စစ်အာဏာသိမ်းသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဦးဉာဏ်ဝင်းကို ဖမ်းဆီးပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားခြင်းမရှိလျှင် သူသည် ယနေ့ သက်ရှိထင်ရှား ရှိနေဦးမည်ဖြစ်သည်။ ပညာရပ်ဆိုင်ရာအရ ပြောရလျှင် အင်္ဂါနေ့နံနက်က ဦးဉာဏ်ဝင်းသေဆုံးရခြင်း အကြောင်းရင်းသည် ကိုဗစ်-၁၉ ကြောင့်ဖြစ်သော်လည်း လက်တွေ့တွင် သူသေဆုံးရခြင်း၏ လက်သည်တရားခံသည် ကိုရိုနာဗိုင်းရပ်မဟုတ်သလို ၇၉ နှစ်ဆိုသည့် အသက်အရွယ် အိုမင်းခြင်းကြောင့်လည်း မဟုတ်ပေ။ လူသတ်ကောင်အစစ်မှာ သူ့ကို ဖမ်းဆီးချုပ်နှောင်ထားသည့် စစ်အုပ်စုသာဖြစ်သည်။
ရှင်းရှင်းပြောရလျှင် သူ့ကို ဖမ်းဆီးထားသူများက သူ့ကို သတ်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ရွေးကောက်ခံအစိုးရ အဆင့်မြင့်ခေါင်းဆောင်များကိုသာမက အစိုးရကို ဝေဖန်သူများ၊ တက်ကြွလှုပ်ရှားများနှင့် လူမှုအခြေပြုအဖွဲ့အစည်းဝင်များမှ ထိပ်တန်းပုဂ္ဂိုလ်များကိုပါ ဖမ်းဆီးရန် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မကြေညာမီ နာရီအတန်ကြာက အမိန့်ထုတ်ခဲ့သည်။ ထိုအချိန်မှစတင်ပြီး စစ်ကောင်စီသည် စစ်အာဏာသိမ်း ဆန့်ကျင်သူ ၅၀၀၀ ကျော်ကို ဖမ်းဆီးကာ ဆိုးရွားလှသော ထောင်များအတွင်း ပိတ်လှောင်ပြီး အများအပြားကို ညှင်းပမ်းနှိပ်စက်နေသည်။
စစ်အာဏာသိမ်းမှုကို စီစဉ်သူသည် ထိုသူများကို ဖမ်းဆီးထားသူဖြစ်သည်။
ဥပဒေအကြံပေးနှင့် NLD ၏ အရေးပါသောခေါင်းဆောင်ဖြစ်သူ ဦးဉာဏ်ဝင်းသည် ထိုသို့ဖမ်းဆီးခံထားရ သူများတွင် ပါဝင်သည်။ အသက်အရွယ်ကြီးရင့်ပြီး ရောဂါအခံများရှိသော်လည်း အခြေခံအားဖြင့် ဆိုပါက သူသည် ဇူလိုင်လ အစောပိုင်းအထိ ကျန်းမာရေးကောင်းမွန်သည်။ ထိုစဉ်က သူ၏ရှေ့နေ ဒေါ်စန်းမာလာက သူ့ကို အင်းစိန်ထောင်တွင် သွားရောက်တွေ့ဆုံသည်။ သူ့ကို ဖမ်းဆီးထားသည့် တိုက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသောကြောင့် ဟုဆိုကာ ဇူလိုင်လ ၁၁ ရက်နေ့တွင် သူ့ကို ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ လွှဲပြောင်းပေးသည်။ နောက် ၉ ရက်ကြာသောအခါ သူ ကွယ်လွန်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမသိမ်းလျှင် ဦးဉာဏ်ဝင်း သေဆုံးမည်မဟုတ်ပေ။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာမသိမ်းလျှင် ဦးဉာဏ်ဝင်း သေဆုံးမည်မဟုတ်ပေ။ သေချာသည်မှာ စစ်ခေါင်းဆောင်၏ဆုံးဖြတ်ချက်များနှင့် လုပ်ရပ်များက ထို NLD အမာခံကို သေဆုံးစေခြင်းဖြစ်သည်။ ထိုစစ်ရာဇဝတ်ကောင်သည် အစုလိုက်အပြုံလိုက်သတ်သည့် လူသတ်သမားဖြစ်ကြောင်း လွန်ခဲ့သော ၅ လအတွင်းက အခိုင်အလုံသက်သေပြပြီးဖြစ်သည်။ ထိုကာလအတွင်း သူ၏ စစ်သားများနှင့် ရဲများသည် ကလေးငယ်များ အပါအဝင် စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ၉၀၀ ကျော်ကို အရက်စက်ဆုံး အကြမ်းကြုတ်ဆုံးနည်းလမ်းဖြင့် ပစ်သတ်ကြသည်။ သေဆုံးသူများ၏ ဒဏ်ရာများကို ကြည့်ပါက စစ်အုပ်စုသည် အရပ်သားများ ဦးခေါင်းများကို ရည်ရွယ်ချက်ရှိရှိ ပစ်သတ်ကြောင်းနှင့် အများအပြားမှာ ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးကြောင်း ပြသနေသည်။
ဦးဉာဏ်ဝင်းသေဆုံးမှုတွင်မူ မင်းအောင်လှိုင်နှင့် သူ၏ စစ်ကောင်စီသည် နောက်ထပ်လူသတ်နည်းတခုကို သုံးလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ရန်သူများကို အကာအကွယ်မဲ့သော ထောင်များအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ၎င်း၏ လူသတ်စွမ်းအား လက်သို့ အပ်လိုက်ခြင်းဖြစ်သည်။
ဦးဉာဏ်ဝင်းသည် ဖမ်းဆီးခံထားရစဉ် ကိုဗစ်-၁၉ ကြောင့် သေဆုံးသည်ဟု ပြည်သူလူထုက သိရသည့် ပထမဆုံး နိုင်ငံရေးအကျဉ်းသား ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ အခြားသော နိုင်ငံရေးအကျဉ်းသားများသည်လည်း ဦးဉာဏ်ဝင်းကဲ့သို့ပင် အသက်အရွယ်ကြီးရင့်ပြီး ကိုဗစ်-၁၉ ကူးစက်ခံနေရသည်ဟု သိရသောကြောင့် ဦးဉာဏ်ဝင်းသည် နောက်ဆုံး သေဆုံးသူဖြစ်မည်မဟုတ် ဟူသည့်အချက်ဖြစ်သည်။ ဦးဉာဏ်ဝင်းကို ဆေးရုံတင်ပြီးနောက် ရက်အနည်းငယ်အကြာတွင် NLD မှ နောက်ထပ်အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်သူ ဦးဟံသာမြင့်သည် အင်းစိန်ထောင်အတွင်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးရုံတက်ရသည့် သတင်းများ ထွက်ပေါ်လာသည်။ သူသည် အသက် ၇၃ နှစ် ရှိပြီဖြစ်သည်။ ဖြုတ်ချခံ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည်လည်း ရန်ုကုန်ရှိ စစ်ဘက်အကျဉ်းစခန်းတခုတွင် ကူးစက်ခံရပြီးနောက် ဆေးရုံတင်ထားရကြောင်း သိရသည်။ ဖမ်းဆီးခံ ထားရသော သူ၏ဇနီးကိုလည်း ကူးစက်သည်ဟု သတင်းများက ဆိုသည်။ ထိုဝန်ကြီးချုပ်သည် နှိုင်းယှဉ်ချက်အားဖြင့် အသက်ငယ်သေးပြီး ၅၀ ကျော်တွင်းတွင်သာရှိသော်လည်း သူသည် နှစ်အတန်ကြာက နှလုံးခွဲစိတ်မှုခံယူထားသူဖြစ်နေသည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၅၀၀၀ ကျော်တွင် ရာပေါင်းများစွာမှာ NLD မှ အဆင့်မြင့်အဖွဲ့ဝင်များ၊ ဖြုတ်ချခံအစိုးရ ဝန်ကြီးများနှင့် အရာရှိများနှင့် ပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ ဦးဉာဏ်ဝင်းကဲ့သို့ပင် NLD အဆင်မြင့်ခေါင်းဆောင်များသည် အသက် ၆၀ ကျော် ၇၀ အတွင်း ရှိသူများဖြစ်သည်။
NLD ဒုတိယ ဥက္ကဋ္ဌနှင့် ဖြုတ်ချခံ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် ထိုသို့အသက်အရွယ်ကြီးရင့်သူများတွင် အပါအဝင်ဖြစ်သည်။ သူသည် သွေးကင်ဆာရောဂါကြောင့် ပုံမှန်ကုသမှုခံရန်လိုအပ်သောကြောင့် ထောင်အတွင်း ကျန်းမာရေး မကောင်းဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ဦးဉာဏ်ဝင်း၏ မိသားစု ရင်ဆိုင်ရသည့် ကြောက်မက်ဖွယ် သတင်းမျိုး ရလာမည်ကို အခြားမိသားစုများ စိုးရိမ်ထိတ်လန့်စိတ်ဖြင့် နေကြရသည်။
၎င်းတို့သည် စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုအောက် ရှိနေသမျှ ကာလတလျှောက်လုံး ကြီးမားသည့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရမည်ဖြစ်သည်။ ယခုတပတ် ဦးဉာဏ်ဝင်း၏ မိသားစု ရင်ဆိုင်ရသည့် ကြောက်မက်ဖွယ် သတင်းမျိုး ရလာမည်ကို ၎င်းတို့မိသားစုများ စိုးရိမ်ထိတ်လန့်စိတ်ဖြင့် နေကြရမည်ဖြစ်သည်။ ဖမ်းဆီးချုပ်နှောင်ခံရသူများကို ထောက်ခံသူများက ၎င်းတို့ကို ချက်ခြင်း လွှတ်ပေးရန် လူမှုကွန်ရက်တွင်တောင်းဆိုကြသည်။ ထောင်အတွင်းတွင် ၎င်းတို့ ကိုဗစ်-၁၉ ကြောင့်သေအောင် မင်းအောင်လှိုင်က ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ဟု အများအပြားက စွပ်စွဲကြသည်။ ဖြုတ်ချခံ အရပ်သားအစိုးရခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် နိုင်ငံတကာ အသိုက်အဝန်းကလည်း စစ်ကောင်စီကို တစိုက်မတ်မတ် တောင်းဆိုထားသည်။
သို့သော် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုသို့လုပ်ရန် စိတ်ကူးမရှိပေ။ သူသည် ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်နေသည်။ သူ၏ ရည်ရွယ်ချက်မှာ အတိုက်အခံများကို ချေမှုန်းရေးဖြစ်သည်။ ထိုအတိုက်အခံများတွင် ဖြုတ်ချခံ NLD အစိုးရအဖွဲ့ဝင်များ၊ ဦးဉာဏ်ဝင်းကဲ့သို့ လူထုထောက်ခံမှုရသော ပါတီထိပ်တန်း ခေါင်းဆောင်များ၊ ၎င်းတို့ကိုထောက်ခံသည့် အမာခံများနှင့် အခြားသူများပါဝင်သည်။ ၎င်းတို့အားလုံး၏ တူညီသောအချက်မှာ ၎င်းတို့၏ နိုင်ငံရေးအမွေနှင့် မင်းအောင်လှိုင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်မှုဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တွင် နိုင်ငံရေးအရ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက် အတိအကျရှိသည်။ သူသည် များပြားလှစွာသော နိုင်ငံရေးသဘောထား ကွဲလွဲသူများ အားလုံး၊ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ တောင်းဆိုသူ အားလုံးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဖျက်ဆီးရန် ကြိုးစားသည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းချိန်တွင် ထိုသို့သော ရည်ရွယ်ချက်ရှိသည်။ တနည်းအားဖြင့် ဆိုရပါက ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး သူလုပ်နေသာ ကိစ္စမှာ နိုင်ငံရေးသဘောထား ကွဲလွဲသူများနှင့် NLD၊ တိုင်းရင်းသားပါတီများ၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ လွတ်လပ်သော သတင်းမီဒီယာများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် အခြားပြောမပြနိုင်လောက်အောင် များစွာသောသူများကဲ့သို့ ဒီမိုကရေစီလိုလားသူများကို နိုင်ငံရေးအရ လူမျိုးတုံးသတ်ဖြတ်ရန် စစ်ဆင်နေခြင်းသာဖြစ်သည်။ (စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ကလည်း NLD ကို ဖျက်ပစ်နိုင်သည်ဟု ပြောကြားထားသည်။)
စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ထိုသို့နောက်တကြိမ်၊ နောက်တကြိမ်ဖြင့် နိုင်ငံရေးသဘောထားကွဲလွဲသူများ မျိုးတုံးပျောက်ကွယ်သွားသည်အထိ အကြိမ်ကြိမ် ဆက်လက်သတ်ဖြတ်ရန်သာ။
ထိုရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် မြန်မာပြည်သူလူထု၏ အင်အားကို ချည့်နဲ့စေရန် ကြိုးစားသည်။ အမေရိကန်ဦးဆောင်သည့် နိုင်ငံတကာ အသိုက်အဝန်းသည် မင်းအောင်လှိုင်၏ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးကို အဆုံးသတ်ရန် သြဇာမရှိ ဖြစ်နေပြီး ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ဖေါ်ပြခြင်းနှင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို ရှုတ်ချခြင်းတို့သာ လုပ်နိုင်ကြသည်။
အောက်ခြေမြေပြင်တွင် မြန်မာပြည်သူများသည် ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ သေသည်အထိ ညှင်းပမ်းနှိပ်စက်ခြင်း မှသည် နိုင်ငံရေးသဘောထားကွဲလွဲသူ ဦးဉာဏ်ဝင်းကဲ့သို့ ဖမ်းဆီးချုပ်နှောင်ခံရစဉ် သေဆုံးသွားစေခြင်းစသည့် သတ်ဖြတ်နည်းအထိ သတ်ဖြတ်မှုနည်းမျိုးစုံကို ပိုမိုတွေ့လာရမည်ဖြစ်သည်။ နောက်တကြိမ် မည်သူ့အလှည့်ဖြစ်မည်နည်း။ ထိုနောက်တွင် မည်သူ့ အလှည့်ဖြစ်မည်နည်း။ ထိုနောက်၏ ထိုနောက်တွင် မည်သူ့အလှည့်ဖြစ်မည်နည်း။ စစ်ကောင်စီ၏ ရည်ရွယ်ချက်မှာ ထိုသို့နောက်တကြိမ်၊ နောက်တကြိမ်ဖြင့် နိုင်ငံရေးသဘောထားကွဲလွဲသူများ မျိုးတုံးပျောက်ကွယ်သွားသည်အထိ အကြိမ်ကြိမ် ဆက်လက်သတ်ဖြတ်ရန်သာ။
နိုင်ငံရေးအရ လူမျိုးတုံးသတ်ဖြတ်မှု စစ်စစ်ကို စစ်ကောင်စီက မြန်မာနိုင်ငံတွင် ကျူးလွန်နေသည်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာမှ မကောင်းဆိုးရွား၏ အထင်ရှားဆုံး ဥပမာ တခုဖြစ်သည်။ သို့သော် သူသည် အထိန်းအကွပ်မဲ့နေသည်။
(နိုင်ခေတ်သည် နိုင်ငံရေး ဆောင်းပါးရှင်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ Myanmar’s Coup Leader Shows His Genocidal Intent ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
နိုင်ငံရေးအကျဉ်းသား အပေါ် ကိုဗစ်ရောဂါ သုံး၍ ဖိနှိပ်နေဟု NUG ဝေဖန်
စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးသူ၏ မိသားစုအား အမှုပိတ်သိမ်းရန် ဖိအားပေးမှုများရှိနေ
အကြမ်းဖက်မှုဖြင့် တရားစွဲခံရသည့် ရခိုင်ရွာသား ၁၀၀ ကျော် အမှု ကြန့်ကြာနေ
မရေရာမှုများကြားက CDM မြန်မာသံတမန်တွေ