်ပေးနိုင်ရန်အတွက် အွန်လိုင်း ဆေးခန်းများ ဖွင့်လှစ်ပေးခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ပြည်သူများအတွက် ကိုဗစ်နှင့် အခြားရောဂါများကို ဆွေးနွေးမှု၊ ကုသမှုများ ပြုလုပ်ပေးနိုင်ရန် ဆရာဝန်များဖြင့် တယ်လီဂရမ်မှ တဦးချင်း ဆွေးနွေးပေးခြင်း အစရှိသည့် အစီအစဉ်များကို ပြုလုပ်ပေးလျက်ရှိသည်။
You may also like these stories
ကိုဗစ်တတိယလှိုင်းသေဆုံးသူ ပထမ၊ ဒုတိယလှိုင်း ၂ ခုပေါင်းထက် ကျော်လွန်လာ
ကိုဗစ်လူနာ ကုသခွင့် အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲ တောင်းဆို
အောက်ဆီဂျင်အိုး ၁၀၀ ကို ကြားဖြတ်ယူခဲ့ကြောင်း ကရင်စီမံကောင်စီဝင် ဗိုလ်မှူးကြီး ဝန်ခံ