သတင်း

ကိုဗစ်လူနာ ကုသခွင့် အင်းစိန်ထောင်တွင်း ဆန္ဒပြပွဲ တောင်းဆို

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ အင်းစိန်ဗဟိုအကျဉ်ထောင်မှာ ယနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်း ဆန္ဒပြကြွေးကြော်မှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရေး အပါအဝင် အချက် ၃ ချက် တောင်းဆိုထား ကြောင်း သိရသည်။

ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ဖျားနာသူများအပေါ် လုံလောက်သည့် ဆေးကုသခွင့် ရရှိရေးနှင့် အသစ်ရောက်လာသည့် ထောင်ပိုင်၏ တင်းကြပ်သည့် စည်းကမ်းများအား ဖြေလျော့ပေးရေးတို့လည်း တောင်းဆိုခဲ့ကြောင်းလည်း အကျဉ်းထောင်အာဏာပိုင်များနှင့် နီးစပ်သူ တဦး ကပြောသည်။

ယခုကဲ့သို့ ထောင်အတွင်း ဆန္ဒပြတောင်းဆိုမှုနှင့် ပတ်သက်ပြီး တောင်းဆိုမှုများသည် ပကတိဖြစ်ရပ်များနှင့် ကိုက်ညီနေပါက ထပ်မံ အရေးယူခံရနိုင်ခြင်း မရှိသော်လည်း မြေပြင်ဖြစ်ရပ်နှင့် ကင်းကွ ပြီး တမင်ဆူပူစေလိုသည့် လုပ်ရပ်ဖြစ်ပါက အကျဉ်းထောင်ဥပဒေအရ ထပ်မံအရေးယူမှုများ ရှိလာ နိုင်ကြောင်း အကျဉ်းထောင်အရာရှိဟောင်းတဦးဖြစ်သူ ဦးခင်မောင်မြင့်က ပြောသည်။

ယနေ့တောင်းဆိုချက်များနှင့်ပတ်သက်ပြီး ဦးခင်မောင်မြင့်က “ဒီတောင်းဆိုချက်တွေက သဘာဝကျပါတယ်၊ ညှိနှိုင်းပြီးတော့ ဖြေလျော့ပေးသင့်တဲ့အချက်တွေလို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

ယနေ့မွန်းလွဲပိုင်း ရရှိထားသည့် အချက်များအရ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး အကျဉ်းဦးစီး ဌာန တာဝန်ရှိသူများနှင့် ထောင်အတွင်းချုပ်နှောင်ခံထားရသူများအကြား ညှိနှိုင်းလျှက်ရှိပြီး ဆန္ဒပြမှုလည်း လတ်တလော တည်ငြိမ်နေကြောင်း သိရသည်။

ဆန္ဒပြမှုမှာ နိုင်ငံရေးအကျဉ်းသားအများစုထားရှိသည့် အကျဉ်းထောင်တိုက်သစ်တွင် မနက် ၈ နာရီ ခန့်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သွေးသစ္စာ သီချင်းသံပြိုင်သီဆိုမှုများ၊ အာဏာရှင်ဆန့်ကျင်ကြောင်း ကြွေးကြော် မှုများနှင့် အရေးတော်ပုံအောင်ရမည်ဟူသည့် ကြွေးကြော်သံများအား ထောင်ပတ်ဝန်းကျင်တွင် နေထိုင်သူများ ကြားခဲ့ရသည်။

လက်ရှိ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကူးစက်မှုနှင့် သေဆုံးမှုများမြှင့်တက်နေချိန်တွင် အကျဉ်းထောင်များ၌ လက်ခံနိုင်သည့် လူဦးရေထက် များပြားစွာ ဖမ်းဆီးချုပ်နှောင်ထားသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် ဖျားနာနေသူများစွာ ရှိနေပြီး လုံလောက်သည့် ဆေးကုသခွင့်မရကြောင်း ထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသူများနှင့် နီးစပ်သူများက ပြောထားသည်။

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ထားသည့် အသက် ၇၉ နှစ်အရွဘ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ထောင်အတွင်း ကိုဗစ်-၁၉ ရောဂါကူး စက်ခံရပြီး ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသနေစဉ် ဇူလိုင် ၂၀ ရက် နေ့က ကွယ်လွန်ခဲ့ရပြီး ဦးဟံသာမြင့်မှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှုကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုနေယူနေရသည်။

