စစ်တပ် အာဏာသိမ်းပြီးနောက် တွင်ကျယ်လာသည့် စကားလုံး တလုံးက ဒလန် ဟူသော အသုံးအနှုန်း ဖြစ်သည်။
ယင်း ဒလန် ဆိုသည့် အသုံးအနှုန်း၏ နောက်မှ ဖြည့်စွက်လိုက်ပါလာသည်က မြည်သံစွဲ အလင်္ကာ မြောက်သည့် “ဇွပ် ဇွပ်” ဆိုသော စကားလုံးပင် ဖြစ်သည်။
ယခုအခါ “ဇွပ် ဇွပ်” သာမက “ဖောင်းဒိုင်း”ဆိုသည့် အဆင့်သို့ပင် ရောက်နေကြောင်းကို မေလ ၁၈ ရက် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ်အပျက်၊ တာမွေ ကျားကွက်သစ် အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးလွင် အဖြစ် အပျက်တို့က စကာ သက်သေပြခဲ့ပြီ ဖြစ်သည်။
“ဇွပ် ဇွပ်”တို့ “ဖောင်းဒိုင်း”တို့ ဆိုသည်က ဒလန်ဆိုလျှင် သုတ်သင်ရှင်းလင်းမည့် သဘောဖြစ်ပြီး၊ ယခုအခါ ယင်း မြည် သံစွဲ အလင်္ကာမြောက်သည့် စကားလုံးများကို လူမှုကွန်ရက် Facebook ပေါ်တွင် လူတော်တော်များများက ရယ်ရယ် မောမော ပေါ့ပေါ့ပါးပါး သုံးစွဲနေကြသော်လည်း တချို့အတွက်မူ အထိတ်တလန့် ဖြစ်ကြမည်မှာ ဧကန်ပင်။
ဒလန်ဟု သတ်မှတ်ခံရပါက အသတ်ခံရဖို့ များသည့်အတွက် သူငယ်တန်း ဖတ်စာတွင် “ဒ ဒလန် အသေမြန်” ဟုပင် ပြောင်းရမည့် ပုံဖြစ်နေသည်။
ဒလန်ဆိုသည့် အဓိပ္ပာယ်က လူတယောက် အကြောင်း၊ အဖွဲ့အစည်းတခု အကြောင်းကို စုံစမ်းကာ တဖက်အဖွဲ့သို့ သတင်းပေးသောသူကို ဆိုလိုကြောင်း ယေဘုယျအားဖြင့် အများ နားလည်ပြီး ဖြစ်ပေလိမ့်မည်။
မြန်မာ- အင်္ဂလိပ် အဘိဓာန်တွင် ဒလန်ဆိုသည့် စကားက ဟိန္ဒူဘာသာ ဒလာလ် မှ ဆင်းသက်လာသည် ဟု ဆို ထားပြီး အရောင်းအဝယ်နှင့် တခြားသော လုပ်ငန်းဆောင်တာ ကိစ္စများတွင် အောင်မြင်စေရန် ကြားဝင်ဆောင်ရွက် ပေးသည့် ပွဲစား (Broker) ဟု အဓိပ္ပာယ်ရကြောင်း ဖွင့်ဆိုသည်။
သို့သော် မြန်မာစကားတွင်မူ ဒလန်၊ ဒလျှို၊ အလံရှူး စသည်ဖြင့် အသုံးနှုန်းများမှာ သူ့လူကိုယ့်ဘက်သား လုပ်သောသူ၊ သတင်းပေးများ အဖြစ်သာ သတ်မှတ်၏။
အမှန်တကယ်တော့ ဟိန္ဒူ ဘာသာစကားတွင် ပုလိပ် သို့မဟုတ် အာဏာပိုင်တို့နှင့် ပူးပေါင်းဆောင်ရွက်သူ သတင်း ပေးသောသူကို Khabri ဟု ခေါ်ဆိုသည်။
မြန်မာနိုင်ငံတွင်လည်း ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြ၊ သံပုံးတီး၊ ကားဟွန်းတီး၊ CDM လုပ်သည်က အစ နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ကြရာ ထိုသူများကို စစ်တပ်နှင့် ရဲက ရက်ရက်စက်စက် နှိမ်နင်းရာတွင် အမှန်တကယ် သတင်းပေး ကူညီခဲ့သူများ ရှိခဲ့သည်။
ထိုသူတို့၏ တိုင်ကြားမှုကြောင့် စစ်အာဏာရှင်တို့၏ ဖမ်းဆီးခံရကာ ရက်စက်စွာ အသတ်ခံခဲ့ရသည့် ဖြစ်ရပ်များကလည်း ယနေ့တိုင် အများအပြားရှိခဲ့ရာ ထို့အတွက်လည်း တန်ပြန်အနေဖြင့် စစ်အာဏာရှင်တို့၏ သတင်းပေး ဒေါက်တိုင် ဒလန်များကို သတ်ဖြတ်မှု ကလဲ့စားချေ သတ်ဖြတ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဒလန်ဟု သတ်မှတ်ခံထားရသူ လူတော်တော်များများ အသတ်ခံခဲ့ရပြီး ဖြစ်သဖြင့် လူအများက ဒလန်အဖြစ် တံဆိပ်ကပ် သတ်မှတ်ခံရမှာကိုလည်း စိုးရိမ်နေကြသည်။
လက်နက်၊ ငွေကြေး၊ သြဇာအာဏာရှိသူနှင့် ပေါင်းကာ ရပ်ရွာလူထုအပေါ် ကောင်းကျိုးမပေး ဒုက္ခပေးသည့် ဖြစ် စဉ်များ ဒုက္ခပေးသူများမှာ ပဒေသရာဇ် ခေတ်မှ စ၍ ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေး ရပြီး ဖဆပလ အစိုးရ ခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် စသည့် ခေတ်အဆက်ဆက်တွင် ရှိခဲ့ကြသည်။
သို့သော် သတင်းပေးများ၊ ဒလန်များ ပိုမို ခေါင်းထောင်လာခဲ့သည့် ကာလက ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး နဝတ ခေတ် ထောက်လှမ်းရေးများ ကြီးစိုးချိန်က စတင်ခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။
အဆိုးဆုံးအချိန်များက နအဖ ခေတ်၌ သတင်းပေး လူမိုက်များကို စွမ်းအားရှင်များအဖြစ် အမည်တပ်ကာ အသုံးချ၍ သတင်းပေးရာတွင် သာမက ဆန္ဒပြမှုများတွင် ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ်ထိလက်ရောက် ဝင်ရောက် ထိုးကြိတ်၊ ရိုက် နှက် ဖမ်းဆီးခဲ့ကြခြင်းပင် ဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီ ဈေးနှုန်းများ မြင့်တက်မှုကြောင့် ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများကို စွမ်းအားရှင်ဟု အမည်တပ်ထားသည့် သတင်းပေး လူမိုက်များသုံးကာ ဖြိုခွင်းခဲ့သည်များမှာ ထင်ရှားသည့် လုပ်ရပ်များ ဖြစ်သည်။
ထိုစဉ်ကတည်းက စ၍ စစ်ခေါင်းဆောင်တစုက သတင်းပေး၊ ဒလန်ကို ပုံစံအမျိုးမျိုး အမည်မျိုးမျိုး ပြောင်းကာ မွေးမြူလာခဲ့ရာ ယခု စစ်ကောင်စီ လက်ထက်တွင် ပျူစောထီး ဟု အမည်ဖြစ် ပြန်လည်ထွက်ပေါ်လာကာ လက်နက် ကိုင်ခွင့် ရသည့် အဆင့်အထိ ခွင့်ပြုထားသည်။
ဒလန်ဟူသော အသုံးအနှုန်းမှာ ယနေ့ခေတ် တဖန်ပြန်လည်ခေတ်စားလာသည့် စကားလုံးဖြစ်ပြီး ကိုလိုနီခေတ်က ယင်း လူတန်းစားကို “အလိုတော်ရိ” ခေါ်ကြသည်။
တိုင်းပြည် လွတ်လပ်ရေး ကြိုးပမ်းရာတွင် “တို့ဗမာ အစည်းအရုံး” ကဲ့သို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်း များကို ပုလိပ်က စောင့်ကြည့်လေ့ရှိရာ “သခင်အားရ ကျွန်ပါးဝ” ဆိုသလို အငြိုးအတေးဖြင့် တို့ဗမာ သခင်တို့ လှုပ်ရှား မှုများကို ပုလိပ်ထံ သံတော်ဦးတင်သူများရှိရာ ၎င်းတို့အား အလိုတော်ရိ ဟု ထိုခေတ်က ခေါ်ကြသည်။
ထိုသူတို့၏ သတင်းပေးမှုကြောင့် ထောင်တန်း ကျသွားသည့် တို့ဗမာသခင်များစွာ ရှိသလို၊ ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ် အပြေးတွင် အသတ်ခံရသည့် အလိုတော်ရိများလည်း ရှိကြသည်။
ဂျပန်ခေတ်တွင်လည်း စကားပြန်များ၊ ဂျပန်နှင့် အလွမ်းသင့်သူများက “အလိုတော်ရိ လက်သစ်”များ အဖြစ် ဆက်လက် အသုံးတော်ခံခဲ့ကြရာ ထိုသူများထဲတွင် တမတ်သခင်ဟု အလွယ်တကူခေါ်ကြသည့် “တို့ဗမာသခင်”တချို့ပင် ပါဝင် ကြောင်း စာရေး ဆရာကြီး မောင်ထင်က “ငဘ” ဝတ္တုတွင် သခင်ဖြိုးတုတ်ဆိုသည့် ဇာတ်ကောင်ကို ဖန်တီးကာ ဖော် ကျူးခဲ့ဖူးသည်။
အလားတူ အင်္ဂလိပ်ကို လိုလားသည့် အလိုတော်ရိတို့လည်း ဘက်ပြောင်းကာ ဂျပန်အလိုတော်ရိ အဖြစ် အသုံးတော်ခံခဲ့ကြသဖြင့် စစ်ကိုင်းတောင်ရိုးရှိ အင်္ဂလိပ် အလိုတော်ရိဟောင်းများ၏ သတင်းပေးမှုကြောင့် စစ်ကိုင်းသား သခင်သိန်းတန် အပါ အဝင် မန္တလေး တော်လှန်ရေးသမား သခင်များ ဂျပန်လက်ချက်ဖြင့် အင်းဝတံတားပေါ်မှ စတေးခံခဲ့ကြသည့် ဖြစ်ရပ်မှာ ဖျောက်ဖျက်မရသည့် သမိုင်းတကွက် ဖြစ်သည်။
ဂျပန် တော်လှန်ရေး ကာလတွင် အလိုတော်ရိများလည်း ကင်ပေတိုင်နှင့်အတူ မြေလှန်ခံရသကဲ့သို့ တချို့လည်း အသက် ဘေးမှ လွတ်ရာလွတ်ကြောင်း ပုန်းအောင်းကာ တနယ်တကျေးတွင် ဇာတ်မြှုပ်ခဲ့ရသည့်အထိ ရှိခဲ့သည်။
ဤတွင် အလိုတော်ရိဆိုသည့် အသုံးအနှုန်းလည်း တခန်းရပ်ခဲ့လေသည်။

လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် အလိုတော်ရိများ အားမကောင်းဘဲ ငုတ်လျှိုးနေခဲ့သော်လည်း လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက် ပြည်တွင်းစစ်ကာလ၌မူ ကွန်မြူနစ်ရန်မှ ကာကွယ်ရန် အကြောင်းပြချက်ဖြင့် ပျူစောထီးဆို သည့် အမည်ယူကာ ကျေးလက်နှင့် နယ်မြို့များတွင် နာမည်တမျိုး ပုံစံတမျိုးနှင့် ပေါ်လာပြန်သည်။
ပျူစောထီးဆိုသည်က ပုဂံရာဇဝင်လာ မတရားမှုကို မနှစ်ခြိုက်၍ တိုက်ဖျက်လိုသည့် လူစွမ်းကောင်း မင်းတပါးဖြစ်ပြီး၊ တည်ထောင်ကာစ ပုဂံပြည်ကို နှောက်ယှက်သည့် ငှက်ကြီး၊ ဝက်ကြီး၊ ကျားကြီး၊ ရှူးပျံ တို့ကို လေးစွမ်းပြကာ နှိမ်နင်းခဲ့ သူဖြစ်သည်။
ဖဆပလကလည်း ပြည်သူများ ကာကွယ်စောင့်ရှောက်ရန် ခေါင်းစဉ်ဖြင့် ပျူစောထီး ဆိုကာ အမည်တပ်၍ ကာကွယ် ရေး အဖွဲ့များ ဖွဲ့စည်းခဲ့သည်။ သူတို့က သာမန်အဖွဲ့များ မဟုတ်ပေ၊ ဖဆပလအစိုးရ ကျောထောက်နောက်ခံ ပြုထား သည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။
သို့သော် ဖဆပလခေတ် ပျူစောထီးတို့ကမူ ပြည်သူကို ကာကွယ်သည်ထက် မိမိတို့နှင့် အတိုက်အခံ လုပ်သည့် နိုင်ငံ ရေးသမားများကို နှိပ်ကွပ်ရှင်းလင်းခြင်း၊ ကျေးလက်တွင် လူထုအား ဓားပြတိုက်ခြင်း၊ ပုဂ္ဂိုလ်ရေး အငြိုးအတေးများ ထားကာ သတ်ဖြတ်ခြင်း တောနယ်များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။
ထင်ရှားသော လူသတ်မှုများမှာ ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့ ၄ လောင်းပြိုင်လူသတ်မှု၊ ငါးဇွန် ၆ လောင်းပြိုင် လူသတ်မှု၊ ရွှေဘို လူသတ်မှုတို့ ဖြစ်ကြပြီး၊ ထင်ရှားသည့် ပျူစောထီးအဖွဲ့ကို လက်ညှိုးထိုးပြပါဆိုလျှင် မိထ္တီလာ ဆရာ ထီ၊ လယ်ဝေး သခင်ကြည်ရှိန်တို့မှာ ထင်ရှားသည်။
ဤကာလတွင် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လိုလားသူများ၊ လက်ဝဲဝါဒ လိုလားသူများမှာ အာဏာရ ဖဆပလ၏ လက်ကိုင်တုတ် ပျူစောထီး လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
အလားတူ ကွန်မြူနစ် အပါအဝင် ရောင်စုံသူပုန်တို့ အားကောင်းကြီးစိုးသည့် နယ်များတွင်လည်း အပြန်အလှန်အားဖြင့် သတင်းပေး ဒလန်ဟု ယူဆရသည့် သူကြီးများ၊ စစ်တပ် အဝင်အထွက်ရှိသည့် ကျေးရွာများမှ တောသူတောင်သားများ မှာ သူပုန်လက်ချက်ဖြင့် သတ်ဖြတ်ခံရသည်။
ကွန်မြူနစ်တို့က ကျေးရွာသူကြီးများ၊ မြေရှင်များ၊ အာဏာပိုင် စစ်တပ်နှင့် နီးစပ်သူများကို ဒေါက်တိုင်များဟု သတ်မှတ် ခေါ်ဆိုကာ ပဲခူးရိုးမ တဝိုက်တွင် “လူဆိုလျှင် ကျင်း၊ နွားဆိုလျှင် ဟင်း၊ လှည်းဆိုလျှင် ထင်း”ဆိုသည့် ကြွေးကြော်သံ ဖြင့် ရှင်းလင်းခဲ့ကြောင်း သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ စာအုပ်တွင် ဖော်ပြထားသည်။
အလားတူ သခင်စိုး၏ အလံနီ ကွန်မြူနစ်ပါတီ ကြီးစိုးရာ ပုံတောင်ပုံညှာဒေသ တဝိုက်တွင်လည်း ရွာလုံးကျွတ် သတ်ဖြတ်မှုများ ရှိခဲ့ရာ ဆင်စွယ်ရွာ လူသတ်မှုကို ဥပမာ ပြုနိုင်သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်တွင် လက်နက်ချများကို သတင်းပေးအဖြစ် ပြန်လည် အသုံးချခဲ့ သလို၊ ပါတီကေဒါများ ကောင်စီဝင်များဖြင့် ကျေးလက်၊ ရပ်ကွက်အဆင့်မှ စကာ မြို့နယ်၊ တိုင်းအဆင့်အထိ နိုင်ငံရေး အယူအဆ မတူသည့် ဆန့်ကျင်ဘက်များကို စောင့်ကြပ် ကြည့်ရှုစေခဲ့သည်။
ကျေးလက်တောနယ်ပ်ိုင်းတွင် ပြည်သူ့စစ် အသွင်သဏ္ဍာန်ဖွဲ့စည်း ဆောင်ရွက်ခဲ့ရာ မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမ စစ်ဆင် ရေးများတွင် “ပြည်သူစစ်၊ ဒို့စစ်” ဆိုကာ ကြွေးကြော်ပြီး အရပ်သား ပြည်သူကို အသုံးချခဲ့ကြပြန်သည်။
သို့သော် ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများ တနိုင်ငံလုံး အတိုင်းအတာဖြင့် များလာသောအခါ အာဏာသိမ်း စစ်တပ်အနေဖြင့် သတင်းများ ပိုမိုရရှိရန် အမာခံ ဒလန်၊ ဒလျှိုများ မွေးမြူရေး စတင် ပြုလုပ်လာသည်ဟု ဆိုရမည်။
နဝတ စစ်ကောင်စီလက်ထက်တွင် စစ်ထောက်လှမ်းရေးနှင့် ရဲတပ်ဖွဲ့သည် ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်များရှိ ဒုစရိုက် လုပ်ငန်း လုပ်သူများကို သတင်းပေးအဖြစ် မွေးမြူကြပြီး ထိုသူများ၏ လုပ်ငန်းများကိုလည်း တဖက်မှ အရှိန်အဝါဖြင့် အကာအကွယ်ပေးသည့် နည်းကို ကျင့်သုံးလာသည်။
များသောအားဖြင့် တရားမဝင် လောင်းကစား လုပ်ကိုင်သူများ၊ တရားမဝင် သစ်မှောင်ခို လုပ်ကိုင်သူများ၊ တည်းခိုခန်း များကို ဗန်းပြကာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေသူများကို သတင်းပေးများ အဖြစ် မွေးမြူလေ့ ရှိသည်။
ထူးခြားချက်က ထိုခေတ်က တဖက်နှင့် တဖက် နိုင်ငံရေး အမြင်မတူကြသော်လည်း အများစုက သတင်းပေး ဒလန် အလုပ်ကို ယခုခေတ်ကဲ့သို့ အင်တိုက်အားတိုက် မလုပ်ကြခြင်းပင် ဖြစ်သည်။
သို့သော် ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ရက် ထောက်လှမ်းရေး အကြီးအကဲနှင့် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ယူ ထားသည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ အနားပေးလိုက်ပြီး ထောက်လှမ်းရေး အဖွဲ့ကို ဖြိုခွင်းလိုက်ပြီး နောက်ပိုင်း
ဒလန် မွေးမြူမှု ပိုမို အားကောင်းလာစေသည်ဟု ဆိုရမည်။
ထောက်လှမ်းရေးခေတ်က သတင်းပေး ဒလန်ကို ဒုစရိုက်နှင့် တရားမဝင်လုပ်ငန်း လုပ်ကိုင်သူကိုသာ ပစ်မှတ်ထား မွေးမြူသော်လည်း ထောက်လှမ်းရေး ကွန်ရက်ပျက်ပြီးနောက် အသစ်ဖွဲ့စည်းသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဒုစရိုက်လုပ်ငန်း လုပ်ကိုင်သူ များသာမက နိုင်ငံရေးအရ အယူအဆ မတူသူများ၊ ဘာသာရေးဘက်တွင် အစွန်းရောက်သူများကိုပါ မွေးမြူလာသဖြင့် သတင်းပေးများ အုံနှင့်ကျင်းနှင့် အားကောင်းလာသည်ဟု ဆိုရမည်။
အသစ်ဖွဲ့စည်းသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့သည်လည်း ထောက်လှမ်းရေးကွန်ရက် မတည်ဆောက်နိုင်မီ
ဒလန်သတင်းပေး အပေါ်တွင်သာ လုံးဝ မှီခိုလိုက်ရသည့် အဆင့်သို့ ရောက်သွားသည်ဟု ယူဆရမည်။
ထို့အတွက်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီ စက်သုံးဆီဈေးများ မြင့်လာ၍ ကုန်ဈေးနှုန်းများ ကြီးလာသဖြင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈ ကျောင်းသား မျိုးဆက်များ ဆန္ဒပြမှုမှ စတင်ကာ သတင်းပေး ဒလန်တို့ကို အသုံးချမှု ထင်ရှားစွာ မြင်ရသည်။

ယင်းဒလန်တို့ကို စွမ်းအားရှင်အဖြစ် အမည်တပ်ကာ သတင်းပေးရုံ သာမက ဆန္ဒပြသူများကို လက်ရဲဇက်ရဲ ဝင်ရောက် ဖမ်းဆီးန်ိုင်သည့်အထိ အာဏာရှင်က ခွင့်ပြုထားခဲ့သည်။
နောက်ပိုင်းတွင် အဆိုပါ စွမ်းအားရှင် အမည်ရ လူမိုက်သတင်းပေးတို့သည် ဗြောင်ကျကျပင် ရပ်ရွာထဲ၌ လှုပ်ရှားသွား လာကာ နိုင်ငံရေး အမြင်မတူသူများကိုသာမက မိမိတို့နှင့် ပုဂ္ဂိုလ်ရေး မတည့်သည့် သူများကိုပါ ခြိမ်းခြောက် နှောင့် ယှက်၍ ဒုက္ခပေးနိုင်စွမ်း ရှိသူများ ဖြစ်လာသည်။
ယင်းစွမ်းအားရှင် လူမိုက်သတင်းပေး ဒလန်တို့သည် ဒီမိုကရေစီကို လိုလားပါသည်ဆိုသော ဦးသိန်းစိန်အစိုးရ လက် ထက်အထိပင် ဗြောင်ကျကျ လှုပ်ရှားခဲ့သည်ကို မြို့တော်ခန်းမရှေ့ဆန္ဒပြမှု၌ ရဲတပ်ဖွဲ့နှင့်အတူ လက်တွဲ၍ အမိန့်ရသူ များပမာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရိုက်နှက် ဖမ်းဆီးမှု လုပ်ခဲ့သည်ကို မည်သူမျှ မေ့နိုင်မည် မဟုတ်ပါ။
ထိုသို့ ဥပဒေ အပ ပြုလုပ်လာသည့် လုပ်ရပ်များကြောင့် အများက ဝေဖန်လာသည့်အခါ စွမ်းအားရှင်အမည်မှ အမျိုး ဘာသာ သာသနာ စောင့်ရှောက်သည့် မျိုးချစ်အဖွဲ့အဖြစ် လည်ကောင်း၊ တပ်မတော်ထောက်ခံသူများ အဖြစ်လည်း ကောင်း အသွင်သဏ္ဍာန် အမျိုးမျိုး နာမည်အမျိုးမျိုး ယူကာ လှုပ်ရှားလာသည်ကို တွေ့ရသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးနောက် ရွေးကောက်ပွဲ ရလဒ်ကို လက်မခံသည့် စစ်တပ်က တဖက်မှ နိုင်ငံရေး ဖိအားပေးနေချိန်တွင် သတင်းပေး ဒလန်လုပ်သူ အဖွဲ့များကလည်း တဖက် တပ်မတော် ထောက်ခံပွဲများကို ရည်ရွယ်ချက် ရှိရှိ ဖိအားပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ သတင်းပေးဒလန်တဖြစ်လဲ တပ်မတော် ထောက်ခံသူများသည် စစ်တပ်မှ အာဏာသိမ်းရန် ၄ ရက်ခန့်အလို ကတည်းက ရွှေတိဂုံဘုရား ခြေရင်းတွင် ရွေးကောက်ပွဲ ရလဒ် လက်မခံကြောင်း ဆန္ဒပြပွဲများ ပြုလုပ်ကာ လာရောက် သတင်းယူသည့် သတင်းသမားများနှင့် ရပ်ကွက်နေ ပြည်သူများကို ကိုယ်ထိလက်ရောက် တိုက်ခိုက် ရန်ပြုခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ပိုမို အတင့်ရဲ ခေါင်းထောင်ကာ အာဏာသိမ်းခြင်းကို ထောက်ခံသည့် လှုပ်ရှားမှုများ မြို့ပတ်ကာ လှည့်လည် ကြွေးကြော်ခဲ့သလို၊ စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြ ပြည်သူများကိုလည်း တုတ်၊ ဓား လက်နက်များဖြင့် ရန်ရှာ၍ ထိခိုက်ဒဏ်ရရစေရန်လည်း ပြုလုပ်ခဲ့ကြသေးသည်။

၁၉၀၆ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်းကြီး (YMBA) ပင်လျှင် စစ်တပ်လိုလားသည့် သတင်းပေး ဒလန်အဖွဲ့ကြီးအဖြစ် ယနေ့ခေတ်တွင် နာမည်ကြီးလျက် ရှိသည်။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်ဆန္ဒပြသူများ၊ ဆန္ဒပြရာတွင် ဦးဆောင်သူများ၊ သံပုံးတီးသူများကို ရပ်ကွက်ထဲ နေ အိမ်များအထိ လိုက်လံ ဖမ်းဆီးရာတွင် ရပ်ကွက်ရှိ သတင်းပေးဒလန်များ၊ အုပ်ချုပ်ရေးမှူးများကို အသုံးချသည်။
တချို့က တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် မိုဘိုင်းလ်ဖုန်းများကို အသုံးပြုကာ ဆန္ဒပြပွဲတွေမှာ တောက် လျှောက် လိုက်ပါ သတင်းပို့သည်။
ထိုကာလ ရပ်ကွက်နေ ဆန္ဒပြသူများသည် စစ်ကောင်စီ လုံခြုံရေးတပ်များကို မျက်စိလှည့်ရန် လမ်းနာမည်များ အိမ် နံပါတ်များကို ဖြုတ်ထားကြရာ ဖမ်းဆီးနှိပ်ကွပ်ရန် လာသည့် စစ်ကောင်စီတပ်များမှာ နယ်မြေကျွမ်းကျင်မှု မရှိသဖြင့်
ရပ်ကွက် ဒလန်နှင့် အုပ်ကြီးဟု နာမည်ပြောင်ခေါ်ကြသည့် အုပ်ချုပ်ရေးမှူးများကို အားထားရသည်။
ယင်း ဒလန်နှင့် အုပ်ကြီးတို့ လိုက်လံပြသသဖြင့် ဆန္ဒပြလူငယ်များ အများအပြား အဖမ်းခံရသည်၊ သေလုမတတ် ရိုက်နှက်ခံရသည်၊ ညှဉ်းပန်း နှိပ်စက်ခံရသည်၊ ထောင်သွင်း အကျဉ်းချ ခံခဲ့ရသည်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာပြည်) ၏ ထုတ်ပြန်ချက်များအရ ဆိုပါက လူပေါင်း ၉ ၃၀ ကျော် အသတ်ခံရပြီး၊ ၆၉၀၀ ကျော် အဖမ်းခံရကာ ၁၉၀၀ ကျော် ဖမ်းဝရမ်း ထုတ်ခံရကြောင်း သိရသည်။
အထက်ဖော်ပြပါ ကိန်းဂဏန်းများသည် သတင်းပေး ဒလန်များ၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ဆွဲယူရာတွင် တိုက်ရိုက် အချိုးကျ၏။
ထို့အတွက် အပြန်အလှန် လက်စားချေမှုများ ဖြစ်ပေါ်လာကာ ဒလန် ရှင်းလင်းရေးဆိုသည့် ဖြစ်စဉ်များ ယခုတကြိမ် စစ်အာဏာသိမ်းမှုအပြီး အုံနှင့် ကျင်းနှင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဒလန်သတင်းပေးဟု နာမည်ထွက်နေသူများတွင် အမျိုးသမီးများလည်း ပါဝင်နေပြီး ဇူလိုင် ၁၄ ရက် မန္တလေးတိုင်း မြစ်ငယ်မြို့တွင် သတင်းပေး ဒလန်ဟု နာမည်ကြီးနေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အမျိုးသမီးတဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
တချို့မှာ ဒလန်ဟု အမည်တပ် သတ်ဖြတ်ခံရသော်လည်း ကိုယ်ရေးကိုယ်တာ ရန်ငြိုးရန်စကြောင့် ဖြစ်နိုင်သလို၊ စစ်မှုထမ်းဟောင်းတချို့လည်း ဒလန်ဟု စွပ်စွဲခံရကာ သတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။
ဇူလိုင် ၁၃ ရက်က မန္တလေးတိုင်း မိုးကုတ်မြို့မှ စစ်တပ်အရာရှိဟောင်း ဦးနိုင်မိုး အသတ်ခံခဲ့ရသလို၊ စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် အမတ်ဟောင်း ဦးဝင်းနိုင်လည်း အသတ်ခံခဲ့ရသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် ၇၀ နီးပါး အသတ်ခံခဲ့ရပြီး၊ အများအပြားမှာ ကြံ့ခိုင်ရေး ရုံးများတွင် ခိုလှုံနေရကြောင်း ပါတီခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ နန္ဒာလှမြင့်က သတင်း မီဒီယာများကို ပြောသည်။
ယခုအခါ စစ်တပ်ကလည်း သတင်းပေး ဒလန်များကို လက်နက်ကိုင်ဆောင်စေပြီး ပျူစောထီးဟု အမည်ပေးကာ အသက်ပြန်သွင်း၍ ပြည်သူအချင်းချင်း လက်နက်ကိုင်ကာ သတ်ဖြတ်စေသည့် နည်းကို ကျင့်သုံးလာနေပြန်သည်။
ထို့အတွက် တချို့သော စစ်ကိုင်းတိုင်းအတွင်းရှိ နယ်များတွင် ပျူစောထီးများကို တိုက်ပွဲများတွင် ထည့်သွင်း အသုံးပြု ခြင်းရှိခဲ့သလို မြို့ပေါ် နေရာတချို့တွင်လည်း ပေါ်ပေါ်ထင်ထင် လက်နက်ကိုင်ဆောင်ထားသည့် အရပ်သားလက်နက် ကိုင် အများအပြားကို အာဏာပေးအပ်ထားသည်ကို တွေ့ရသည်။
ဇူလိုင်လ ၄ ရက်က မန္တလေးတိုင်း မြင်းခြံမြို့မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ကျောင်းဆရာ ဦးမိုးဟိန်းနှင့် ဇနီးကို စစ်တပ် ထောက်ခံသည့် ပျူစောထီးများက သတ်ဖြတ်ပစ်ခဲ့သည်။
ဖဆပလ ခေတ် နာမည်ပျက်ခဲ့သည့် ပျူစောထီးသည် ယခုအခါ စစ်တပ် လက်ကိုင်တုတ် ဖြစ်လာပြန်၏။
PDF ခေါ် ပြည်သူ့ ကာကွယ်ရေးတပ်များ၏ အဆိုအရ ပျူစောထီးတို့သည် အရပ်သား ခုခံရေး အင်အားစုများကို သိက္ခာချရန် ရာဇဝတ်မှုများ၊ ကျောင်းများနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများ အနီးတွင် ဗုံးခွဲမှုများ၊ မီးရှို့မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ကာ ပုံမှားရိုက်နေကြောင်း ဆိုသည်။
ဆယ်စုနှစ် သုံးခုခန့် တော်လှန်ရေးနယ်ပင်တွင် ကျင်လည်ခဲ့သည့် နိုင်ငံရေးသမားကြီး တဦးကတော့ စစ်အာဏာရှင် စနစ် လွှမ်းမိုးရေး၏ ဒေါက်တိုင်များအဖြစ် ခေတ်အဆက်ဆက် မွေးမြူထားပြီး နှစ်ပေါင်းများစွာ အသုံးတော်ခံနေသည့် ဒလန်၊ ဒလျှိုများမှာ လုံခြုံရေး တပ်ဖွဲ့များထက်ပင် ဒုက္ခ ပိုပေးသည့်အတွက် ပညာပေး မတုံ့ပြန်နိုင်ပါက စစ်အာဏာ ရှင်ကို တော်လှန်နေသူများ တဖြည်းဖြည်း အမှည့်ချွေခံရမှာ ဖြစ်သောကြောင့် ပြတ်ပြတ်သားသား ချေမှုန်းရမည် ဟု ယူဆသည်။
ဤသို့ဖြင့် အာဏာရှင်များက ပြည်သူအချင်းချင်း သွေးခွဲပြီး မမှန်မက်လုံးပေးကာ ဒလန် အဖြစ် မွေးမြူထားသူများအား ပစ်မှတ်ထားပြီး သတ်ဖြတ်နေမှုများကား မဝေးသော အနာဂတ်ကာလတခုအတွင်း ရပ်တံ့သွားလိမ့်ဦးမည် မဟုတ်ပေ။
You may also like these stories:
ကိုဗစ်ကုသရေးနှင့် အုပ်ချုပ်ရေးမှူးများ လုံခြုံရေး အပြည့်အဝ မလုပ်နိုင်သေးကြောင်း နစက ဝန်ခံ
စစ်အာဏာသိမ်းပြီးနောက် ကြံ့ခိုင်ရေး ပါတီဝင် ၇၀ နီးပါး အသတ်ခံခဲ့ရဟု ဆို
တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် အမျိုးသမီးအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး
ကလေးမြို့နယ်တွင် ဒလန်ဟု စွပ်စွဲခံရသူ နှစ်ဦး ဓါးဒဏ်ရာများဖြင့် သေဆုံး
ဂန့်ဂေါတွင် ဒလန်ဟု စွပ်စွဲခံရသူ အုပ်ချုပ်ရေးမှူး ၂ ဦး အပါအဝင် လူ ၅ ဦး သေဆုံး