ထောင်အတွင်း ရောဂါကူးစက်မှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုနေကြသော်လည်း အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားများအား ချန်လှပ်ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မီ ခိုးမှု၊ ပြည့် တန်ဆာမှု၊ မူးယစ်ဆေးနှင့် ရဲအက်ဥပဒေများဖြင့် ဖမ်းဆီးခံရကာ တရားရင်ဆိုင်နေရသူများကိုသာ အမှုပိတ်သိမ်းကာ လွှတ်ပေးခဲ့သည်။

ယနေ့မနက် ဆန္ဒပြဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တပ်လုံခြုံရေးကားများလည်း အကျဉ်းထောင်အတွင်း ဝင်ရောက်သွားသည်ကို ထောင်ပတ်ဝန်းကျင်တွင် နေထိုင်သူများက တွေ့ရှိရ သည့်အတွက် အကြမ်းဖက် ပစ်ခတ် နှိပ်စက်မှုများ ပြုလုပ်မည်ကို ပြည်သူများက စိုးရိမ်လျှက်ရှိကြသည်။

အာဏာသိမ်းစစ်တပ်လက်အောက် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီး အင်းစိန်အကျဉ်းထောင်အတွင်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး ယင်းအချိန်တွင် စစ်တပ်က အကြမ်းဖက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် လူ ၄၀ ခန့်သေဆုံးခဲ့ပြီး ၃ ဦးမှာ စစ်မေး ရိုက်သတ်ခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အလုပ်သမားရေးရာ ဒုဝန်ကြီး ဦးကျော်နီက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားသည်။

ဦးကျော်နီက “တိုက်ပွဲတွေထဲမှာ အန္တရာယ်အများဆုံးတိုက်ပွဲက ထောင်တွင်းတိုက်ပွဲပဲ၊ ရန်သူ့လက်ထဲကနေ တိုက်ရတာဖြစ်တဲ့အတွက် ရန်သူ့ရဲ့ ဖိနှိပ်မှုဟာ အပြင်းထန်ဆုံးအဆင့်ထိ ရောက်လာနိုင်တယ်”ဟု ပြောထားသည်။

၁၉၉၀ ခုနှစ်၊ စက်တင်ဘာလအတွင်းကလည်း ယခုကဲ့သို့ ထောင်တွင်းဆန္ဒပြမှုဖြစ်ပွားခဲ့ဖူးပြီး စစ်သားများဝင်ရောက်လာကာ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်ခြင်းကြောင့် သေဆုံးရသူများ ရှိခဲ့ပြီး ထောင်ပြောင်းခြင်း၊ လနှင့်ချီတိုက်ပိတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) တာဝန်ရှိသူတဦးက ပြောသည်။

“ဒီလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင် နိုင်ငံတကာကလည်း စောင့်ကြည့်ပြီး ချက်ချင်းတားမြစ်ဖို့လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

ယင်းသို့ ထောင်အတွင်း ဆန္ဒပြမှုအပေါ် အကြမ်းဖက်နှိပ်စက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအ နေများနှင့် ပတ်သက်ပြီး နိုင်ငံတကာ သံရုံးများအနေဖြင့် သံတမန်နည်းလမ်းအရ ဖိအားပေးတားဆီး ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRYH) က သံရုံးများထံ မေတ္တာ ရပ်ခံစာတစောင် ယနေ့ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

အင်းစိန်းထောင်အတွင်း ယနေ့ဆန္ဒပြတောင်းဆိုမှုဖြစ်စဉ် နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့မှ လူငယ်အချို့က ထောင်အတွင်းဆန္ဒပြတောင်းဆိုမှုအပေါ် ထောက်ခံကြောင်းပြသသည့်အနေဖြင့် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး မြို့နယ်အချို့တွင်လည်း သံဗုံးများတီးကာ ပြည်သူများက ထောက်ခံကြောင်းပြသခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၇၅ ဦးရှိခဲ့ပြီး သက်သာပျောက်ကင်းသူ ၁၂၅ ဦး၊ ကုသဆဲ ၂၀၈ ဦးနှင့် ဦးဉာဏ်ဝင်းအပါအဝင် သေဆုံးသူ ၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

You may also like these stories:

ဦးဉာဏ်ဝင်းကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်

အင်းစိန်ထောင်မှ ဖမ်းဆီးခံ NLD ခေါင်းဆောင်အချို့ ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရ

ကိုဗစ်တတိယလှိုင်းကို ဘာသာရေးအဖွဲ့များလည်း ကိုယ်ထူကိုယ်ထ ရင်ဆိုင်နေရ

စစ်ကောင်စီလက်ထက် ကိုဗစ်ဖြင့် သေဆုံးသူ ၃ ပတ်အတွင်း ၂ ထောင်ကျော်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading